ရင်းနှီးလွန်းလို့၊ နီးကပ်လွန်းလို့ ဂရုစိုက်မှုတွေ နည်းသွားတယ်၊ အာရုံစိုက်မှု နည်းသွားတယ်။
ကြာတော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာတယ်။ လျှစ်လျှူရှူမှုတွေ များလာခဲ့တယ်။
ကြာတော့ ဒါတွေက ကျွန်တော်တို့ရဲ့ အားနည်းချက်၊ ကျွန်တော်တို့ရဲ့ အကျင့်စရိုက်တွေ ဖြစ်လာခဲ့တယ်။
ကျွန်တော်တို့ရဲ့ လျှစ်လျှူရှူမှုက ရင်းနှီးသူတွေကို ထိခိုက်နာကျင်စေခဲ့တယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကို နာကျင်စေခဲ့ပြန်တယ်။
ကျွန်တော်တို့  အနေနဲ့ အခုအချိန်မှာ
"မိဘတွေကို မကြည့်ဘဲ၊ မိဘတွေရဲ့ ဓာတ်ပုံကိုလည်း မကြည့်ဘဲ သူတို့ရဲ့ရုပ်ပုံကို ဆွဲခိုင်းကြည့်မယ်ဆိုရင် သင်ဆွဲနိုင်ပါသလား?"
သေသေချာချာ စဉ်းစားကြည့်ပါ !
အမေရဲ့မျက်ခွံက အရစ်ပါလား? မပါဘူးလား?
အဖေရဲ့နားခင်က ထူသလား? ပါးသလား?
အမေမျက်နှာပေါ်က အရစ်ကြောင်းတွေ နည်းသလား? များသလား?
အဖေနဖူးပေါ်က အရစ်ကြောင်း ဘယ်နှကြောင်းရှိသလဲ?
အမေရဲ့ မျက်နှာပေါ်မှာ မှဲ့ဘယ်နှလုံးရှိသလဲ?
အဖေရဲ့ မျက်ခုံးမွေးက ထူသလား? ပါးသလား?
မျက်စိမှိတ်ပြီး သေချာထပ်ပြန် စဉ်းစားကြည့်ပါး
ကျွန်တော်တို့ဆီ လှမ်းလာတဲ့ အဖေ၊ အမေတို့ရဲ့ ပုံစံအမှုအရာက ဘယ်လိုလဲ?
နောက်ပြန်လှည့်သွားတဲ့ အဖေ၊ အမေတို့ရဲ့ နောက်ကျောပုံစံက ဘယ်လိုပုံစံမျိုးလဲ?
ကျွန်တော်တို့ ငယ်ငယ်ကနေ အခုကြီးလာတဲ့အထိ အဖေ၊ အမေတို့ရဲ့
အမှုအရာနဲ့ ပုံရိပ်တွေ ဘယ်လောက် ပြောင်းလဲသွားခဲ့ပြီလဲ?
အိမ်အလုပ် ပင်ပင်ပန်းပန်း လုပ်နေတဲ့ အမေ့ပုံရိပ်ကို ကျွန်တော်တို့ ကြည့်နိုင်စွမ်းရှိခဲ့လား?
အပြင်ထွက် အလုပ်လုပ်မယ့် အဖေရဲ့ပုံစံကို ကျွန်တော်တို့ သတိထား ကြည့်ခဲ့မိလား?
ဒီအရာတွေကို အခုမှ စဉ်းစားမိကြတယ် မဟုတ်လား?
ပိုရင်းနှီးလေ၊ ပိုနီးကပ်လေ အမြင်တွေက ဝေဝါးလေပါပဲ!
ရင်းနှီးလွန်းတယ် ထင်ခဲ့ပေမယ့် ဂရုစိုက်မှုက သူစိမ်းဆန်ခဲ့ရတယ်။
"မိဘတွေကတော့ ကျွန်တော်တို့ ကြီးပြင်းခဲ့တာကို မှတ်ထားတယ်။
ကျွန်တော်တို့က မိဘတွေ အိုမင်းသွားတာကို မှတ်ဖို့ မေ့နေခဲ့တယ်"
လူကြီးတစ်ဦးက ပြောခဲ့ပါတယ်။ (၄၁)နှစ် သူအိမ်ထောင်ကျစဉ်က အဝေးမှာနေတဲ့ မိဘတွေကို
မဖိတ်ခေါ်နိုင်ခဲ့လို့ မိဘပုံတွေကို ဆွဲပြီး သတိတရနဲ့ နံရံမှာ ချိတ်ဆွဲဖို့ စဉ်းစားခဲ့တယ်။
ဒါပေမယ့် လအတော်ကြာတဲ့အထိ ပုံဆွဲခဲတံကိုပဲ ကိုင်ပြီး ဘာပုံမှ ဆွဲမထွက်ခဲ့ဘူး။ သူ့ရဲ့အတွေးထဲမှာ
မိဘတို့ရဲ့ပုံရိပ်က ကြည်လင်နေတယ်။ ဒါပေမယ့် သူတို့ရဲ့ မျက်လုံး၊ မျက်နှာအနေအထား၊ အကြည့်တွေကို
သေသေချာချာ မြင်ယောင်ကြည့်တော့ အမြင်မှာ မှုန်ဝါးဝါးဖြစ်နေခဲ့တယ်။ ဒါကြောင့် သူပုံမဆွဲနိုင်တာဖြစ်တယ်။
အသက် (၂ဝ) မတိုင်ခင်က မိဘတွေနဲ့ပဲ သူနေခဲ့တယ်။ အနှစ် (၂ဝ)လုံးလုံး ဒီလောက်ပူးပူးကပ်ကပ်၊
ဒီလောက် ရင်းရင်းနှီးနှီး နေခဲ့ပေမယ့် စိမ်းနေခဲ့တယ်၊ မှုန်ဝါးနေခဲ့ရတယ်။
မိဘတွေရဲ့ မျက်နှာကိုတောင် ပုံစံမဖော်နိုင်လောက်အောင် စိမ်းခဲ့တယ်။
မိဘတွေရဲ့ ရုပ်ပုံကိုတောင် ဆက်စပ်ပုံဖော်လို့ မရနိုင်အောင် မှုန်ဝါးခဲ့တယ်။
ဒီ့အတွက် သူနှစ်တော်တော်ကြာ ခံစားခဲ့ရတယ်။ သားသမီး သုံးယောက်ရမှ ကလေးတွေရဲ့
ကြီးပြင်းရာတစ်လျှောက်မှာ အဖော်လုပ်ရင်း ခံစားမှုတွေကို လျှော့ခဲ့ရတယ်။
ကျွန်တော်လည်း ဒီနှစ်အတောအတွင်းမှာမှ အဲဒီလူကြီးရဲ့ ခံစားချက်ကို နားလည်နိုင်ခဲ့တယ်။
မိဘတွေက ကျွန်တော်တို့ရဲ့ ကြီးပြင်းခဲ့တာကို မှတ်သားနေချိန်မှာ
ကျွန်တော်တို့က မိဘတွေ အိုမင်းသွားတာကို မှတ်သားဖို့ မေ့နေခဲ့ကြမယ်ဆိုရင်
မိဘတွေက ကျွန်တော်တို့ ကို လွမ်းဆွတ်နေချိန်မှာ
ကျွန်တော်တို့ က မိဘတွေရဲ့ ပုံရိပ်လေးတွေကိုမှ မှတ်မှတ်ထင်ထင် ရှိမနေခဲ့ကြရင် ... ...
0 comments:
Post a Comment
ဖြတ်သန်းမှုများထဲမှာ အတွေ့အကြုံသာမရရှိဘူးဆိုလျှင်
ကျွန်ုပ်တို့သည် ကလေးများသာဖြစ်မည်ထင်သည် ... :)