Search This Blog

Showing posts with label ကျွန်တော်ဖတ်ဖို့  .... Show all posts
Showing posts with label ကျွန်တော်ဖတ်ဖို့  .... Show all posts

Thursday, 25 October 2012

ဝံပုလွေတွေရဲ့ ဒဿန

(၁) ဝံပုလွေတွေဟာ ဂုဏ်သိက္ခာကိုထိန်းသိမ်းတဲ့ အနေနဲ့ဆိုပြီး ကိုယ်ငယ်ရွယ်အားပျော့ချိန်မှာ ကိုယ့်ထက်အင်အားကြီးမားသူကို မတိုက်ခိုက်ဘူး။


(၂) တကယ်လို့ မဖြစ်မနေ ကိုယ့်ထက်အင်အားကြီးသူကို တိုက်ခိုက်ရတော့မယ်ဆိုရင် အုပ်စုအင်အားနဲ့ပဲ တိုက်ခိုက်တယ်။


(၃) ဝံပုလွေလည်း တောဘုရင်ဖြစ်ချင်တာပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုတော့ ဝံပုလွေဆိုတာကို သူတို့သိတယ်။


(၄) ဝံပုလွေတွေက ကုန်ကျမှုနည်းနည်းနဲ့ အကျိုးအမြတ်များများအတွက် ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတယ်။


(၅) ဝံပုလွေတွေဟာ တစ်ကိုယ်တည်းလှုပ်ရှားတတ်တယ်ဆိုပေမယ့် သူတို့ဟာ စည်းရုံးမှုအကောင်းဆုံး တိရစ္ဆာန်ဖြစ်တယ်။ ထိခိုက်ဒဏ်ရာရတဲ့ ကိုယ့်အဖော်ကို တစ်ကောင်တည်းထားပြီး သူတို့ထွက်မပြေးတတ်ဘူး။


(၆) ဝံပုလွေတွေလည်း ရိုးသားဖြူစင်တဲ့ တိရစ္ဆာန်ဖြစ်ချင်ကြတယ်။ ဒါပေမယ့် သူတို့ရဲ့အစာအိမ်က အသားငါးတွေကိုပဲ အစာခြေနိုင်ခဲ့တယ်။ ဒါကြောင့် သူတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဖမ်းမိတဲ့သားကောင်ကို ပြောင်ပြောင်စင်စင် စားလိုက်တာပါပဲ။ ရိုးသားဖြူစင်တယ်လို့ ကိုယ့်ကိုယ်ကိုထင်သူတချို့က မမြင်ကွယ်ရာမှာ မရိုးသား၊ မဖြူစင်တဲ့အလုပ်တွေ လုပ်နေတတ်ကြပါတယ်။ 


(၇) ဝံပုလွေတွေဟာ ကိုယ့်ပြိုင်ဖက်ကို အလေးထား၊ လေးစားတယ်။ ကိုယ့်ပြိုင်ဖက်နဲ့ မတိုက်ခိုက်ခင် ပြိုင်ဖက်အကြောင်းကို လေ့လာထားတတ်တယ်။ ပြိုင်ဖက်ကို ဘယ်တော့မှ ပေါ့ပေါ့မတွက်ဘူး။ ဒါကြောင့် ဝံပုလွေတွေဟာ တိုက်ခိုက်တိုင်း ရှုံးနိမ့်သလောက် မရှိခဲ့ပါဘူး။


(၈) ဝံပုလွေအဖိုဟာ ဝံပုလွေအမ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ဝံပုလွေမကို စောင့်ရှောက်တော့တယ်။ ရင်သွေးငယ်မွေးဖွားပြီး ရင်သွေးငယ်ကိုယ်တိုင် လမ်းလျှောက်နိုင်၊ အစာရှာနိုင်တဲ့အထိ စောင့်ရှောက်တယ်။ ဝံပုလွေတွေဟာ သာမန်အားဖြင့် တလင်တမယားကို ပိုအသားပေးတယ်။ ကိုယ့်အဖော်အသက်ရှင်နေသရွေ့ သက်ဆုံးတိုင်အတူနေတယ်။ ကိုယ့်အဖော်သေဆုံးသွားပြီဆိုမှ တခြားအကောင်နဲ့ နေတတ်တယ်။ ဝံပုလွေတွေဟာ သစ္စာရှိတယ်။ ဒါကြောင့် ရက်စက်တဲ့အသဲနှလုံးရှိသူတွေကို ဝံပုလွေနဲ့မနှိုင်းစေချင်ဘူး။


(၉) ဝံပုလွေမိဘတွေဟာ ကိုယ့်ကလေးတွေ ကိုယ်တိုင်အစာရှာနိုင်၊ ကိုယ့်ကိုယ်ကိုအားကိုးနိုင်ပြီဆို သူတို့အနားကခွာတယ်။ တကယ်လို့ ဝံပုလွေဟာ ဝံပုလွေလို မကျင့်ကြံရင် သိုးပဲဖြစ်မယ်ဆိုတာကို ဝံပုလွေတွေသိလို့ဖြစ်တယ်။


(၁ဝ) ဝံပုလွေတွေဟာ အစာလို့လို ကိုယ့်သိက္ခာကိုတောင်မငဲ့ဘဲ သခင်ကို အမြီးနှံ့ပြတတ်သူ မဟုတ်ဘူး။ ဝံပုလွေတွေဟာ မာနထောင်လွှား စိတ်ကြီးဝင်တာကို မကောင်းဘူးဆိုတာသိတယ်။ ဒါပေမဲ့ ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ်နေရတယ်ဆိုတာကိုတော့သိတယ်။

မူရင်း-- http://www.lz13.cn/weirenchushi/20100522360.html


                                                                                                                                နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Tuesday, 2 October 2012

သူ့ လို “လူ”


 

ပုံမှာ မြင်တွေ့နေရတာကတော့ Anand kumar အမည်ရ သင်္ချာဆရာ တစ်ဦး ဖြစ်ပါတယ်။

တွက်ချက်ခြင်းကို ငယ်ငယ်လေးကတည်းက အထုံဝါသနာပါပြီး အတန်းပညာ အဆင့်တိုင်းမှာ သင်္ချာ အမှတ်အများဆုံး ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း သင်္ချာဘာသာရပ် အထူးပြုပြီး တက်ရောက်ရာ ဘွဲ့ရအောင်မြင်ခဲ့ပါတယ်။ Anand ရဲ့ ရည်မှန်းချက်က ကမ္ဘာကျော် သင်္ချာ ပညာရှင် တစ်ဦး ဖြစ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကိန်းဘရိတ်ခ်ျ တက္ကသိုလ်ကို ဆက်လျှောက်ပါတယ်။ Number Theory (Mathematical Spectrum , Mathematical Gazette) အစရှိသဖြင် ကိုယ်တိုင်ဖန် တီးပြီး လျှောက်လွှာမှာ သူ့ အရည်အချင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းကြောင့် ကိန်းဘရိတ်ခ်ျတက္ကိသိုလ်မှာ တက္ကသိုလ်တက်ခွင့်ပေး လိုက်ပါတယ်။

ဝမ်းသာလို့မဆုံးတဲ့ Anand ဟာ ဖခင်နဲ့ တိုင်ပင်ပါတယ်။ Anand တို့ မိသားစုဟာ ဆင်းရဲပါတယ်။ တက္ကသိုလ် ဆက်တက်ဖို့ ငွေမရှိဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း ဆပွန်ဆာပေးမယ့် သူ တစ်ယောက်ယောက် များ တွေ့မယ်ဆိုတဲ့ မျော်လင့်ချက်နဲ့ လိုက်ရှာပါတယ်။ ကူညီမယ့်သူ မရှိပါဘူး။ နောက်ဆုံးတော့ တက္ကသိုလ်ဆက်တက်မယ့် အိပ်မက်ကို အဆုံးရှုံးခံလိုက်ရပါတယ်။ အဖေဖြစ်သူကလည်း ကွယ်လွန်သွားတဲ့အတွက် တက္ကသိုလ် ဆက်မတက်ဖြစ်ဖို့ ကြိမ်းသေသွားပါတယ်။


နောက်တော့ အမေနဲ့အတူ မုန့်ပြားသလပ် ရောင်းတဲ့ အလုပ်ပဲ လုပ်ကိုင် ပါတော့တယ်။ အပိုဝင်ငွေရရန်အတွက် လည်း ကလေးတွေကို သင်္ချာ သင်ပေးပါတယ်။ မုန့်ပြားသလပ် ရောင်းတဲ့ ရထားဘူတာဆီ ရောက်အောင် သွားရတဲ့ ခရီးက ၆ နာရီကြာပါတယ်။ သူ့မှာ သိပ်အချိန်မရပါဘူး။ လမ်းခရီးမှာ တက္ကသိုလ်စာကြည့်တိုက် တစ်ခုရှိပါတယ်။ တစ်ရက်ကို နာရီပိုင်းမျှအချိန်ပေးပြီး
နေ့စဉ် ပုံမှန် သင်္ချာနဲ့ ဆိုင်တဲ့စာအုပ်တွေ ရှာဖတ်ပါတယ်။ စနေ၊ တနင်္ဂနွေ ကျတော့ သူနေတဲ့ မြို့ ငယ်တွင်းက စာကြည့်တိုက်တော်တော်များများကို သွားပြီး ရှာဖတ်ပါတယ်။

နောက်တော့ စိတ်ကူးတစ်ခု ရလာပြီး ရပ်ကွက်ထဲက အခန်းကျဉ်းတစ်ခုကို တစ်လ အိန္ဒိယရူပီ ၅၀၀ နဲ့ ငှားရမ်းပြီး ကိုယ်ပိုင် သိပ္ပံကျောင်းတစ်ခု ဖွင့်ပါတယ်။ ကျောင်းကို Ramanujam School of Mathematic (RSM) လို့ အမည် ပေးထားပါတယ်။ တစ်နှစ်အတွင်းမှာ ပဲ ကျောင်းသား နှစ်ယောက် ကနေ ၃၆ အထိတိုးလာပါတယ်။ သုံးနှစ်ကြာတဲ့အချိန်မှာတော
့ ကျောင်းသား ဦးရေ ၅၀၀ အထိရှိလာပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်းရောက် တော့ ဆင်းရဲသားများအတွက် ကူညီဖို့ စိတ်ကူးရလာပါတယ်။

လခများများပေးမှ တက်နိုင်မယ့် သင်တန်းကျောင်း မတက်နိုင် တဲ့ ကျောင်းသားများကို ခေါ်ယူပြီး သင်ကြားပေးပါတယ်။ ၂၀၀၃ ခုနှစ်က စတင်လို့ Super 30 ပရိုဂရမ် စတင်ပေးပါတယ်။ Super 30 ဆိုတာ ကျောင်းရဲ့  သင်္ချာအတော်ဆုံး ကျောင်းသား ၃၀ ဖြစ်ပါတယ်။ ယင်း ၃၀ထဲမှာ သူတောင်းစား၊ အိမ်ခြေမဲ့၊ အမှိုက်ကောက်သမား အစရှိသဖြင့် ဆင်းရဲနှုံချာတဲ့ ကလေးတွေတောင် ပါဝင်လာပါတယ်။ တစ်နှစ်အတွင်းမှာပဲ သူမွေးထုတ်ပေးတဲ့ စူပါ ၃၀ ဟာ အိန္ဒိယနိုင်ငံရဲ့  အတော်ဆုံး သင်္ချာကျောင်းသားများ ဖြစ်လာခဲ့ပါတယ်။ လူတန်းစားကွာဟပေမယ့် ဥာဏ်ရည်ပိုင်းဆိုင်ရာမှာ အိန္ဒိယတို့ မြင့်မားတယ်ဆိုတာကို Anand မှ သက်သေပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တော့ ယင်း စူပါ ၃၀ ဟာ ကမ္ဘာ့ သင်္ချာအတော်ဆုံး စာရင်းတွေ အထိတောင် ပါဝင်လာပါတယ်။


ဒါကြောင့် သူ စစ်ပေးတဲ့ စူပါ ၃၀ စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူဟာ ၅၀၀၀ နဲ့အထက်အထိ ရှိလာပါတယ်။ သူမွေးထုတ်ပေးတဲ့ ကလေးအားလုံးကို အိန္ဒိယ နည်းပညာ တက္ကသိုလ်ဝင်ခွင့်ရအောင် ပို့ဆောင်ပေးပါတယ်။ စူပါ ၃၀ စာရင်းမပါလည်း သင်ပေးသမျှကျောင်းသားတိုင်း
ကို အိန္ဒိယရဲ့ အကောင်း ဆုံး တက္ကသိုလ်များသို့ အများစု ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့် အိန္ဒိယပြည်တွင်းရှိ အစိုးရတက္ကသိုလ်နဲ့ ပုဂ္ဂလိက ကျောင်းများက သူ့ကို လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ သူ ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ ကျောင်းမှာပဲ ဆက်လက်သင်ကြားပါတယ်။ လူဦးရေတိုးလာတဲ့အတွက် အခန်းချဲ့ ရပြီး ဒီအတွက် အခြား အလုပ်တွေပိုလုပ်ခဲ့ပါတယ်။ ဆင်းရဲသားအများစုကို သင်ပေးရတဲ့အတွက် လခ မယူပါဘူး။ လူတန်းစားပေါင်းစုံတက်ရောက်
လာတဲ့အတွက် အချို့ ကို အိန္ဒိယမှာ အသက်သာဆုံး လခနဲ့ သင်ကြားပေးပါတယ်။

သူ့ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်များကြောင့် ကိန်းဘရိတ်ခ်ျတက္ကသိုလ် ဟာ ကျောင်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပေမယ့် Anand ငြင်းဆန်လိုက် ပါတယ်။ အခြား ဥရော နိုင်ငံကြီးမှ ပုဂ္ဂလိကအစိုးရကျောင်းများလည
်း သူ့ကို ဖိတ်ခေါ်ပေမ့် ငြင်းဆန်ခဲ့ပါတယ်။ သူသင်ကြားပေးတဲ့ ကျောင်းဟာ အိန္ဒိယနိုင်ငံ က အခြေခံလူတန်းစား များအတွက်ကော အကျိုးဖြစ်ထွန်းစေ တာမို့ ဖြစ်ပါတယ်။


BBC, Newsweek , Time တို့မှ လာရောက်အင်တာဗျူးမှုများ ပြုလုပ်ပါ တယ်။ အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် Anand ရဲ့ လုပ်ဆောင်ချက်ကို လေးစားပြီး သဝန်လွှာများပေးပို့ခဲ့ပါတယ်
။ အကူအညီ လိုအပ်ရင် အချိန်မရွေးတောင်းနိုင်တယ်လို့ ဆိုထားပေမယ့် Anand မယူခဲ့ပါဘူး။ စူပါ ၃၀ စာရင်းဝင် ကျောင်းသားများထံလည်း သမ္မတအိုဘားမား မှ ဂုဏ်ပြု စာလွှာများ ပေးပို့ခဲ့ပါတယ်။ Discovery ရုပ်သံလှိုင်းမှလည်း Anand ရဲ့ ကျောင်းကို တစ်နာရီစာ ပရိုဂရမ်ရိုက်ကူးပြီး ထုတ်လွင့်ပြသခဲ့ပါတယ်။

သူဖွင့်လှစ်သင်ကြားပေးတဲ့ကေ
ျာင်းဟာလည်း ကမ္ဘာ့ ရှေ့ ဆောင် လမ်းပြ ကျောင်း ၄ခုစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူကိုယ်တိုင်ဟာလည်း Time မဂ္ဂဇင်းမှာ ရှေ့ ဆောင်လမ်းပြ ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်လာ ခဲ့ပါတယ်။ ဧပြီလ ၂၀၁၁ မှာတော့ ဥရောပ Focus မဂ္ဂဇင်းက Anand ကို ကမ္ဘာ့ စံပြပုဂ္ဂိုလ်တစ်ဦးလို့ ဂုဏ်ပြုသတ်မှတ်ပေးခဲ့ပါတယ်။ အိန္ဒိယအဆိုးရ မှလည်း အမြင့်ဆုံး လူမူထူးချွန်ဆုများ ချီးမြင့်ခဲ့ပါတယ်။

ကိန်းဘရိတ်ခ်ျ တက္ကသိုလ်တက်ခွင့်ဆုံးရှုံးခ
ဲ့ရပြီး မုန့်ပြားသလပ် ရောင်း ရာကနေ ကမ္ဘာ့စံပြ ပုဂ္ဂိုလ်ဖြစ်လာတဲ့ Anand kumar ဟာ သာမန် အရပ်သားတစ်ဦးဖြစ်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ ပညာအရည်အချင်းကို တစ်နည်း မဟုတ် တစ်နည်းနဲ့ ဖော်ထုတ်ပြသနိုင်တဲ့အတွက် ကမ္ဘာက စံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။ စာဖတ်သူတို့လည်း ဒီလို ပုဂ္ဂိုလ် တို့အကြောင်းကို လေ့လာဖတ်ရှုပြီး အားတက်လာစေရန်ဆန္ဒနဲ့ ဘာသာပြန် ဖော်ပြပေးလိုက်ရပါတယ်။
--
အောင်ခမ်း (International news for myanmar)

Ref: Douknow
http://innewsmyanmar.blogspot.com/2012/10/blog-post_196.html

Sunday, 4 March 2012

ဒီလိုတွေးတယ် .. :)

၁။ ပျော်ရွှင်မှုကို ငွေကြေးနဲ့ ၀ယ်ယူလို့မရပါဘူး။ ဒါပေမယ့် စက်ဘီးပေါ်မှာ ထိုင်ငိုနေတာထက်စာရင် မာစီဒီး ဘင့်ဇ် ကားပေါ်မှာ ငိုရတာက ဇိမ်ပိုမကျဘူးလား။

၂။ သင့်ရဲ့ရန်သူကို ခွင့်လွှတ်လိုက်ပါ။ ဒါပေမယ့် အဲဒီ မျိုးမစစ်ကောင်ရဲ့ နာမည်ကိုတော့ မှတ်ထားဖို့ မမေ့ပါနဲ့။

၃။ လူတစ်ယောက် ဒုက္ခရောက်နေတဲ့အချိန်မှာ သင်ကူညီလိုက်ရင် အဲဒီလူက သင့်ကို အမှတ်ရနေမှာပါ။ အဲ.. သူနောက်တစ်ခါ ဒုက္ခထပ်ရောက်တဲ့အချိန်ကျရင်ပေါ့။

၎။ လူတော်တော်များများအသက်ရှင်နေကြတဲ့အကြောင်းအရင်းကတော့ လူသတ်တာဟာ တရားမ၀င်တဲ့ ကိစ္စဖြစ်နေလို့ပါပဲ။

၅။ အရက်သောက်လို့ ပြဿနာတွေပြေလည်မသွားပါဘူး။ ဒါဆို နွားနို့သောက်လို့ရော ပြေလည်သွားမှာမို့လို့လား။
 
 

Thursday, 1 March 2012

ဘ၀ဆိုသော အိမ်

တစ်ခုတုန်းကပေါ့ ...
အသက်ကြီးရင့်ပြီ ဖြစ်တဲ့ လက်သမားဆရာကြီးတစ်ယောက်ဟာ သူ့အလုပ်ကနေ
 ရပ်နားဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ အိမ်ဆောက်တဲ့ အလုပ်ကနေ ရပ်နားပြီး
သူ့မိန်းမနဲ့အတူ မိသားစုဘ၀ကို အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စွာ
ဖြတ်သန်းတော့မယ့်အကြောင်း သူ့ရဲ့ အလုပ်ရှင်ကို အကြောင်းကြားလိုက်တယ်။
အပတ်စဉ် ၀င်ငွေရနေတဲ့ ဒီအလုပ်ကို သူ နှမြောပေမယ့် သူ နားချင်ပြီ။ နားကို
နားတော့မယ်လို့ စိတ် ဒုန်းဒုန်းချလိုက်တယ်။

အလုပ်ရှင်ဟာ လူတော်တစ်ယောက် ဆုံးရှုံးရမှာကို အရမ်းနှမြောနေတယ်။ သူ့ဆီကနေ
အလုပ်ထွက်သွားတာကိုလည်း သူ မလိုလားဘူး။ အရမ်းလည်း ၀မ်းနည်းမိတယ်။ ဒါနဲ့
နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးတော့ ဆောက်ပေးပါဦးလို့ တောင်းပန်ပြီး
ဆွဲထားလိုက်တယ်။ အလုပ်ရှင်က တောင်းဆိုနေတော့ သူ ခေါင်းညိတ်လိုက်ရပေမယ့်
သူ့ရဲ့ စိတ်မပါလှတဲ့ လုပ်ရပ်တွေက အတော်လေးကို သိသာနေတယ်။ သူနားချင်တာ
မနားရတော့ အလုပ်ရှင်အပေါ်မှာလည်း ငြိုငြင်မိနေတယ်။ ခါတိုင်း အနုစိတ်ပြီး
တိတိကျကျ လုပ်တတ်သမျှ အခုတော့ အိမ်တစ်လုံး မြန်မြန်ပြီးဖို့ ဆိုတာပဲ
အတွေးက ရှိတယ်။ သူနားချင်ပြီ။ ဒီအလုပ်ပြီးရင် သူ့အလုပ်ရှင်က ပေးနားမယ်။
ဒီတော့ မြန်မြန် ပြီးရမယ်ပေါ့။ သူ့ဘ၀ရဲ့ အသက်မွေးဝမ်းကျောင်းမှုမှာ ဒါ
သူ့ရဲ့ နောက်ဆုံး လက်ရာ ဖြစ်ကျန်နေမယ်ဆိုတာကို သူ လုံးလုံး
သတိမရှိနိုင်တော့ဘူး။


လက်သမားဆရာကြီးဟာ သူရဲ့ နောက်ဆုံးအိမ်လေးကို ဆောက်လို့ ပြီးသွားတော့
အလုပ်ရှင်ဟာ အိမ်ကို လာစစ်ဆေးပါရော။ အသေအချာ စစ်ဆေးပြီး အလုပ်ရှင်ဟာ
အိမ်တံခါးကို ပိတ်လိုက်တယ်။ နောက် တံခါးသော့ကို လက်သမားကြီးရဲ့ လက်ထဲ
ထည့်လိုက်ပြီး တည်ငြိမ်တဲ့ အကြည့်နဲ့ ပြောလိုက်တယ်။
"ဒီနေ့ကနေ စပြီး ဒါ ဆရာကြီးရဲ့ အိမ် ဖြစ်သွားပါပြီ။ ဒါ ကျနော်ရဲ့ လက်ဆောင်ပါ။"

ဒီစကားလည်း ကြားလိုက်ရော လက်သမားဆရာကြီး ထိတ်လန့် တုန်လှုပ်သွားတယ်။

ရှက်စရာ ကောင်းလိုက်တာ။ တကယ်လို့ သူ ဆောက်နေတဲ့ အိမ်ဟာ သူ့
ကိုယ်ပိုင်အိမ် ဆိုတာသိခဲ့ရင် သူ ဒီလို လုပ်ပါ့မလား။ ဒီလောက် ပစ္စလက်ခတ်
ဆောက်ပါ့မလား။

xxxxxxxx xxxxxxxx


ကျနော်တို့ရဲ့ ဘ၀တွေဟာလည်း ဒီလိုပါပဲ။ ကျနော်တို့ရဲ့ ဘ၀တွေကို ကျနော်တို့
ကိုယ်တိုင် တည်ဆောက်နေရတာ မဟုတ်လား။ ဒါပေမယ့် တခါတခါ ကျနော်တို့ စွမ်းအား
ရှိသလောက် ဒီ ဆောက်လုပ်ရေးမှာ ထုတ်မသုံးဖြစ်ဘူးနော်။ နောက်ဆုံး
ကျနော်တို့ ဆောက်ထားတဲ့ အိမ်မှာ နေရတော့မယ်ဆိုတာ သိလိုက်ရတဲ့ အချိန်ကျမှ
ကျနော်တို့ အကြီးအကျယ် ပြာယာခတ်ကုန်တယ်။ နောက်ကြောင်းပြန်ပြီး
ပြန်လည်တည်ဆောက်ခွင့် ရှိရင်တော့ အရင်ကထက် ထူးထူးခြားခြား
လုပ်မိကြမယ်ထင်တယ်။

တကယ်တမ်းကော ကျနော်တို့ နောက်ပြန်သွားလို့ ရပါ့မလား။ ကျနော်တို့ဟာ ဘ၀ကို
ပုံဖော်နေတဲ့ လက်သမားဆရာတွေပါ။ နေ့စဉ်နဲ့အမျှ သံရိုက်ကြတယ်၊ နံရံကို
တည့်မတ်ကြတယ်၊ အမိုးမိုးနေကြတယ်။ ဒီနေ့ လုပ်လိုက်တဲ့ ကျနော်တို့ရဲ့
အပြုအမူ၊ ရွေးချယ်မှုနဲ့ ကိုယ်ကျင့်တရားဟာ မနက်ဖြန် ကျနော်တို့နေဖို့
အိမ်အတွက် ကုန်ကြမ်းတွေပါ။ အထောက်အပံ့တွေပါ။

ဒါကြောင့် ကျနော်တို့ ဥာဏ်ပညာ ရှိရှိနဲ့ ဆောက်လုပ်ကြပါစို့လား။




Friday, 24 February 2012

စံပါယ်အတွေး

......အိမ်သို့ပြန်ရောက်လာသော ကလေးငယ်က မိခင်ကို သူ့အတွေ့အကြုံ ပြန်ပြောပြသည်..
"မေမေ .. ဒီနေ့ ဘတ်စကားပေါ်မှာ အန်တီကြီးတစ်ယောက်ရဲ့ခြေထောက်ကို သားတက်နင်းလိုက်မိတယ်.. သားကတောင်းပန်လိုက်တယ်၊
ဒါနဲ့ အန်တီကြီးက သားကို ချောကလက်တစ်ခု ထုတ်ကျွေးတယ်" " သားက ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရောလား"
"ဟင့်အင်း.. သူ့ရဲ့နောက်ထပ် ခြေထောက်တစ်ဖက်ကို တက်နင်းလိုက်တယ်"

(၂)

.......ကျွန်တော်တို့ လူမှုဆက်ဆံရေးနယ်ပယ်ထဲမှာ Handicap ပေးထားရတဲ့သူတွေရှိပါတယ်..
Handicap ဆိုတာက ပစားပေးထားတဲ့ သဘောကိုဆိုလိုတာပါ။ ကစားပွဲတွေမှာဆိုရင် အမှတ်ကြောပေးထားတာပေါ့။
ကိုယ်နဲ့ စစ်တုရင် ယှဉ်ထိုးမယ့်သူဟာ ကိုယ့်အောက်နိမ့်ကျတဲ့ စွမ်းရည်ရှိသူဖြစ်နေရင် သူ့ရဲ့အားနည်းချက်ကို သက်ညှာတဲ့ အနေနဲ့ ကိုယ့်ဘက်က ဘစ်ရှော့ရုပ်တစ်ရုပ်၊ ဒါမှမဟုတ် မြင်းရုပ်တစ်ရုပ် ပွဲမစခင်ကတည်းက အကျဆုံးခံပြီး လျော့ကစားတာပါ။
ဒါမှ တရားမျှတမှုရှိမယ်.. လို့ ယုံကြည်တာကိုး။ လူ့အသိုင်းအ၀ိုင်းထဲမှာလည်း ဒီလိုပဲ။
တချို့လူတွေကို အကြောင်းကြောင်းကြောင့် (သနားလို့၊ အားနာလို့) ပစားပေးသက်ညှာထား
ရတာတွေရှိပါတယ်။ ဒါပေမဲ့.. ခက်တာက သူ့တို့ထဲက တချို့လူတွေက တမင်ညှာမှန်းမသိကြဘူး.. ရောင့်တက်လာကြတယ် ။
ကလေးဆိုးကြီးတွေလိုပဲ။ ကိုယ့်ခြေထောက်ကို တက်နင်းပြီး တောင်းပန်လို့ ကိုယ်က သနားအားနာတာနဲ့ ချောကလက်တစ်ခု ထုတ်ကျွေး လိုက်မိပါတယ်။ သူ့တို့က နောက်ထပ်ခြေထောက်တစ်ဖက်ကို ထပ်ပြီး နင်းကြပြန်ရော.....။ ကဲ....မခက်ဘူးလား ။

.......တစ်ချို့အိမ်တွေ.. ၊ တချို့ဆိုင်တွေမှာ.. (အားနာလို့ လိုက်လျောတာ 'အ' တယ်လို့မထင်နဲ့) ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့တွေ့နေရတော့ 'သြော်.. သူတို့လည်း ခဏခဏ ခြေထောက်တက်နင်းခံနေရရှာတယ်နဲ့ တူပါရဲ့' လို့ တွေးပြီး ပြုံးမိပါတယ်။ ဟုတ်တယ်လေ... မကောင်းတတ်လို့ အလျှော့ပေးနေရတာ မှန်ပေမယ့်.. ခဏခဏ ဖြစ်လာတော့လည်း ဘယ်သူသည်းခံနိုင်မှာလဲ၊
အားလုံးက ပုထုဇဉ်တွေပဲမဟုတ်လား။

(၃)

.......ကျွန်တော့်မိတ်ဆွေတစ်ယောက်ကတော့ အဲဒီဆိုင်းဘုတ်ကို တစ်မျိုးဖတ်မိရှာတယ်။
(အားနာလို့ လိုက်လျောတာ 'အတယ်' လို့မထင်နဲ့) သူက အဲဒီလိုဖတ်ပြီးတော့...ကျွန်တော့်ကို လာမေးပါတယ်။ "ဟေ့ကောင်.."အတယ်" ဆိုတာ တရုတ်လို အဖေကိုပြော တာမဟုတ်လား".. တဲ့။
သူဖတ်သလိုမျိုးဆိုရင် သူ့အဓိပ္ပာယ်နဲပသူတော့ မဆိုးပါဘူး လို့ ကျွန်တော် တွေးမိသား။ ဟုတ်တယ်လေ... နောက်ထပ် ချောကလက်
တစ်ခုထပ်လိုချင်လို့ အားမနာပါးမနာနဲ့ သူများခြေထောက်ထပ်နင်းတဲ့ သူရဲ့အတွေးဟာ "ကလေးအတွေး" ပါ ။
ကျွန်တော်ပြောခဲ့ပြီးသားပါပဲ ။ အဲဒီလူတွေဟာကလေးတွေ၊ ကလေးဆန်တဲ့ လူတွေဆိုပါတော့။
သူတို့ကို ရေရှည်မှာ ဘယ်သူကသည်းခံနိုင်မှာလဲ။ အလွန်ဆုံး သူ့အဖေအမေပဲပေါ့။ ကျန်တဲ့သူတွေကတော့ ကြာလာတာနဲ့ အမျှ
စိတ်ပျက်လာမှာ သေချာပါတယ်။
ဒါပေမဲ့.. ကလေးတွေဆိုတာက ခက်သားကလား။ ကိုယ့်အဖေအမေအပေါ် ဆိုးချင်တိုင်းဆိုးလို့ ရရုံနဲ့ ကျန်တဲ့ သူတွေအားလုံးအပေါ်မှာ
လည်းအဲသည်လိုဆိုးလို့ "အခွင့်အရေး" ရမယ်ထင်နေတတ်တာမျိုး။ အဲဒီ ကလေးစိတ်၊ ကလေးဥာဉ် မျိုးကိုတွေ့ရင် အားလုံးက ၀ိုင်းပြီး
ပဲ့ပြင်ပေးဖို့လိုပါတယ်။ အဲ... အပြုပြင်ခံရတဲ့ သူကိုယ်တိုင်ကလည်း အမှန်တကယ် လိုလိုလားလား ပြုပြင်ချင်တဲ့ ဆန္ဒရှိဖို့ လိုပါလိမ့်မယ်။
လောကမှာ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် အရှိ... အရှိအတိုင်း တည့်တည့်မတ်မတ် မှန်မှန်ကန်ကန် မြင်မယ့် "သတိ" ရှိဖို့ပါပဲ။

(၄)

.......ကျွန်တော်တို့ကကော... ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ "သတိ" ထားကြည့်မိကြလို့လဲ။
"အခွင့်အရေး" တစ်ခုရပြီဆိုတာနဲ့ ချောကလက်ရတဲ့ ကလေးငယ်လို အငမ်းမရ လှမ်းယူမိတဲ့ အခါမျိုးတွေ ရှိခဲ့သလား။
"ငါ့ကို ဘာဖြစ်လို့ ဒီအခွင့်အရေးပေးတာလဲ ?"
"အားနာလို့လား ?"
"မကောင်းတတ်လို့ သက်ညှာတဲ့သဘောလား ?"
"သူများက ငဲ့ညှာတာကို ငါက အလိုက်ကန်းဆိုးမသိ ရတိုင်းယူတဲ့ကောင် ဖြစ်နေသလား ?" စသည်ဖြင့် ပြန်ဆန်းစစ်ဖို့ လိုပါတယ်။
ဒီလိုမှမဟုတ်ဘဲ "ကိုယ်ရရင်ပြီးရော" ဆိုတဲ့ သဘောမျိုးထားလို့ကတော့ ကျွန်တော်တို့ လူကြီးတွေဟာ သူများခြေထောက်နင်းဖို့ ၀န်မလေးတဲ့ ကလေးတစ်ယောက်နဲ့ ဘာထူးတော့မှာလဲ...။
ပေးတိုင်းလည်း မယူပါနဲ့...။
ရမှန်းသိတိုင်းလည်း မလိုချင်နဲ့...။

(၅)

.......အခွင့်အရေးဆိုတာ ကိုယ့်နဲ့ထိုက်တန်မှ ရတာ/ယူတာ အကောင်းဆုံးပါပဲ....။

                                                                                                                                                                                                                              (မင်းခိုက်စိုးဆန်)