ကျွန်တော် ကျောင်းစာတွေကြောင့်ရော လေနေတာတွေရောပေါင်းပြီး ဘလော့လေးကိုတောင် ပစ်ထားမိတယ်
သင်္ကြန်တွင်းမှာ မပျော်နိုင်တဲ့ သူတွေဆိုတော့လည်း အဟဲ ...
သင်္ကြန်တွင်းမှာ မပျော်နိုင်တဲ့ သူတွေဆိုတော့လည်း အဟဲ ...
ဟိုဖတ်ဒီဖတ်နဲ့  ကျွန်တော်ကြိုက်တဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို သူငယ်ချင်းတို့ လည်းခံစားလို့ ရအောင်
မျှဝေပေးလိုက်ပါတယ် ... ဆောင်းပါးလေးနာမည်က "ဖူးတံဝင့်လို့  မချီနိုင်သော" တဲ့
`အမေရေ…၊ ဟောဒီမှာ … … …´
နောက်ဖေး လမ်းကြားတခုထဲ ချိုးအ၀င် သူ့ကို မြင်တာနဲ့ စူးကနဲ နေအောင် အော်လိုက်သော ကလေးတယောက် အသံက အိမ်တအိမ်ဆီမှ ပေါ်ထွက်လာ၏။ သိပ်မကြာလိုက်…၊ အိမ်ကြို အိမ်ကြားမှ ခွေးဝဲစားတချို့၏ အသံတွေက တ၀ူးဝူး တ၀ုတ်ဝုတ်ဖြင့် ပွတ်လောညံ သွားတော့သည်။ အိမ်အတော်များများမှ လူတချို့က သတိအနေအထားဖြင့် တမျိုး၊ မလိုလားဟန် တဖုံ၊ ရွံရှာဟန် တနည်းဆောင်သော အကြည့်တွေဖြင့် သူသွားလေရာကို လိုက်ကြည့်နေ၏။ တချို့ကတော့ လှမ်းလို့ပင် အော်ပြောလိုက်ပါသေးသည်…
နောက်ဖေး လမ်းကြားတခုထဲ ချိုးအ၀င် သူ့ကို မြင်တာနဲ့ စူးကနဲ နေအောင် အော်လိုက်သော ကလေးတယောက် အသံက အိမ်တအိမ်ဆီမှ ပေါ်ထွက်လာ၏။ သိပ်မကြာလိုက်…၊ အိမ်ကြို အိမ်ကြားမှ ခွေးဝဲစားတချို့၏ အသံတွေက တ၀ူးဝူး တ၀ုတ်ဝုတ်ဖြင့် ပွတ်လောညံ သွားတော့သည်။ အိမ်အတော်များများမှ လူတချို့က သတိအနေအထားဖြင့် တမျိုး၊ မလိုလားဟန် တဖုံ၊ ရွံရှာဟန် တနည်းဆောင်သော အကြည့်တွေဖြင့် သူသွားလေရာကို လိုက်ကြည့်နေ၏။ တချို့ကတော့ လှမ်းလို့ပင် အော်ပြောလိုက်ပါသေးသည်…
`ဟဲ့…၊ ပလတ်စတစ် ကောက်ရင်လဲ ပလတ်စတစ်ပဲကောက်နော်၊ အ၀တ်တွေ၊ ထဘီတွေတော့ ရုတ်မသွားနဲ့´
တချို့ကလည်း…
`သွားသွား…၊ ဒါ ပလတ်စတစ်ကောက်တဲ့ နေရာမဟုတ်ဘူး´
သူကတော့ ကြားပါများလို့ ရိုးနေပြီ ဖြစ်သော စကားလုံးတွေကို လျစ်လျူရှုလို့
မျက်လုံးတွေ ကျီးကန်းတောင်မှောက် အလုပ်ပေးရင်း လက်ထဲက သံစူးတပ်
တုတ်ချောင်းရှည်လေးဖြင့် တွေ့သမျှ ပလတ်စတစ်စုတ်တွေကို ဆတ်ခနဲ ဆတ်ခနဲ
ထိုးယူလို့ ပိုးလာသော ပီနန်အိတ်ထဲ ခပ်သွက်သွက် ထိုးသွင်းလိုက်သည်။
သိပ်တော့ မဆိုးလှ…။ ဒီနောက်ဖေးလမ်းထဲမှာ ပလစ်စတစ်စုတ် အတော်များများ
ရလိုက်သလို အင်ဂျင်ဝိုင် ဗူးခွံအစုတ်တလုံး နဲ့ ပုလင်းခွံ သုံးလေးလုံးပါ
ရလိုက်သည်။ နောက်ဖေးလမ်းကြားထဲက ပြန်ထွက်လာတော့ တယောက်ယောက်ရဲ့ အော်သံတခုက
နောက်မှာ ကပ်ပါ လိုက်ပါသေးသည်။
`နောက်တခါ ဒီလမ်းကြားထဲ ၀င်လာကြည့်၊ ခဲနဲ့ ထုပစ်မယ်´
***
သူ့နာမည်က ဖိုးတေ …။ ဟိုးငယ်ငယ်ကတော့ သူ့အမေက သူ့ကို မောင်လပြည့်လို့
ခေါ်တာ ရေးတေးတေး မှတ်မိသေးသည်။ နောက်တော့ ဘယ်လိုက ဘယ်လို ဒီနာမည်တွင်လာတယ်
မသိ။ အခုတော့ သူ့ပတ်ဝန်းကျင်က လူတွေက သူ့ကို `ဖိုးတေ´ လို့ပဲ
နှုတ်ကျိုးနေကြပြီ။
သူတို့တတွေ နေတော့ မီးရထားခုံးကျော် တံတားတခု အောက်မှာ…၊ တခါတလေလဲ
ကားလမ်းခုံးကျော် တံတားတခုခု အောက်မှာ…။ ၀တ်စုံ အပြာရင့်ရင်လူတွေ ဖြစ်ဖြစ်၊
ကာကီရောင်လူတွေ ဖြစ်ဖြစ် လာမမောင်းထုတ်သရွေ့တော့ တံတားတခုခု အောက်က
အုတ်ဘောင်တန်း အဖီတခုခုဟာ သူတို့ရဲ့အိမ်။ အဲဒီ နေရာမှာပဲ စား၊ အဲဒီ
နေရာမှာပဲ အိပ်။ သူ့အဖေကတော့ မီးရထားလမ်းပေါ်မှာ အအိပ်ကောင်းလို့ သေပြီတဲ့…။
သူ့အသက် ဆယ်နှစ်သား အရွယ်ရောက်တော့ သူ့အမေက အဟောင်းနဲ့ အသစ်လဲသော
အရုပ်အလဲသည် လူကြီးတယောက်နောက် လိုက်သွားသည်။ အဲဒီ အလဲသည် လူကြီးက
ကျူးကျော်ရပ်ကွက်တခုမှာ နေတော့ ခုံးကျော်တံတားတွေ အောက်မှာသာ နေရတာကို
စိတ်ပျက်နေပုံရသော အမေက အားကိုးရှာပုံ ပေါ်သည်။
ကျူးကျော်တဲအိမ် ခပ်စုတ်စုတ်က နတ်ဘုံ၊ နတ်နန်းလဲ မဟုတ်၊ သူ့ပထွေး
အလဲသည်ကြီးကလည်း သူ့ကို တင်ကျွေးမထားနိုင်တော့ သူသည်လည်း ပီနန်အိတ်ဆွဲလို့
ပလတ်စတစ် ထွက်ကောက်ရတော့သည်ပေါ့…။
***
ပလတ်စတစ် ကောက်သမား ဆိုတာက ဘာကြောင့်ရယ်တော့ မသိ…။ မြင်သူတိုင်းက
တွေ့လိုက်တာနဲ့ သူခိုးတယောက်ကို ကြည့်တဲ့ အကြည့်မျိုးဖြင့် ကြည့်တတ်တာက
များသည်။ ဘယ်လိုမှ ခိုးနိုင်လောက်တဲ့ နေရာမျိုးမှာ မဟုတ်တဲ့ လမ်းမကြီး
နံဘေးလို နေရာမျိုးမှာတောင် စူးချွန်တုတ်ကလေးဖြင့် ဟိုဟိုဒီဒီ ထိုးဆွရင်း
ပလတ်စတစ်ကောက်နေတဲ့ သူ့ကို ကွင်းရှောင် သွားသူကသွား၊ မသတီတဲ့ အကြည့်နဲ့
ကြည့်သူက ကြည့်နဲ့ သူတို့မှာ လူထက် တဆင့်နိမ့်သော လူဘ၀ကို
ရောက်နေရသလိုလို…။
တချို့ အကျင့်မကောင်းသူ တယောက်တလေကတော့ လက်ဆော့ခြေဆော့နဲ့ အ၀တ်တွေ
ရုတ်သွားတာမျိုး ရှိတတ်လေတော့ နဂိုကတည်းကမှ နုံချာလှတဲ့ သူတို့ကို ပိုလို့
နှိမ်ချင်စရာ ဖြစ်နေတာလားတော့ မသိပါ။ ပြောခွင့် ကြုံခဲ့ရင်တော့ လူတွေကို
ဖိုးတေ ပြောပြလိုက်ချင်သည်။ ဘ၀ပေး အခြေအနေကြောင့် ဒီအလုပ်လုပ်နေရပေမယ့်
သူတို့တွေ အားလုံးဟာတော့ သူခိုး ဂျပိုးများ မဟုတ်ရပါ … လို့။
***
ဒီနေ့တော့ ဖိုးတေ တယောက် ကံနည်းနည်း ကောင်းနေသည် ဆိုရမည်။
ခါတိုင်းဆိုရင် တနေကုန်အောင် ကောက်ပါမှ မပြည့်တတ်သော ပီနန်အိတ်ငယ်လေးက
ဒီနေ့တော့ စောစောစီးစီးပင် ပြည့်သွားသည်။ ဒါ့အပြင် ရေသန့်ဗူးခွံတွေလည်း
အတော်များများ ရလိုက်သေးသည်။
မောမောပန်းပန်းနဲ့ လျှောက်လာရင် ဗန်ဒါပင်ကြီး တပင်အောက် ရောက်တော့ ပီနန်အိတ်လေးကို ဘေးမှာ ချရင်း ခဏ ထိုင်နေခိုက်…
`ကလင်…ကလင်..ကလင်´
အသံရှည်တခုကို ကြားအပြီးမှာတော့ ဖိုးတေရှေ့က မြင်ရတဲ့ အဆောက်အဦထဲကနေ
ကလေးတွေ လမ်းပေါ်ကို ဖြာခနဲ ထွက်လာကြ၏။ အဖြူ အစိမ်း ၀တ်စုံလေးတွေနဲ့
သူတို့ကို ဖိုးတေ တယောက်ချင်းစီ လိုက်ငေးနေမိသည်။ တချို့ကလည်း မိဘတွေက
လာကြိုတဲ့လူကကြို၊ လမ်းလျှောက်ရင်း လာကြိုသူက ကြို…၊ ဘာပဲဖြစ်ဖြစ်
အားလုံးကို ကြည့်ရသည်မှာ ပြုံးလို့…၊ ပျော်လို့…။
အဲဒီ အဆောက်အဦးထဲမှာ တနေ့တနေ့ သူတို့တွေ ဘာလုပ်နေကြလဲ ဆိုတာ ဖိုးတေ
သိချင်လှသည်။ တခါတလေ အဲဒီလို အဆောက်အဦးရှေ့ကနေ ဖြတ်လျှောက်မိရင် သံပြိုင်
အော်ဆိုနေကြသော အသံတွေကို ကြားရရင် သူတို့တွေလို လိုက်ဆိုချင်မိသည်။ သူတို့
ဘာတွေ ဆိုနေပါလိမ့်။
`ဟဲ့ကောင်လေး…၊ နင့်အသက် ဘယ်နှစ်နှစ် ရှိပြီလဲ´
သူ့ရှေ့မှာ လာရပ်ပြီး သနားသလိုလို အကြည့်နဲ့ မေးလိုက်သော မိန်းမကြီးကို
ဖိုးတေ မျက်လုံးလေး အကြောင်သားဖြင့် ပြန်ကြည့်မိသည်။ မိန်းမကြီးဘေးမှာက
ဖိုးတေနဲ့ ရွယ်တူလောက်ရှိမည့် အဖြူအစိမ်းဝတ် ကောင်လေး တယောက်…။ မိန်းမကြီးက
ဖိုးတေကို မေးလိုက်ရင်း ဘေးမှာပါလာသည့် သူ့သားကို ပြောလိုက်သည်။
`သား ကျောင်းမတက်ချင်ရင် သူ့လို ပလတ်စတစ် ကောက်မလား´
ကောင်လေးက `ဟင့်အင်း၊ မကောက်ဘူး´ ဟု ခပ်သွက်သွက် ဖြေပြီး သူ့အမေအနားကို ပိုတိုးကပ်လိုက်သည်။ မိန်းမကြီးက…
ကောင်လေးက `ဟင့်အင်း၊ မကောက်ဘူး´ ဟု ခပ်သွက်သွက် ဖြေပြီး သူ့အမေအနားကို ပိုတိုးကပ်လိုက်သည်။ မိန်းမကြီးက…
`အေး…၊ ဒါဆိုရင် သား ကျောင်းတက်ရမယ်၊ စာ ကြိုးစားရမယ်နော်။ စာမတတ်ရင် သူတို့လိုပဲ လမ်းဘေးမှာ သား ပလတ်စတစ် ကောက်ရမှာ´
မိန်းမကြီးက ပြောလဲပြော၊ သူ့သားကိုလည်း ခေါင်းကို ဖွဖွ ပွတ်ပေးတော့
ကောင်လေးက ခေါင်းငြိမ့်ပြသည်။ ခဏကြာတော့ သူတို့ ပြန်လှည့်ထွက်သွားသည်။
ပြန်လှည့်မသွားခင် မိန်းမကြီးဆီက ငါးကျပ်တန် တရွက် သူ့ဆီ လွင့်ကျလာသည်။
ဖိုးတေ အားရ၀မ်းသာဖြင့် ကောက်ယူလိုက်၏။
***
ညနေ မိုးချုပ်လုပါပြီ။
အမှောင်ထုက လောကတခွင်ကို ၀ါးမျိုးလုဆဲတွင် မှိတ်တုတ်တုတ်
အလင်းရောင်တချို့ဖြင့် အိမ်တချို့ဆီက ကလေးတချို့ရဲ့ စာအံသံ
လမ်းပေါ်လွင့်နေသည်။
`ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ… နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်း´
လမ်းပေါ်က အမှောင်ထဲမှာတော့ ဖိုးတေတယောက် ပီနန်အိတ်ခွံလေး ထမ်းလို့
လျှောက်နေဆဲ…။ ဖိုးတေ ပလတ်စတစ် ကောက်နေတာ ပညာမတတ်လို့လား…၊ ဒါမှမဟုတ်… … …
…။
ဘာကြောင့်လဲ ဆိုတာကတော့ ဖိုးတေတယောက် မသိနိုင်ပေမယ့်
အဖြေပေါင်းများစွာကတော့ ရှိနေပါလိမ့်မည်။ ဖူးတံဝင့်လို့ မချီနိုင်တဲ့
ဖိုးတေလို ပန်းကလေးတွေကတော့…။
ကျောင်းမှာ ဖူးတံမ၀င့်နိင်ပေမယ့်.. တစ်ချိန် ဘ၀မှာ.. ဖိုးတေတစ်ယောက် ဖူးတံဝင့်လို့ ချီနိုင်မှာပါ..
ReplyDeleteဖတ်ပြီစိတ်မကောင်းဖြစ်မိတယ်ကွယ်..
ReplyDeleteလူ့ဘ၀ဆိုတာ ကံအတိုင်လာကြတာမို့
ကိုယ်တွေလည်းမတတ်နိုင်..
ဖိုးတေလိုကလေးမျိုးများစွာရှိနေအုံးမှာပါ..
ပိုစ့်လေးဖတ်ပြီအမြဲတမ်းကိုယ်ဘ၀ကိုမကျေနပ်နေတဲ့
အမအတွက်တော့ သင်ခန်းစာယူသွားပါတယ်။။။
ကျေးဇူးပါကွယ်..
ဖတ်ရတာ ရသလေးတွေ ခံစားရတယ်ဗျာ....
ReplyDeleteကျေးဇူးပါ....:)