Search This Blog

Saturday, 25 February 2012

ငါလို လူကြောင့်ဖြစ်မယ်


ငါ
ဝစွာ စားလို့ ပိုတာသွန်ပစ်ခဲ့တယ်
ငါ့ နီးနားမှာ စားစရာမဲ့
သွန်ပစ်စားစရာ ရှာဖွေစားသောက်
ကလေးငယ်ပေါင်းများစွာ
ငါဟာ သဒ္ဒါတရားနဲ သူများလား.............

ငါ
အမေ့မေတ္တာ ပိုကာနေလို့ အမေ့ပေါ်ဆိုးခဲ့တယ်
ငါ့နီးနားမှာ ငတ်မွတ်မေတ္တာ
မျှော်လင့်တောင်းတ ဘယ်မှာမိဘ
ကလေးငယ်ပေါင်းများစွာ
ငါဟာ ကိုယ်ချင်းမစာတတ်သူများလား...

ငါ
များစွာဝတ်စား ထုပ်ပိုးသိမ်းဆည်း ခဲ့တယ်
ငါ့နီးနားမှာ အရှက်လုံအောင်
ဝတ်စရာမဲ့ နိထ္တိအ၀တ်
ကလေးငယ်ပေါင်းများစွာ
ငါဟာ အတ္တကြီး သူများလား

ငါ
ရှာဖွေဥစ္စာ မဆုံးရုံးအောင်
စုဆောင်းထားခဲ့တယ်
ငါ့နီးနားမှာ အားကိုးရာ မရှိ
ခိုကိုးရာမဲ့ ဥစ္စာနထ္တိ
သက်ကြီးအိုပေါင်းများစွာ
ငါဟာ လောဘဇောတတ်နေ သူများလား.

ဟိုမှာ အမိုက်ပုံထဲ စားစရာ ရှာဖွေနေတဲ့
ကလေးတွေ
ဒီမှာ အလင်းရောင်မဲ့နေတဲ့ လူငယ်တွေ
ဟိုမှာ အရှက်လုံဖို့ ဘ၀နဲ့  ရင်းရတဲ့ ကလေးတွေ
ဒီမှာ ခိုကိုးရာမဲ့ အထီးကျန် တဲ့
အိုကြီးအိုမ တွေ

အင်း...........
ငါလို လူကြောင့်ဖြစ်မယ်... ... ။               ။

Friday, 24 February 2012

မေးခွန်းလေး (၂)ခု

ကျောင်းတက်ခေါင်းလောင်းထိုးတော့ ဆရာကအတန်းထဲဝင်လာပြီး ကျောင်းသားတွေကို "အေဂျင့်တစ်ခုက လေ့လာဆန်းစစ်ချက်တစ်ခုအတွက် ဆရာ့ကိုအကူအညီတောင်းခဲ့တယ်။ ကျေးဇူးပြုပြီး ဒီမေးခွန်းတွေကို ဖြေပေးကြပါ" လို့ ပြောတယ်။ အမေးအဖြေ ဖြေရတာက စာသင်တာထက် ပိုစိတ်ဝင်စားဖို့ ကောင်းတာမို့ ကျောင်းသားတွေအသီးသီး စာရွက်ယူပြီး ကြည့်လိုက်ကြတယ်။ စာရွက်ပေါ်မှာ မေးခွန်းနှစ်ခုမေးထားတယ်။




မေးခွန်း(၁)

သူမကို သူအရမ်းချစ်တယ်။ သူမဟာ သွယ်လျလျမျက်နှာ၊ လခြမ်းပုံ မျက်ခုံးမွေး၊ ဖြူဖွေးတဲ့အသားအရည်နဲ့ လှပသူဖြစ်တယ်။ ဒါပေမယ့် တစ်နေ့မှာ မတော်တဆကားတိုက်မှုကြောင့် သူမမျက်နှာ အရုပ်ဆိုးအကျည်းတန်သွားတယ်။ ရုပ်ဆိုးသွားတဲ့ သူမကို အရင်လို သူဆက်ချစ်နိုင်ပါ့မလား?




(A) ချစ်နိုင်တယ်
(B) မချစ်နိုင်ဘူး
(C) ချစ်နိုင်မယ်လို့ ထင်ပါတယ်။




မေးခွန်း (၂)

သူ့ကို သူမအရမ်းချစ်တယ်။ သူက ရုပ်ချောခန့်ညားပြီး အောင်မြင်တဲ့ စီးပွါးရေးသမားတစ်ဦးဖြစ်တယ်။ ဒါပေမယ့် တစ်နေ့မှာ ရုတ်တရက် သူ့စီးပွါးပျက်သွားတယ်။ ကျရှုံးသွားတဲ့သူ့ကို သူမ အရင်လိုဆက်ချစ်နိုင်ပါ့မလား?




(A) ချစ်နိုင်တယ်
(B) မချစ်နိုင်ဘူး
(C) ချစ်နိုင်မယ်လို့ ထင်ပါတယ်။




တအောင့်ကြာတော့ ကျောင်းသားတွေက ဖြေထားတဲ့စာရွက် ဆရာကိုပြတယ်။ ဆရာစာရင်းပြုစုကြည့်တော့ မေးခွန်း (၁) ဖြေကြသူတွေထဲမှာ --
A လို့ဖြေသူ ၁ဝ%



B လို့ဖြေသူ ၁ဝ%
C လို့ဖြေသူ ၈ဝ% တွေ့ရတယ်။

မေးခွန်း (၂) ဖြေကြသူတွေထဲမှာ



A လို့ဖြေသူ ၃ဝ%
B လို့ဖြေသူ ၃ဝ%
C လို့ဖြေသူ ၄ဝ% တွေ့ရတယ်။

ဆရာက အဖြေတွေကိုကြည့်ပြီး "အင်း.. ကြည့်ရတာ မိန်းကလေးတွေ ရုပ်ပျက်သွားတာက
ယောက်ျားလေးတွေ စီးပွါးပျက်သွားတာထက် ပိုသည်းမခံနိုင်ကြပါလား?
ဒီမေးခွန်းနှစ်ခုမှာ အသိလေးပါတယ်။ သူတို့ကို ချစ်သူတွေဖြစ်မယ်လို့
တပည့်တို့ထင်ခဲ့ကြတယ် မဟုတ်လား!"




"ချစ်သူတွေလို့ ထင်ခဲ့တယ် ဆရာ"

"အင်း.. ဒါပေမယ့် သူတို့ကချစ်သူတွေပါလို့ မေးခွန်းမှာ ရေးမထားဘူးလေ" ဆရာကဆက်ပြီး
တည်ငြိမ်တဲ့အသံနဲ့ "ဒီမေးခွန်းထဲက လူနှစ်ယောက်ကို "မိဘ" နေရာမှာထားပြီး
ဆရာတို့ စိတ်ကူးကြည့်ရအောင်.. မေးခွန်း(၁)ထဲက "သူ"ဟာသူမရဲ့ဖခင်ဖြစ်တယ်။
မေးခွန်း(၂)ထဲက "သူမ"ဟာသူ့ရဲ့မိခင်ဖြစ်တယ်။ ဒီမေးခွန်းကို
ပြန်ဖြေခိုင်းရင် ဖြေခဲ့တဲ့ အဖြေအတိုင်း တပည့်တို့ထားနိုင်မလား?"




ဆရာက မေးခွန်းတွေကို ကျောင်းသားတွေရဲ့လက်ထဲ ပြန်အပ်ပြီး အဖြေရွေးခိုင်းခဲ့ပြန်တယ်။ စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ကျောင်းသားတွေရဲ့ မျက်နှာပေါ်မှာ တည်ကြည်လေးနက်တဲ့ အရိပ်တွေ ထင်ဟပ်နေတယ်။ မိနစ်အနည်းငယ်ကြာပြီးနောက် ဆရာက မေးခွန်းတွေစုပြီး စာရင်းစစ်ကြည့်တော့ မေးခွန်း(၂)ခုလုံးမှာ (A)လို့ဖြေထားတဲ့လူတွေ ၁ဝဝ% ရှိခဲ့တယ်။




နောက်ဆုံးမှာ ဆရာက "လောကကြီးမှာ တည်ကြည်ခိုင်မြဲတဲ့ ချစ်ခြင်းတစ်မျိုးရှိတယ်။ အဲဒီအချစ်က တစ်ကိုယ်ကောင်းမဆန်သလို တုန့်ပြန့်မှုကိုလည်း မတောင့်တခဲ့ဘူး။ အဲဒီအချစ်က ရာသီဥတု အပြောင်းအလဲနောက်လိုက်ပြီး မပြောင်းလဲသွားတတ်သလို ရာထူး၊ ဂုဏ်အရှိန်အဝါနောက် လိုက်ပြီးလည်း မျောပါမသွားတတ်ဘူး။ အဲဒီချစ်ခြင်းက မိဘတွေရဲ့ချစ်ခြင်းပဲဖြစ်တယ်" လို့ လေးလေးနက်နက် ပြောသွားခဲ့တယ်။

                                               
                                                                                                                                 by နိုင်းနိုင်းစနေ

စံပါယ်အတွေး

......အိမ်သို့ပြန်ရောက်လာသော ကလေးငယ်က မိခင်ကို သူ့အတွေ့အကြုံ ပြန်ပြောပြသည်..
"မေမေ .. ဒီနေ့ ဘတ်စကားပေါ်မှာ အန်တီကြီးတစ်ယောက်ရဲ့ခြေထောက်ကို သားတက်နင်းလိုက်မိတယ်.. သားကတောင်းပန်လိုက်တယ်၊
ဒါနဲ့ အန်တီကြီးက သားကို ချောကလက်တစ်ခု ထုတ်ကျွေးတယ်" " သားက ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရောလား"
"ဟင့်အင်း.. သူ့ရဲ့နောက်ထပ် ခြေထောက်တစ်ဖက်ကို တက်နင်းလိုက်တယ်"

(၂)

.......ကျွန်တော်တို့ လူမှုဆက်ဆံရေးနယ်ပယ်ထဲမှာ Handicap ပေးထားရတဲ့သူတွေရှိပါတယ်..
Handicap ဆိုတာက ပစားပေးထားတဲ့ သဘောကိုဆိုလိုတာပါ။ ကစားပွဲတွေမှာဆိုရင် အမှတ်ကြောပေးထားတာပေါ့။
ကိုယ်နဲ့ စစ်တုရင် ယှဉ်ထိုးမယ့်သူဟာ ကိုယ့်အောက်နိမ့်ကျတဲ့ စွမ်းရည်ရှိသူဖြစ်နေရင် သူ့ရဲ့အားနည်းချက်ကို သက်ညှာတဲ့ အနေနဲ့ ကိုယ့်ဘက်က ဘစ်ရှော့ရုပ်တစ်ရုပ်၊ ဒါမှမဟုတ် မြင်းရုပ်တစ်ရုပ် ပွဲမစခင်ကတည်းက အကျဆုံးခံပြီး လျော့ကစားတာပါ။
ဒါမှ တရားမျှတမှုရှိမယ်.. လို့ ယုံကြည်တာကိုး။ လူ့အသိုင်းအ၀ိုင်းထဲမှာလည်း ဒီလိုပဲ။
တချို့လူတွေကို အကြောင်းကြောင်းကြောင့် (သနားလို့၊ အားနာလို့) ပစားပေးသက်ညှာထား
ရတာတွေရှိပါတယ်။ ဒါပေမဲ့.. ခက်တာက သူ့တို့ထဲက တချို့လူတွေက တမင်ညှာမှန်းမသိကြဘူး.. ရောင့်တက်လာကြတယ် ။
ကလေးဆိုးကြီးတွေလိုပဲ။ ကိုယ့်ခြေထောက်ကို တက်နင်းပြီး တောင်းပန်လို့ ကိုယ်က သနားအားနာတာနဲ့ ချောကလက်တစ်ခု ထုတ်ကျွေး လိုက်မိပါတယ်။ သူ့တို့က နောက်ထပ်ခြေထောက်တစ်ဖက်ကို ထပ်ပြီး နင်းကြပြန်ရော.....။ ကဲ....မခက်ဘူးလား ။

.......တစ်ချို့အိမ်တွေ.. ၊ တချို့ဆိုင်တွေမှာ.. (အားနာလို့ လိုက်လျောတာ 'အ' တယ်လို့မထင်နဲ့) ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့တွေ့နေရတော့ 'သြော်.. သူတို့လည်း ခဏခဏ ခြေထောက်တက်နင်းခံနေရရှာတယ်နဲ့ တူပါရဲ့' လို့ တွေးပြီး ပြုံးမိပါတယ်။ ဟုတ်တယ်လေ... မကောင်းတတ်လို့ အလျှော့ပေးနေရတာ မှန်ပေမယ့်.. ခဏခဏ ဖြစ်လာတော့လည်း ဘယ်သူသည်းခံနိုင်မှာလဲ၊
အားလုံးက ပုထုဇဉ်တွေပဲမဟုတ်လား။

(၃)

.......ကျွန်တော့်မိတ်ဆွေတစ်ယောက်ကတော့ အဲဒီဆိုင်းဘုတ်ကို တစ်မျိုးဖတ်မိရှာတယ်။
(အားနာလို့ လိုက်လျောတာ 'အတယ်' လို့မထင်နဲ့) သူက အဲဒီလိုဖတ်ပြီးတော့...ကျွန်တော့်ကို လာမေးပါတယ်။ "ဟေ့ကောင်.."အတယ်" ဆိုတာ တရုတ်လို အဖေကိုပြော တာမဟုတ်လား".. တဲ့။
သူဖတ်သလိုမျိုးဆိုရင် သူ့အဓိပ္ပာယ်နဲပသူတော့ မဆိုးပါဘူး လို့ ကျွန်တော် တွေးမိသား။ ဟုတ်တယ်လေ... နောက်ထပ် ချောကလက်
တစ်ခုထပ်လိုချင်လို့ အားမနာပါးမနာနဲ့ သူများခြေထောက်ထပ်နင်းတဲ့ သူရဲ့အတွေးဟာ "ကလေးအတွေး" ပါ ။
ကျွန်တော်ပြောခဲ့ပြီးသားပါပဲ ။ အဲဒီလူတွေဟာကလေးတွေ၊ ကလေးဆန်တဲ့ လူတွေဆိုပါတော့။
သူတို့ကို ရေရှည်မှာ ဘယ်သူကသည်းခံနိုင်မှာလဲ။ အလွန်ဆုံး သူ့အဖေအမေပဲပေါ့။ ကျန်တဲ့သူတွေကတော့ ကြာလာတာနဲ့ အမျှ
စိတ်ပျက်လာမှာ သေချာပါတယ်။
ဒါပေမဲ့.. ကလေးတွေဆိုတာက ခက်သားကလား။ ကိုယ့်အဖေအမေအပေါ် ဆိုးချင်တိုင်းဆိုးလို့ ရရုံနဲ့ ကျန်တဲ့ သူတွေအားလုံးအပေါ်မှာ
လည်းအဲသည်လိုဆိုးလို့ "အခွင့်အရေး" ရမယ်ထင်နေတတ်တာမျိုး။ အဲဒီ ကလေးစိတ်၊ ကလေးဥာဉ် မျိုးကိုတွေ့ရင် အားလုံးက ၀ိုင်းပြီး
ပဲ့ပြင်ပေးဖို့လိုပါတယ်။ အဲ... အပြုပြင်ခံရတဲ့ သူကိုယ်တိုင်ကလည်း အမှန်တကယ် လိုလိုလားလား ပြုပြင်ချင်တဲ့ ဆန္ဒရှိဖို့ လိုပါလိမ့်မယ်။
လောကမှာ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် အရှိ... အရှိအတိုင်း တည့်တည့်မတ်မတ် မှန်မှန်ကန်ကန် မြင်မယ့် "သတိ" ရှိဖို့ပါပဲ။

(၄)

.......ကျွန်တော်တို့ကကော... ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ "သတိ" ထားကြည့်မိကြလို့လဲ။
"အခွင့်အရေး" တစ်ခုရပြီဆိုတာနဲ့ ချောကလက်ရတဲ့ ကလေးငယ်လို အငမ်းမရ လှမ်းယူမိတဲ့ အခါမျိုးတွေ ရှိခဲ့သလား။
"ငါ့ကို ဘာဖြစ်လို့ ဒီအခွင့်အရေးပေးတာလဲ ?"
"အားနာလို့လား ?"
"မကောင်းတတ်လို့ သက်ညှာတဲ့သဘောလား ?"
"သူများက ငဲ့ညှာတာကို ငါက အလိုက်ကန်းဆိုးမသိ ရတိုင်းယူတဲ့ကောင် ဖြစ်နေသလား ?" စသည်ဖြင့် ပြန်ဆန်းစစ်ဖို့ လိုပါတယ်။
ဒီလိုမှမဟုတ်ဘဲ "ကိုယ်ရရင်ပြီးရော" ဆိုတဲ့ သဘောမျိုးထားလို့ကတော့ ကျွန်တော်တို့ လူကြီးတွေဟာ သူများခြေထောက်နင်းဖို့ ၀န်မလေးတဲ့ ကလေးတစ်ယောက်နဲ့ ဘာထူးတော့မှာလဲ...။
ပေးတိုင်းလည်း မယူပါနဲ့...။
ရမှန်းသိတိုင်းလည်း မလိုချင်နဲ့...။

(၅)

.......အခွင့်အရေးဆိုတာ ကိုယ့်နဲ့ထိုက်တန်မှ ရတာ/ယူတာ အကောင်းဆုံးပါပဲ....။

                                                                                                                                                                                                                              (မင်းခိုက်စိုးဆန်)



ဒါကြောင့်ပါ

တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက်
မင်္ဂလာနှစ်ပတ်လည်နေ့ကို
ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆ
မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာက
အဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို
မေးမြန်းဖော်ထုတ်ဖို့

အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။

အယ်ဒီတာ ~ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို
အိမ်ထောင်ရေးမျိုးကို

ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ?

ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်...

"ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာ
မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ
ကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့
နည်းနည်းရိုင်းပုံရတယ်ဗျ။

လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း
ရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။
ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကို
အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို "ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်..." လို့
ပြောပါတယ်။

ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။

ခဏအကြာမှာ

စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက
တည်တည်ငြိမ်ငြိမ်ပဲ "ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်..." လို့ပြောပြီး
ဆက်သွားကြပြန်ပါတယ်။

တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့
ကျွန်တော့်မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး
မြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။

ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ "မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။
သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား!!!"
လိုအော်လိုက်မိတယ်။ အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို
အေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့ "ဒါ
ရှင့်ရဲ့ပထမဆုံးအကြိမ်နော်..."

တဲ့။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ
ဘာပြဿနာမှမရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာပါပဲဗျာ... ။              ။
 
ပျော်ရွှင်ကြပါစေ



Monday, 20 February 2012

"Walking Alone"

Come together like a foot in a shoe
Only this time I think I stuck my foot in my mouth.
Thinking out loud and acting in vain.
Knocking over anyone that stands in my way.


Sometimes I need to apologize.
Sometimes I need to admit that I ain't right.
Sometimes I should just keep my mouth shut, or only say hello.
Sometimes I still feel I'm walking alone.


Walk on eggshells on my old stomping ground,
yet there's really no one left, that's hanging around.
Isn't that another familiar face?
Too drunk to figure out they're fading away.


                                                                                     By: Green Day 




video

Saturday, 18 February 2012

ဆရာ အော်ပီကျယ် ရဲ့ ကျကြမ်း(ဟာသ)

၁။ တစ်ကိုယ်ကောင်း ဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာ မလိုတော့။

၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည် ဖော်ရန်မဟုတ်။ နာမည်ဖော်ရန် အတွက်သာ ဖြစ်သည်။

၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိ ညောင်းသည်။

၎။ ရိုးရှင်းမှုသည် စိတ်၏ မြားတစ်စင်း ဟု ဆိုကြသည်။ မိမိထံ ဦးတည်လာနိုင်သော ထိုမြားကို ရှုပ်ထွေးမှု ဖြင့် လမ်းလွှဲ တတ်ပါစေ။

၅။ ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် သင် ဘယ်ကို ဦးတည်နေသည်ကို သိနိုင်သည်။

၆။ လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေးပါ။ လုပ်သင့်တာကို သူများတွေ လုပ်ကြပါလိမ့်မည်။

၇။ ဆုံးဖြတ်ချက် ချမထားပါနှင့်။ဟိုလိုလို ဒီလိုလို လွင့်မျောခွင့် ပျောက်ဆုံးသွားလိမ့်မည်။

၈။ ကိုယ့်လမ်းကိုယ် မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ် များလှသည်။

၉။ တာဝန်ယူစိတ် မထားပါနှင့်။တာဝန်ယူစိတ် ရှိခြင်းသည် ကိုယ့်ကိုကိုယ် တရားခံရှာခြင်း ဖြစ်သည်။

၁၀။ များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက် ပါခြင်းသည် ဒီဘက် နားမှဝင်ပြီး ဟိုဘက် နားမှ ပြန်ထွက် စေရန် ဖြစ်သည်။

၁၁။ ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ ရွှေ့ပါ။ အလုပ်များသူဟု အထင်ကြီးခံရမည်။

၁၂။ သူများ စကားပြောနေလျှင် စိတ်ဝင်စားဟန် မပြပါနှင့်။ သူ့စကား အောင်မြင်မှုရရန် အခွင့်အလမ်း နည်းသွားမည်။

၁၃။ အရည်မရ အဖတ်မရ စကားကို များများပြောပါ။ ယခုအခါတွင် ကွမ်းယာသည်များ အဆင်ပြေနေသည်။

၁၄။ စာများများ မဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏ အစာဟု ခေါ်ဆိုကြသော
စာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခ နှင့် ၀င်ကြေးများ ကုန်ကျသော်လည်း
ဗိုက်မ၀။

၁၅။ စာ ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရ အဖတ်မရ စာများကိုသာ ရွေးဖတ်ပါ။ စကားဝိုင်းများ ကို သင် စိုးမိုးထားနိုင်လိမ့်မည်။

၁၆။ ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်များကို မသိလည်း ကိစ မရှိ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးကလည်း သင့်ကို မသိချေ။

၁၇။ လေထဲတွင် တိုက်အိမ်ဆောက်ပြီး သင်ချဲ့ကားချင်သလို ချဲ့ကားပါ။
လေကုန်ကြမ်းကိုသာ အသုံးပြုရ သောကြောင့် လက်ဖက်ရည်ဖိုးမှလွဲပြီး
ကုန်ကျစရိတ် မရှိ။

၁၈။ တာဝန်ယူစိတ် မရှိသော ဦးနှောက်သည် ဆင်ခြေများစွာကို မှတ်မိနေတတ်သည်။ လိုသလို အသုံးချ ပါလေ။

၁၉။ ဇွဲရှိပါက ပင်ပန်း၏။ ဇွဲနှင့် ကြိုးစားနေစဉ် အခြေအနေ ပြောင်းသွားမှုကြောင့် အချည်းနှီး ဖြစ်သွားတတ် သည်။

၂၀။ ဇွဲမရှိဘဲ မြန်မြန်လက်လျှော့တတ်ခြင်းကြော
င့် အရှုံးသက်သာ၏။ ရည်မှန်းချက် ခိုင်မာမှု မရှိသောကြောင့် ရည်မှန်းချက် ဖောင်းပွစွာထားနိုင်ပြီး တစ်ခုခုတွင် ပွပေါက်တိုးနိုင်၏။

၂၁။ ဟန်ပြ ဇွဲ ရှိခြင်းကား နောင်တွင် အသုံးတည့ှ်နိုင်၏။ အချို့ကိစ များတွင် လူငှားဖြင့် ဇွဲရှိပါ။

၂၂။ လမ်းသစ် ထွင်ခြင်းသည် အခွင့်အလမ်းကို ဖန်တီးခြင်းဖြစ်ရာ အရည်အချင်းလို၏။ အခွင့်အရေး အတွက်မူ အရည်အချင်း မလို။

၂၃။ နောက်မှ လိုက်ရသဖြင့် နောက်ကျမှာ မစိုးရိမ်ပါနှင့်။ ဘ၀လမ်းသည်
အဖြောင့်မဟုတ်သည့် အတွက် သင့်ကို ရှေ့ဆုံးမှ လူ ဟုပင် အထင်ခံရနိုင်သည်။

၂၄။ မိတ်ဆွေတုကို ပေါင်းပါ။ မိတ်ဆွေတုသည် အပေးမရှိ၊ အယူသာရှိပြီး၊ လက်မပါ၊
လေဖြင့်သာ ကူညီတတ်ရာ သင်သည်လည်း သူ၏ မိတ်ဆွေတု ဖြစ်သောကြောင့် ဘာမှ
ပေးကမ်းစရာမလို၊ သက်သာ ပေ၏။

၂၅။ ဘယ်ကို သွားမည်ဟု ဆုံးဖြတ်မထားသောကြောင့် ဦးတည်ချက် မျိုးစုံသို့ သွားနိုင်၏။ ကြိုက်သည့် ဘက်သို့ ယိမ်းနိုင်၏။

၂၆။ ဆုံးဖြတ်ချက် ချမိသကဲ့သို့ ဖြစ်သွားပါက မစိုးရိမ်ပါနှင့်။
ရှေ့ဆုံးဖြတ်ချက်များကို နောက်ဆုံးဖြတ်ချက် များနှင့် စိတ်ကြိုက်
ပြင်နိုင်၏။

၂၇။ မိမိလုပ်ဆောင်ချက်များကို ပြန်လည် မသုံးသပ်ပါနှင့်။ ဆင်ကန်းတောတိုး
အဆို ရှိသလို၊ ဆင်သွားလျှင် လမ်းဖြစ် ဟူသော အဆို လည်းရှိပေသည်။

၂၈။ လုပ်ချင်တာများသည် အရသာရှိလှသည်။ လုပ်သင့်တာများမှာမူ ပင်ပန်းခက်ခဲတတ်သည်။

၂၉။ လုပ်သင့်တာ မလုပ်ခြင်းဖြင့် လောကကို ပေးဆပ်ရန် အကြွေးချန်ထားပါ။ အကြွေးများသူကို အကြွေး ထပ်မပေးရဲတော့ပေ။

၃၀။ လုပ်သင့်တာ လုပ်သူများကို အများက ယုံကြည်လေးစားကြလိမ့်မည်။ မကြာမီ
မေ့တိမေ့လျော့နေကြ မည့် ယုံကြည်လေးစားမှုကို မမျှော်လင့်ပါနှင့်။

၃၁။ ယုံကြည်မှု မထားပါနှင့်။ ယုံကြည်ပါက အရာရာ ဖြစ်နိုင်သည် ဆိုသောစကားသည် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီ။

၃၂။ ယုံကြည်မှုသည် ကိုယ်တွင်း သံလိုက်ဓါတ်ကို အားကောင်းစေသည်။ သင့်အနားတွင် ရှိနေသော သံချေးများ ပြေးကပ်လာလိမ့်မည်။

၃၃။ သင့်ကိုယ်သင် ပင် မယုံကြည်ပါနှင့်။ အရာရာကို မယုံကြည်ခြင်းဖြင့် ကြိုတင် ကာကွယ်နိုင်သည်။

၃၄။ ပညာမာန် တက်ပါ။ ပညာတကယ် မရှိသော်လည်း မာန်တက်လျှင် ပညာရှိဟု အထင် ခံရမည်။

၃၅။ ကိုးကားစရာ စာပိုဒ် တစ်ခုခုကို အာဂုံဆောင်ထားပါ။ လူထူထူ ရှိသောအခါ ဆိုင်ဆိုင် မဆိုင်ဆိုင် ထုတ်သုံးပါ။

၃၆။ ယုတ္တိ ရှိရှိ မရှိရှိ ငါ့စကား နွားရ ကိုယ်လိုရာဆွဲပြီး ဇွတ်ပြောပါ။ နွားဈေးကောင်းသည်။

၃၇။ ပညာကို ဥာဏ်ဖြင့် ချွန်းမအုပ်လျှင် မှားတတ်သည်။ ပညာ တကယ်မရှိသည့်အတွက် ချွန်းမလိုချေ။

၃၈။ အမြင်ကျယ်ဖို့ ဗဟုသုတ ရှာမှီးရန် လိုအပ်ရာ ခရီးစရိတ်နှင့် စာအုပ်ဖိုး
ကုန်သည်။ အမြင်ကျယ်ခြင်း ကြောင့် စိတ်ဝင်စားစရာထက် စိတ်ပျက်စရာများကို
ပိုမို မြင်တွေ့နေရလိမ့်မည်။

၃၉။ အမြင်ကျယ်ခြင်းကြောင့် အခွင့်အလမ်းများကို ပိုမြင်နိုင်သော်လည်း
အခွင့်အရေးလို အလုပ်မဖြစ်လှ။ အမြင်ကျဉ်းသူသည် အမြင်မှားတတ်သော်လည်း
မှန်ဖို့မလိုသောအခါ အမှားသည် အဆင်ပြေ၏။

၄၀။ ကျန်းမာရေး မလိုက်စားနှင့်။ ကျန်းမာရေးလိုက်စားခြင်းသည်
အလှူအိမ်များသို့ လိုက်စားသလို အရသာ မရှိလှဘဲ မိမိကိုယ်ကို ညှင်းဆဲခြင်း
ဖြစ်သည်။

၄၁။ ခေတ်မီကာလကြီးတွင် လေ့ကျင့်ခန်းလုပ်ပြီး ဒုက ရှာစရာ မလို။ ကျန်းမာမှ
အလုပ် လုပ်နိုင်မည် ဆိုသော လူများသည် အလုပ် မလုပ်ဘဲ ချမ်းသာနည်းကို
မသိသူများ ဖြစ်သည်။

၄၂။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြသည်။ အမှန်မှာ လာဘ် သည်သာ ကျန်းမာခြင်း ဖြစ်သည်။

၄၃။ ကိုယ့်ကိုကိုယ် မသိချင်ပါနှင့်။ ကိုယ့်ကိုကိုယ် သိသောအခါ မိမိကိုယ်ကို လှုပ်နှိုးတတ်သဖြင့် အိပ်ရေး ပျက်၏။

၄၄။ မိမိကိုယ်ကို အလွန်ကျဉ်းမြောင်းသော ဘောင်အတွင်း ပိတ်လှောင်ထားပါ။
ထို့နောက် အခြားသူများကို အဆိုပါ ဘောင် အတွင်း ဆွဲသွင်းပြီး မိမိကမ္ဘာ
ထူထောင်ပါ။

၄၅။ ဆုံးဖြတ်ချက် ချသောအခါတိုင်း ၎င်းကို အကောင်အထည် မဖော်ဟု ဆုံးဖြတ်ထားပါ။
ရေတို လုပ်ဆောင်ရမည် များကို ရေရှည်ဆွဲဆန့်ရန် စကားလုံးများကို
ကျွမ်းကျင်စွာ အသုံးပြုပါ။

၄၆။ စုစည်းမှုကြောင့် မုန်တိုင်းဒဏ်ကို ခံနိုင်စေ၏။ သို့သော် အခြားဒဏ်များကို ပို ခံရစေနိုင်သည်။

၄၇။ ပူးပေါင်းမှုကြောင့် စွမ်းအားပိုများမလာဘဲ အုပ်စု ပိုများလာမည်။
ဆောင်ရွက်မှု မအောင်မြင်သည့်အခါ တွင်မူ တစ်ဦးတည်း မခံရစေရန် အများနှင့်
အချိန်မီ ပူးပေါင်းပါ။

၄၈။ အရေးကြီးတာကို နောက်မှလုပ်ပါ။ အရေးကြီးသောအရာများကို အရေးကြီးသောလူများ စိတ်မ၀င်စား သဖြင့် ဦးစားပေးရန် မလိုအပ်။

၄၉။ အရေးမကြီးသော အထူးအရေးပေါ်များကို ကြံဆဖော်ဆောင်တတ်လျှင် အရေးပါသူ
ဖြစ်လာမည်။ အရေးမကြီးတာများကိုသာ ဦးစားပေးခြင်းဖြင့် သင်၏ တစ်နေ့တာကို
ခက်ခဲခြင်းမှ ကာကွယ်ပါ။



Thursday, 16 February 2012

Time Of Your Life - Green Day


Another turning point, a fork stuck in the road
Time grabs you by the wrist, directs you where to go
So make the best of this test, and don't ask why
It's not a question, but a lesson learned in time

It's something unpredictable, but in the end it's right.
I hope you had the time of your life.

So take the photographs, and still frames in your mind
Hang it on a shelf in good health and good time
Tattoos of memories and dead skin on trial
For what it's worth it was worth all the while

It's something unpredictable, but in the end it's right.
I hope you had the time of your life.

It's something unpredictable, but in the end it's right.
I hope you had the time of your life.

It's something unpredictable, but in the end it's right.
I hope you had the time of your life.
 


video

After You

ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့် လေယာဉ်ကို ကျွန်တော် စောင့်နေ ခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု ရှိတယ်။ အဲဒီ့တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် ၂၀လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာအကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြော နေတဲ့လူတွေကိုကြည့်ပြီး
“အားနာမှုမရှိလိုက်ကြတာ”လို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”က  ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကို သွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲ့ဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည် တွေသယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တို့တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ် ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။

ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကိုတွန်းပြီး အစား အသောက်လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။
ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက် တယ်။ တကယ်တော့ အဲ့ဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။

“After you” 
အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။

“After you” တဲ့။

After ဆိုတာ... ပြီးနောက်။

you ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။

ဒီတော့... “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။

ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။

ကျွန်တော်ဟာ  “After me” သမားပဲ။

ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့...။

ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။

ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။

လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့...။

အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့...။
ငါအဆင်ပြေဖို့...။

“After me”....

“After me”....

“After me”....

ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။

တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။

“After you” ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစား ဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေ ကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့ တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေတယ်။

အဖေက ၀င်ပြောတယ်။

“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့  မှတ်သင်္ကေတဟာ “After me” ပဲ။ “ အသက်တွေကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ” ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you” သမားတွေ များလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။

သူကလည်း ကိုယ့်အပေါ် “After you”

ကိုယ်ကလည်း သူ့အပေါ် “After you”

မိဘကလည်း သားသမီးအပေါ် “After you”

သားသမီးကလည်း မိဘအပေါ် “After you

လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”

လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”

ဆရာကလည်း တပည့်အပေါ် “After you”

တပည့်ကလည်း ဆရာ့အပေါ် “After you”

အပြန်အလှန် “After you” ဆိုတဲ့....

ဝန်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။

ဦးဘုန်း(ဓာတု)
မန္တလေး



Wednesday, 15 February 2012

သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ သင်သိသလား???

"သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့...""ဟာ..အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ..အမေစားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့အမေရ...." 

ထမင်းဝိုင်းမှ အမေအိုကြီး၏ အကူအညီတောင်းသံသည် သားဖြစ်သူ၏အော်ငေါက်သံနောက်တွင် တိုးလျှိုးပျောက်ကွယ်သွား၏...အသက် ၆၀ ကျော်နေပြီဖြစ်သော သူမအတွက် ထမင်းတလုတ်ကို ပါးစပ်ထဲထည့်ဖို့ လက်တွေက ငယ်ငယ်ကလို သန်သန်မာမာမရှိတော့...ဇရာ၏ နှိပ်စက်မှုသည် သူမတစ်ကိုယ်လုံးကို တုန်တုန်ချိချိ ဖြစ်စေခဲ့သည်.. သူမ၏ အတွေးများသည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့တရွေ့ရွေ့ ပြန်ရောက်သွားသည်... 

သားငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ ကြမ်းပြင်ပေါ်တွင်လည်း ပြန့်ကျဲကျလျှက်....ထိုဟာများကို ရှင်းရသည့်အပြင် အရိုးစူးမှာ စိုး၍ အရိုးနွှင်ပေးရသည်....နွှင်ပေးသည့်ကြားက မတော်တဆ သား အရိုးစူးသည့်အခါ အရိုးမြန်မြန်ကျစေဖို့ ငှက်ပျောသီးချော့ကျွေး၍သား၏ရင်ဘတ်လေးကို ကြင်ကြင်နာနာသပ်ပေးပြီး မိမိ၏ သေချာဂရုမစိုက်မှုအတွက်ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံးဖြစ်ခဲ့ရသည်...ခုသူမကိုတော့သားသည်ထိုသို့မဟုတ်ခဲ့....သားရေချိုးသည့်အခါ ရေဇလုံထဲတွင် ပျော်ပါးမြူးတူးနေသည့် သားကို ချော်လဲမှာစိုး၍ ထိန်းကျောင်းပေးခဲ့ဂရုတစိုက် ရေချိုးပေးခဲ့ရသည့် သူမ.. ခု ရေချိုးခန်းထဲရှိရေညှိများဖြင့် ချောနေသောကြမ်းပြင်ကို အမေချော်လဲမှာစိုး၍ တိုက်ချွတ်ရှင်းလင်းပေးရမှန်း သားသတိမထားမိခဲ့...

ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းတတ်သည့် သူမအတွက် "သားကိုယ်တိုင်သွေးထားတာမေမေလိမ်းဖို့ "ဆိုသည့်အပြောမျိုး သားပါးစပ်ဖျားကထွက်ကျလာသည်ကို သူမလိုချင်မိသည်...သို့သော် ငယ်စဉ်က သားကိုပေါင်ပေါ်တင်၍ မိမိသွေးထားသည့် သနပ်ခါးကို သားမျက်နှာပေါ် ကိုယ်တိုင်ကိုယ်ကျ ပါးကွက်ညီညီလိမ်းပေးခဲ့သည့်အချိန်များကို သားမမှတ်မိတော့....သားလက်သည်းခြေသည်းလေးတွေကိုတပတ်တခါ ညှပ်ပေးတိုင်း အသားလေးကို ညှပ်မိမှာစိုး၍ ဂရုတစိုက် ညှပ်ပေးခဲ့သည့် သူမမေတ္တာ...တခါတရံအသားကိုညှပ်မိ၍ သားဆီမှ စူးခနဲထွက်ပေါ်လာသည့် ငိုသံသည် သူမရင်ကိုဗလောင်ဆူအောင် ပြာယာခတ် စေခဲ့မှန်းသားမသိခဲ့.....ခုသူမလက်သည်းခြေသည်းတွေ ရှည်လာတော့ သားကိုယ်တိုင် မိမိကို ဂရုတစိုက်ညှပ်ပေးတာမျိုး တမ်းတမိသည်...သို့သော် "ဒါလေးလုပ်တာများ အမေရယ် ကိုယ်တိုင်ပဲညှပ်လိုက်ပါလားသားမအားဘူး"ဆိုသော သားအပြောအောက်တွင် သူမ၏စိတ်ကူးလေးများပျောက်ပျက်သွားခဲ့ရသည်.....

ကလေးပီပီ ကစားကွင်းသွားရတာ နှစ်သက်သော သားအတွက် တပတ်တခါ အလုပ်အားရက်သည် သားနှင့်အတူ ကစားကွင်းတွင် အချိန်ကုန်စေဖို့ဖြစ်ခဲ့သည်...ပျော်ရွှင်မြူးတူးနေသောသားကိုကြည့်ရင်းသူမရင်ထဲတွင် တပတ်လုံး လုပ်ခဲ့သမျှ အလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်... ခုချိန် ဘုရားသွားချင်၍ "သားဘယ်နေ့အားလဲ အမေ့ကိုလိုက်ပို့ပါလား"ဟူသော မျှော်တလင့်လင့်အမေးကိုအလုပ်အားရက်တိုင်းသူငယ်ချင်းများနှင့် Golf သွားကစားတတ်သော သား၏ အချိန်များကသားကိုယ်စားအဖြေပေးခဲ့သည်....သားငယ်စဉ်ကျောင်းမနေရသေးခင်ကာလ သူတွေ့သမျှ စာများကို "မေမေဒါဘာရေးထားတာလဲဟင် သားကိုဖတ်ပြ " ဟူ၍ တွတ်တီးတွတ်တာ မေးတတ်သည်.... မိမိ အတွက် သားမေးတိုင်းကျောင်းမနေရသေးဘူး ငါ့သားက စာတွေစိတ်ဝင်စားနေပြီဟူသော ပီတိဖြင့် သားကို ဖတ်ပြရ ရှင်းပြရသည်မှာအမောတစ်ခုဟု မထင်မှတ်ခဲ့.....ခု သူမ မျက်လုံးများ ဇရာ၏ နှိပ်စက်မှုအောက်တွင် အရာရာကိုကြည့်ရမြင်ရသည်မှာ မှုန်တ၀ါးဝါး...သားကို ဘာရေးထားသည်လဲမေးတော့သားနှုတ်ဖျား မှ ထွက်ကျ လာသည့် " ဒီလောက်စာလုံးကြီးကြီးနဲ့ရေးထားတာ မမြင်ရဘူးလား အမေရာ "ဆိုသောစိတ်မရှည်သောသား၏အော်သံသည်မာရသွန်ပြေးပြီး ပြန်လာသောကစားသမား တစ်ယောက်ထက် သူမရင်ကို ပို အမောဆို့စေခဲ့သည်....သားငယ်ငယ်က ညအိပ်ခါနီးတိုင်း မိမိပုံပြင်စာအုပ်လေးတွေဖတ်ပြမှ သားအိပ်ပျော်တတ်သည်...သူမသည် သားအတွက် ပုံပြောဆရာမတစ်ဦးဖြစ်ခဲ့သည်...သားမေးသမျှကိုစိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်..ခုတရားစာအုပ်လေးဖတ်ချင်သည့်အခါ သားကိုအကူညီတောင်းမိတော့ "အမေကလည်းတရားခွေတွေ ရှိတာပဲနားထောင်ပါလား " ဟူသော သား၏အပြောသည် မှုန်ဝါးဝါးဖြစ်နေသော သူမ၏ မျက်လုံးအစုံကို ခေတ္တခဏ မိုးရွာစေခဲ့သည်.... သားသည် သူငယ်စဉ်ဘ၀မိမိဂရုစိုက်မှုများကိုမေ့လျော့နေခဲ့သည်...

မိမိ၏ လက်ရှိအသက်အရွယ်သည် လူ့ဘ၀၏နေ၀င်ချိန်ရောက်နေပြီဆိုတာကို သားသတိမထားမိခဲ့...ဇရာထောင်းလာသော သူမအတွက် အစစအရာရာသည် ငယ်စဉ်ဘ၀လို သူတစ်ပါးအကူအညီမပါဘဲ လုပ်ကိုင်ဖို့ ခဲယဉ်းသည်ဆိုတာ သားမသိ....အကူအညီပေးသော ထိုသူတစ်ပါးသည် မိမိရင်မှမွေးဖွားခဲ့သော တစ်ဦးတည်းသောသားလေး ဖြစ်စေချင်သည်ကို သားမေ့နေခဲ့သည်....ထိုဆန္ဒသည်အသက်အရွယ်ကြီးရင့်၍ လူပိုတစ်ယောက်လိုဖြစ်နေသော သူမအတွက် သားကိုဒုက္ခပေးလိုခြင်း မဟုတ်...

သားရင်ခွင်ထဲတွင်နေ၍ သား၏ ပြုစုမှုကို တောင့်တမိသည်...ကြင်နာမှုကို လိုချင်မိသည်..

သား၏မေတ္တာကို မျှော်လင့်မိသည်....မိမိဘ၀၏နောက်ဆုံးအချိန်များကို သား၏ ကြင်နာနွေးထွေးသောဂရုစိုက်မှုများအောက်တွင် ကုန်ဆုံးချင်မိသည့် မိဘတစ်ယာက်၏ စိတ်ဆန္ဒသပ်သပ်သာဖြစ်သည်....

သို့သော် အထီးကျန်ဆန်လှသော သူမ၏ ဘ၀သည် သူမ၏စိတ်ကူးနှင့် လွန်စွာခြားနားလှသည်....မိမိရင်ခွင်ထဲတွင် ပျော်ရွှင်မြူးတူးဆော့ကစားနေခဲ့သော သား၏ ငယ်စဉ်ကာလ ပုံရိပ်လေးကိုပြန်လည်မြင်ယောင်ရင်း သူမ၏ မျက်ရည်တစ်စသည် ထမင်းဝိုင်းပေါ်ရှိ ထမင်းပန်းကန်ထဲသို့ ပေါက်ခနဲ...................

"သင်၏ ကြင်နာနွေးထွေးသောမေတ္တာတရားကို သင်၏မိဘများ မျှော်လင့်နေကြသည်"

မေးလ်ထဲရောက်လာသည့် ကိုကူးယူဖော်ပြခြင်းပါ။



ငါတို့ တွေ ... သူငယ်ချင်း

ငါတို့ကြားမှာ အချင်းချင်းဆိုတာရှိလို့ နောက်ပြောင်တာတွေရှိရတယ်။
ငါတို့ကြားမှာ အချင်းချင်းဆိုတာရှိလို့ လျှို့ဝှက်ချက်တွေပြောခွင့်ရတယ်

မဆက်သွယ်တာကြာတိုင်း ငါတို့ ဝေးကွာသွားတာ မဟုတ်ပါဘူး။
သတင်းတွေမကြားတိုင်း ငါတို့ ဂရုမစိုက်တော့တာ မဟုတ်ပါဘူး။

သူငယ်ချင်းဖြစ်ပြီဆိုတာနဲ့ ငါတို့မှာ အကွာအဝေးမရှိခဲ့တော့ဘူး။
နှလုံးသားမှာ သူငယ်ချင်းဆိုတဲ့သစ်ပင်ကို အမြစ်တွယ်အောင် စိုက်ခဲ့ပြီမို့ပါ။

တကယ်တော့ သူငယ်ချင်းဆိုတာ ဒီလိုပါပဲ...
မေ့သွားတယ်ဆိုတာမရှိခဲ့လို့ သတိရစရာလည်း မလိုခဲ့ပါဘူး..

ငါတို့ဟာ သူငယ်ချင်းပါ
တစ်သက်မပြောင်းတဲ့ ခင်မင်ရင်းနှီးမှုနဲ့ အချင်းချင်းတန်ဖိုးထားရမှာ...
.
ကြီးပြင်းရာလမ်းတလျောက်မှာ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်က ဘဝရဲ့မြေသြဇာပါ... ဘဝတစ်ခု ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းရှင်သန်ဖို့ ဒီမြေသြဇာတွေက မရှိမဖြစ်လိုအပ်ပါတယ်...
 
 
                                                                                   By: Nine Nine Sanay @ နိုင်းနိုင်းစနေ
 
 
 
 
 

Saturday, 11 February 2012

Social engineering , နေဧလိမ်နည်း နှင့် gmail hacking

1978 ခုနှစ်ရဲ့တရက်မှာပေါ့  Rifkin ဟာ ဒေါ်လာသန်းပေါင်းများစွာကို နေ့စဉ်လွဲပြောင်းပေးနေတဲ့ ဘဏ်ရဲ့ လုံခြုံရေးခန်းထဲကို ၀င်လာခဲ့တယ်။သူ.တာဝန်က အဲဒီဘဏ်က computer dataတွေကို back up လုပ်ပေးရတာပါ။ငွေလွဲပြောင်းတဲ့ လုပ်ငန်းစဥ်Data တွေပေါ့။သူ တစ်ခုသတိထားမိတာက ငွေလွဲ၇ာမှာ သုံးတဲ့ code တွေဟာ နေ့စဉ်ပြောင်းနေတယ်။အဲဒီ codeတွေကို တာဝန်ကျတဲ့ ၀န်ထမ်းကိုလည်း လျှို့ဝှက်စွာပြောပြတယ်။ အစောင့် တွေနဲ့အတူတူလုံခြုံရေး အထပ်ထပ်နဲ့ခေါ်ပြီးမှ ငွေလွဲခန်းထဲဝင်ရတယ်။
ဒါပေမယ့် ၀န်ထမ်းတွေဟာ များပြားလှတဲ့ နေ့စဉ်codeတွေကို မေ့မှာစိုးတဲ့အတွက် စာရွက်အပိုင်းလေးတွေနဲ့ ရေးပြီးနံရမှာ သူတို့မြင်သာအောင်ကပ်ထားတတ်ကြတယ်။ဒါနဲ့ပဲ …Novemberတစ်ရက်မှာ Rifkin ဟာ အကြံနဲ့ ရောက်လာပါတော့တယ်။
သူဟာ ထုံးစံအတိုင်း သူ.လုပ်နေကျတာဝန်တွေ ၊ စစ်စရာရှိတဲ့ Dataတွေကို စစ်ဆေးပါတယ် ။အဲလို စစ်နေရင်းက နံရံက codeတွေကို မသိမသာခိုးကြည့်ပြီး စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။ခဏအကြာမှာ သူဟာရုံးခန်းကနေထွက်ခဲ့တယ်။ ငတက်ပြား ကြီးပွားခါစခြေလှမ်းမျိုးနဲ့ပေါ့။
ဘဏ်ကထွက်လာပြီး ညနေ ၃နာ၊ရီလောက်မှာ လမ်းဘေးဖုန်းကနေဘဏ်ရဲ့ငွေလွှဲဌာနကို ဖုန်းဆက်ပါတော့တယ်။သူဟာ Mike Hanse အဖြစ်ဟန်ဆောင်လိုက်တယ်။စကားပြောခန်းက ဒါမျိုးဖြစ်နိုင်ပါတယ်။
Rifkin ။ ။ “ …. ဘဏ်ကလား။ကျနော် Mike Hanse ပါ၊ ငွေလွှဲမလို့ပါ“
စာရေးမ။ ။ ဖုန်းနပါတ်လေးပြောပါရှင်
Rifkin ။ ။ 286 ပါ
စာရေးမ။ ။ code နံပါတ်ပြောပါ ။
Rifkin ။ ။ မှတ်သားထားတဲ့အတိုင်း “4789 ပါ“
အဲနောက်သူက 10 millions $ ကို မကြာခင်က သူအကောင့်ဖွင့်ထားတဲ့ Zurich ဘဏ်ကို လွှဲခိုင်းလိုက်ပါတယ်။
စာရေးမ။ ။ ”interoffice settlement နပါတ်ပြောပါရှင်“
Rifkin ထင်မှတ်မထားတဲ့ မေးခွန်းပါ။ဒါပေမယ့် သူဟာ ဟန်မပျက် ပဲ ကျနော်ပြန်စစ်ပါရစေလို.ပြောပြီး ဖုန်းပြန်ချထားခဲ့ပါတယ်။ အဲနောက်ဘဏ်ကိုပြန်သွား ၊ interoffice settlement ပြန်ရှာကြည့်ပြီးနောက် ဖုန်းပြန်ဆက်ပါတယ်။ဒီတခါမှာတော့ အရာ၇ာအဆင်ပြေခဲ့ပါတယ်။
ရက်များမကြာမီ သူဟာ zurich ဘဏ်ကိုသွားပြီး ငွေထုတ်ကာ 8 millions $ ဖိုးစိန်တွေကို ရုရှားကနေ၀ယ်ယူခဲ့ပါတယ်။ သမိုင်းတလျှောက် အများဆုံးငွေလိမ်လည်မှုပါ…သေနတ်မပစ် ၊ကွန်ပြူတာမပါခဲ့ပါဘူး ။ ဂင်းနစ်စံချိန်မှာတော့ ‘biggest computer fraud” ပါတဲံ့။ အဲမှာ Stanly Rifkin ဟာ လှပတဲ့ လိမ်လုံးလေး ….social engineering ကို သုံးခဲ့တာပါ။
ဒါတွေက ဘာကိုပြောတာလဲဆိုရင် လုံခြုံးရေးမည်မျှပင် တင်းကျပ်စေကာမူ လူများ၏နမော်နမဲ့နိုင်မှုကြောင့် အရာရာဆုံးရှုံးနိုင်ကြောင်းပါ။ ခုတစ်လော Gmail hacking အကြောင်းအလွန်တရာကြားနေရပါတယ်။ ဒါဟာ တကယ်ပဲ ပညာနဲ့ hack တာဖြစ်နိုင်သလို မိမိကိုယ်တိုင်ရဲ့ ပေါ့ဆမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကျနော် လည်းအကြိမ်ကြိမ်ကြုံဘူးပါတယ်။ ရုပ်ရှင်သရုပ်ဆောင် မအူဝဲ မင်္ဂလာဆောင်တယ်ဆိုပြီး လင့်လေးပေးတာ သြော်ရက်စက်ပါ့ အူဝဲရယ်ဆိုပြီး ကယောင်ကတန်းနဲ့ click လုပ်မိတာ ကြောင်ရုပ်ကြီးပေါ်လာပြီး ဟားသွားပါတယ်။
။လူတစ်ယောက်ရဲ့ gmail ထည့်ရုံနဲ့ သူဘယ်နေရာကဆိုတာပြောနိုင်တယ်ဆိုတုန်းကလည်း gmail အထည့်ကောင်းလို. ဟားတာခံရဘူးပါတယ်။မြန်မာပြည်မှာလည်း အရင်တုန်းက နေဧဆိုတဲ့လူက အဲလိုအကွက်လှလှလေးတွေသုံးပြီးလိမ်ဘူးပါတယ်။အိုင်းစတိုင်းက universe နဲ့ လူရဲ့ နမော်နမဲ့နိုင်မှု နှစ်ခုသာလျှင် infinite ပါတဲ့။ကျနော်တို့ ရဲ့ မျက်စိမှိတ်ယုံကြည်မှုတွေရှိသရွှေ.တော့ ခံနေရဦးမှာပါပဲ။ လူတိုင်းလူတိုင်း အညာခံရမှုမှ ကင်းဝေးကြပါစေကြောင်းဆုတောင်းလျှက် …..

ARTIFICIAL INTELLIGENCE - ဉာဏ်တု

ဟိုနေ့က မဂ္ဂဇင်းတစ်အုပ်ထဲမှာ ဖတ်လိုက်ရတယ်။ ကွန်ပျူတာတွေမှာ “ဉာဏ်တု” ကို ထည့်တော့မယ်တဲ့။ စာအုပ်ကို ဘေးချပြီး ကျွန်တော် မျက်မှောင်ကြုတ် စဉ်းစားနေမိတယ်။ ကွန်ပျူတာနဲ့ပတ်သက်မှ “ဉာဏ်တု” ရှိလာတာ မဟုတ်ပါဘူး။ လူတွေမှာလည်း အစောကြီးကတည်းက “ဉာဏ်တု” ရှိတယ်။

တချို့လူတွေမှာ ရှိတဲ့ဉာဏ်က အစစ်မဟုတ်ဘူး။ မွေးရာပါ အတုကြီး။ သူတို့ဉာဏ်နဲ့သူတို့ ဘာမှမလုပ်နိုင်ဘူး။ သူများဉာဏ်နဲ့ ဖော်ထုတ်တားတာတွေကိုပဲ အတုခိုးပြီး လိုက်လုပ်နေရတယ်။

ကွန်ပျူတာကို “ဉာဏ်တု” တပ်ပေးတာ ကောင်း,မကောင်းတော့ ကျွန်တော် မပြောနိုင်ဘူး။ လူတွေမှာ ဉာဏ်တုရှိနေတာတော့ မကောင်းဘူး။

Friday, 10 February 2012

ငှက်ပျောသီး၊လှေကား၊ရေခဲရေ၊မျောက်များနှင့်ကျနော်တို့

သူငယ်ချင်းတို့ရေ … တစ်ခါကပေါ့  စမ်းသပ်ချက် တခုမှာ သိပ္ပံ ပညာရှင်များဟာ မျောက် ၅ ကောင်ကို လှောင်အိမ် တခုထဲမှာ အတူတူ စုထား လိုက်တယ်။
ပြီးတော့ လှောင်အိမ်ရဲ့ အလယ်တည့် တည့်မှာ လှေကားတစင်းထောင်ထားပြီး လှေကားထိပ် မှာတော့ ငှက်ပျောသီး တဖီးကို တင်ထားပေး သတဲ့။
တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို တက်ဘို့ ကြိုးစားတဲ့အခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို (မျောက်တွေ ကြောက်တဲ့) ရေခဲတမျှ အေးစက်နေတဲ့ ရေအေးတွနဲ့ နေမထိ ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။
ဟော … မကြာပါဘူး။ မျောက်တွေဟာ သူတို့အထဲက တကောင်ကောင် လှေကားပေါ်တက်ဘို့ ကြိုးစားတာနဲ့ အဲဒီ အကောင်ကို ကျန်တဲ့ လေးကောင်က ၀ိုင်းပြီး ထုကြ နှက်ကြတော့တာဘဲတဲ့။ အဲဒီအခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းတာကို ရပ်နားထားလိုက်တော့ သတဲ့။
အဲသည်နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်ဖြားယောင်းမှု ဘယ်လိုပင် အားကောင်းလွန်း လှပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး လှေကားပေါ်ကို တက်ဘို့ ထပ်မကြိုးစားရဲတော့ဘူးတဲ့။
ဒီလိုအနေအထားမှာ သိပ္ပံပညာရှင်တွေဟာ မူလမျောက်ငါးကောင်ထဲက တကောင်ကို လှောင်အိမ် ထဲက ထုတ်။ သူ့နေရာမှာ မျောက်အသစ်တကောင်နဲ့ လဲလှယ်အစားထိုးလိုက်တယ်။ မျောက်အသစ်ဟာ လှောင်အိမ်ထဲကို ရောက်တာနဲ့ (မျောက်ပီပီ) လှေကားပေါ်ကို ပြေးတက်ပြီး ငှက်ပျောသီကို ယူဘို့ ကြိုးစားတော့တာပေါ့။ ကျန်တဲ့ လေးကောင်ကလည်း ထုံးစံအတိုင်း မဆိုင်းမတွ သူ့ကို ၀ိုင်း သမ ကြသတဲ့။ (ကွိကွိ … ကွကွ … ကွိကွ … ခွေးမသားမျောက် … ဆော်ပစ် … ကွစ်ကွစ်)
အဲသလို မကြာခဏ ထုနှက်ခံရပြီးတဲ့နောက်မှာ အသစ်ရောက်လာတဲ့ မျောက်ဟာ ဘာကြောင့် ဒီလို ထုနှက်ကြသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို စဉ်းစားလို့ မရပေမယ့်လည်း လှေကားပေါ်ကို မတက်ရဘူးဆိုတဲ့ အချက်ကိုတော့ ကောင်းကောင်းကြီး သဘောပေါက်လာတယ်။ လှေကားပေါ်တက်ဘို့ကိုလည်း ထပ်မံမကြိုးစားရဲတော့ဘူးတဲ့။
ဒုတိယ မျောက်အသစ်တကောင်ကို မျောက်အဟောင်းတကောင်ရဲ့ နေရာမှာ ထပ်မံ အစားထိုး ထည့်လိုက်တဲ့အခါမှာလည်း အလားတူ အဖြစ်မျိုး ထပ်ဖြစ်တယ်။ ဒီနေရာမှာ စိတ်ဝင်စား ဘို့ကောင်းတာက ဒုတိယ မျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကြတဲ့အခါ သူ့အရင်ရောက်တဲ့ မျောက်အသစ်ကပါ ဘုမသိ ဘမသိ ၀င်ပြီး ထုနှက်တာကို တွေ့ရသတဲ့။ (ကြည့်ရတာ လူတွေသာမက မျောက်တွေလည်း ဆွမ်းကြီးလောင်းရတာ ၀ါသနာပါပုံရတယ်။)
ဒီလိုနဲ့ တတိယ မျောက်အသစ်တကောင်ကို မူလမျောက်အဟာင်းထဲက တကောင်နေရာမှာ အစားထိုးထည့်ကြည့်တယ်။ ထုနှက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။ စတုထ္ထမျောက်အသစ်တကောင် ထပ်လဲထည့်တယ်။ ထုရိုက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။ နောက်ဆုံးမှာ ပဉ္စမမြောက် မျောက်အသစ်ကို နောက်ဆုံးလက်ကျန် မျောက်အဟောင်းနေရာမှာ အပြီးသတ် လဲထည့်လိုက်တော့တယ်။
သူငယ်ချင်းတို့ရေ … အခုဆိုရင် လှောင်အိမ်ထဲမှာ ရှိနေတဲ့ မျောက်ငါးကောင်လုံးဟာ နောက်မှ ရောက်လာကြတဲ့ မျောက်အသစ်တွေချည်းပေါ့ဗျာ။ သူတို့အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို တခါမှ မကြုံခဲ့ရဖူးဘူးဗျ။ ဒါပေမယ့် သူတို့ထဲက တကောင်ကောင် လှေကားပေါ်ကို တက်ဘို့ကြိုးစားရင်တော့ ကျန်တဲ့လေးကောင်က ၀ိုင်းဝန်းပြီး ထုကြနှက်ကြဆဲဘဲတဲ့။ ဒါပေမယ့် ဘာကြောင့် အဲသလို ထုနှက်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မျောက်ငါးကောင်စလုံး လုံးဝ မသိကြရှာဘူးတဲ့။
ကဲ … ပုံပြင်လေးကတော့ ဒါပါပဲ ။
သူငယ်ချင်းတို့ရော … အဲဒီမျောက်ငါးကောင်လိုမျိုး ထူးဆန်းတဲ့ အပြုအမူကို လူ့အဖွဲအစည်း အတွင်းမှာ  တွေ့ဘူး ကြုံဘူးပါသလား။
တဆက်တည်း မေးလိုက်ချင်သေးတာက ကိုယ်ကိုတိုင်ကော ဘယ်နှခါလောက် အဲလိုလုပ်မိပြီးပြီလဲ … ???

( … သူငယ်ချင်းတယောက် မေးလ်ကနေပို့ပေးလိုက်တာပါ။ တဦးတယောက်ရဲ့ မူပိုင်ဆိုရင် အသိပေးပါ။ ဖြည့်စွက် ဖော်ပြပေးပါမယ်။ … )




Thursday, 9 February 2012

သူ့ လို "လူ"

ဟိုးနှစ်ပေါင်း များစွာက အရှေ့ ဂျေရုစလင် မှာ အာရေဗစ် တက္ကသိုလ်ကြီး တစ်ခုရှိခဲ့ဘူးတယ်။ အဲဒီ တက္ကသိုလ်ကြီးမှာ သူငယ်ချင်း နှစ်ယောက်ဟာ ဂဏာန်းသချာင်္ အတတ်ကို လာသင်ကြတယ်။ ပညာစုံလို့ မွေးရပ်ကို ပြန်ကြတော့ လမ်းမှာ သူငယ်ချင်းနှစ်ယောက် ထဲက တစ်ယောက်က နောက်တစ်ယောက်ကို ပုစ္ဆာတစ်ခု မေးတယ်။

        “ ၁ + ၂ = ဘယ်လောက်လဲ ”

       တဲ့။ တစ်ယောက်က ဖြေတယ် ၃ တဲ့။ ဒီတော့ မေးခွန်း မေးသူက မှားတယ် ၁ဝ ဆိုပြီး ငြင်းကြရင်း အဆုံးဖြတ်ခံဖို့ ၊ ဆရာဆီကို ပြန်လာကြတယ်။ ဆရာဆီလည်း ရောက်ရော ၊ ဆရာက ၁၀ ဆိုတဲ့ လူကို ဘာမှမလုပ်ဘဲ ၊ ၃ လို့ ဖြေတဲ့ လူကို တုတ်နဲ့ ရိုက်သတဲ့။ အရိုက်ခံရတဲ့လူက . . .

       “ ဆရာအဖြေက ၃ မဟုတ်ဘူးလား ၊ ဘာလို့ရိုက်တာလဲ ”

       လို့မေးတော့ ဆရာက  . . . . 

       “ ဒီပုစ္ဆာကို ကလေးတောင် သိတယ်။ ဒါကို အလုပ်မရှိ အလုပ် ရှာပြီး ၃ မှန်း သိလျှက်နဲ့ ကိုယ်သွားမဲ့ ခရီး ဖြောင့်ဖြောင့် မသွားဘဲ ၊ ဟိုလူမိုက် ကို ဒုက္ခရှာပြီး ပြန်လှန် ချေပတာရယ်။ လောကမှာ အမှန်တရား ဆိုတာ အယူဝါဒကြောင့် ၊ အတွေးအခေါ် အယူအဆကြောင့် ၊ အသိဥာဏ် မဖွင့်ဖြိုးအောင် ပြုစုပျိုးထောင် ခံရခြင်းကြောင့် ၊ မွေးရာပါ ဗီဇကြောင့် အဲလို အကြောင်းတွေကြောင့် ၊ အမှန်တရားကို မသိကြဘူး။ 

       ဒီအထဲမှာ ဟိုလူမိုက်ဟာ ၃ ကို ၃ မှန်း မသိတာဟာ အယူဝါဒကြောင့်လည်း မဟုတ်ဘူး ၊ အတွေးအခေါ် ကြောင့်လည်း မဟုတ်ဘူး ၊ သူတပါးက အနိုင်ကျင့်လို့ ( တနည်း ) အသိဥာဏ် တုန်းအောင် လုပ်ခံ ထားရလို့လည်း မဟုတ်ဘူး ၊ မွေးရာပါ ဗီဇကြောင့်သာ သေသေချာချာ သင်ပေးထားပါလျှက် ၃ ကို ၃ မှန်းမသိတာ။ အဲဒီလို အသိတရား မရှိတဲ့ လူကို မင်းပြန်လှန်ပြီး ငြင်းခုန် ချေပတဲ့ မင်းဟာ အဲဒီ လူထက်ကို မိုက်လို့ ငါရိုက်တာ ” 
လို့ အဖြေပေးခဲ့တယ် ။
သူငယ်ချင်းတို့ လည်း   မွေးရာပါ ဗီဇကြောင့် အမှန်ကို အမှန်မှန်း မသိအောင် ဖြစ်နေတဲ့ လူတွေ ၊ သူများက သွေးထိုးခံထားရတဲ့ လူတွေကို အမှန်တရားကို သိလိုဇောနဲ့ ကိုယ့်ရဲ့ အချိန်တွေကို အကုန်ခံကာ ပြောဆို ရှင်းပြမနေပါနဲ့  လွတ်ထားလိုက်ပါ ...



လူနှင့် ထူးဆန်းမှု

တစ်ခါက . . . .

အရမ်းကို ဆင်းရဲတဲ့ ညီအစ်ကို နှစ်ယောက် ရှိသတဲ့။ သူတို့ဟာ ဆင်းရဲလွန်းလို့ အဆင်ပြေအောင်တောင်မှ မနည်း လုပ်ကိုင်စားသောက်နေရသတဲ့။ တစ်နေ့တော့ ဒီလို ဆင်းရဲစွာ နေရတာကို မခံနိုင်တဲ့ အဆုံး အစ်ကို လုပ်သူက မိဘတွေ သူတို့ကို အမွေအဖြစ်ပေးသွားတဲ့ “ မျက်လုံးတစ်လုံးရွာသို့ ” ဆိုတဲ့ မြေပုံအတိုင်း သွားပြီး အဲဒီမှာရွာမှာသာ တကယ်ကို မျက်လုံးတစ်လုံးနဲ့ လူတစ်ယောက်လောက်ကို ဖမ်းပြီး ရုံသွင်းပြစား လိုက်ရင် သူတို့အတွက် အဆင်ပြေမယ် လို့ စဉ်းစားမိတယ်။

ဒီတော့ အစ်ကို လုပ်သူက ညီဖြစ်သူကို မျက်လုံးတစ်လုံးရွာကို သွားပြီး မျက်လုံးတစ်လုံးနဲ့ လူကို ဖမ်းခေါ်လာဖို့ စည်းရုံးတယ်။ ဒါပေမဲ့ ညီဖြစ်သူက စိတ်မဝင်စားဘူး။ အစ်ကိုလုပ်သူလည်း ညီဖြစ်သူကို မျိုးစုံ ဆွဲဆောင်ပေမဲ့ ညီဖြစ်သူက စိတ်မဝင်စားလို့ နောက်ဆုံးတော့ ကိုယ့်ဖာသာ တစ်ယောက်တည်း သွားမယ် ဆိုပြီး ဆုံးဖြတ်လိုက်သတဲ့။ ဒါကြောင့် သူက ညီဖြစ်သူကို နှုတ်ဆက်တယ်။

“ အစ်ကိုကတော့ မျက်လုံးတစ်လုံးရွာကို သွားရှာဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါပေမဲ့ ညီလေးက စိတ်မဝင်စားတော့လည်း မလိုက်နဲ့ပေါ့။ ဒါကြောင့် အစ်ကို မြေပုံလေးကို ညီလေးအတွက် ထားခဲ့မယ်။ အစ်ကို ထွက်သွားပြီး လအနည်းငယ်ကြာလို့မှ မျက်လုံးတစ်လုံးလူနဲ့ အတူတူ အစ်ကို ပြန်မရောက်လာဘူး ဆိုရင်တော့ အစ်ကိုနောက်ကို လိုက်ခဲ့ပါ။ ”

လို့ ဆိုပြီး ထွက်သွားတော့တယ်။ ညီဖြစ်သူကလည်း အစ်ကို ပြောသွားတဲ့ အတိုင်း စောင့်နေခဲ့တယ်။ ဒါပေမဲ့ လပေါင်းများစွာသာ ကြာသွားတယ် သူ့ရဲ့ အစ်ကို ပြန်မလာဘူး။ ဒါကြောင့် နောက်ဆုံးမှာ အစ်ကို မှားကြားထားတဲ့ အတိုင်း မြေပုံလေး ကိုင်ပြီး အစ်ကို သွားတဲ့ မျက်လုံးတစ်လုံးရွာကို လိုက်လာခဲ့တယ်။ မြေပုံအညွှန်းက အရမ်းကောင်းလွန်းတော့ မကြာခင် အချိန်မှာပဲ မျက်လုံးတစ်လုံးရွာ အဝင်ဝကို ရောက်သွားခဲ့တယ်။ ပြီးတော့ သူ ရွာထဲကို ဝင်လာခဲ့တယ်။

သူရောက်သွားတဲ့ အချိန်မှာပဲ အဲဒီရွာက လူတွေက ရုံကြီးတစ်ခုထဲကို လက်မှတ်လေးတွေ ဝယ်ပြီး ဝင်သွားကြတယ်။ ရုံမှာရေးထားတာက “ လူထူးဆန်းပြပွဲ ” လို့ ဆိုတယ်။ ညီဖြစ်သူကလည်း ထူးဆန်းတာကို ဝါသနာပါလေတော့ ရုံထဲကို လက်မှတ်ဝယ်ပြီး ဝင်ကြည့်လိုက်တယ်။ သူလည်း အထဲကို ရောက်ပြီး အထဲမှာ ပြထားတဲ့ လူထူးဆန်းကို ကြည့်လိုက်တော့ သူ့အစ်ကို ဖြစ်နေတယ်။ ညီဖြစ်သူလည်း အရမ်းကို တုန်လှုပ်သွားပြီး သူ့အစ်ကိုကို မေးလိုက်တယ်။

“ အစ်ကို ဘယ်လိုဖြစ်ပြီး အခုလို လူထူးဆန်း ပြပွဲရုံထဲ ရောက်နေရတာလဲ။ ”

လို့ သူက မေးလိုက်တော့ သူ့အစ်ကိုက ပြန်ဖြေတယ်။


“ ဒီလို ညီလေးရေ ၊ အစ်ကိုက မျက်လုံးတစ်လုံးထဲ ရှိတဲ့ လူကို ဖမ်းပြီး အစ်ကိုတို့ မျက်လုံး နှစ်လုံး ရှိနေတဲ့ လူတွေဆီမှာ လူထူးဆန်း ဆိုပြီး ပြစားရင် ပိုက်ဆံတွေ ရမယ် ဆိုပြီးသာ စဉ်းစားခဲ့မိတယ်။ ဒါကြောင့် သူတို့ထဲက တစ်ယောက်ကိုပဲ ဖမ်းပြီး ခေါ်ဖို့ ကြိုးစားနေတာလေ။ တကယ်တော့ မျက်လုံးတစ်လုံးထဲ ရှိနေတဲ့ လူတွေဆီမှာတော့ မျက်လုံးတစ်လုံးက မထူးခြားဘူးပေါ့ကွာ။ သူတို့ဆီမှာက အစ်ကိုတို့လို မျက်လုံးနှစ်လုံး ရှိနေသူတွေကသာ ထူးခြားကြတာလေ။

ဒါကြောင့် သူတို့ အစ်ကိုလည်း မြင်ရော  ဝိုင်းဖမ်းပြီးတော့ လူထူးဆန်း ဆိုပြီး ရုံသွင်းပြလိုက်တာပါပဲကွာ။ တကယ်တော့ ကိုယ့်မှာ မထူးဆန်းပေမဲ့ သူများဆီမှာ ထူးဆန်းနေတတ်ပြီး သူများဆီက ထူးဆန်းနေတာက ကိုယ့်မှာ ဘာမှ မဟုတ်ဘဲ ဖြစ်ချင် ဖြစ်နေတတ်တယ် ညီလေး။ ”
သူငယ်ချင်းတို့ လည်း သူငယ်ချင်းတို့ ရဲ့  မထူးခြားတဲ့ ထူးခြားမှုလေးတွေကို အသုံးချနိုင်ပါစေ ...

လရေးနှစ်ချောင်းငင် လူ



တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးမှာ အမတ်ကြီးနှစ်ဦး ရှိပါသတဲ့။ တစ်ဦးက ဘုရင်ကြီးရဲ့ ဘုန်းတန်ခိုးတွေကို ဖွဲ့နွဲ့သီကျူးတဲ့နေရာမှာ အရမ်းတော်သတဲ့။ ဘုန်းတော်ဘွဲ့တွေပေါ့လေ။ ဒါကြောင့် ဘုရင်က ဆုလာဘ်တွေ ပေးသနားပြီး မြှောက်စားထားတဲ့အတွက် ဆီဦးထောပတ်တွေစားပြီး ကောင်းစားနေသတဲ့။

အခြားအမတ်တစ်ဦးကတော့ ပညာရှိပီပီ လိုအပ်မှပဲ ပြောသတဲ့။ အကြံဉာဏ်တွေကိုလည်း ဘုရင်ကြီးက တောင်းမှပဲ ပေးသတဲ့။ ဒါပေမယ့် သူပေးတဲ့ အကြံဉာဏ်တွေက ထိရောက်ကောင်းမွန်တဲ့အတွက် ဘုရင်ကြီးက သူ့ကို သိပ်သဘောမကျပေမယ့်လည်း မပစ်ပယ်ရဲဘူးတဲ့။ သူဟာ ဘုရင်ကြီးအတွက် ဘုန်းတော်ဘွဲ့မျိုး တစ်ခါမှ မစပ်ဆိုခဲ့ဘူးတဲ့အတွက် ဘုရင်ကြီးရဲ့ မြှောက်စားမှု မခံရဘဲ ဆင်းဆင်းရဲရဲနဲ့ နေရသတဲ့။


တစ်ရက်မှာတော့ ဘုန်းတော်ဘွဲ့ အရွတ်ကောင်းတဲ့ အမတ်ကြီးဟာ ပညာရှိအမတ်ရဲ့အိမ်ကို သွားရောက်လည်ပတ်ပါသတဲ့။ အဲဒီအခါ ပညာရှိအမတ်ကြီးခမြာ ငါးပိရည်၊ တို့စရာနဲ့ ထမင်းစားနေရတာကို မြင်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိသတဲ့။ အဲဒါကြောင့် တိုက်တွန်းလိုက်ပါသတဲ့။
"ဘုန်းတော်ဘွဲ့တွေ ရွတ်ဆိုပြလိုက်စမ်းပါ။ ငါးပိရည်၊ တို့စရာနဲ့ပဲ စားနေရတဲ့ဘ၀က လွတ်မြောက်ပါလိမ့်မယ်" ပေါ့။



အဲဒီအခါ ပညာရှိအမတ်ကြီးက ဘယ်လိုပြန်ပြောလိုက်သလဲဆိုတော့ -
"မိတ်ဆွေ…၊ ငါးပိရည်နဲ့ တို့စရာကို ကြိုက်နှစ်သက်ပါ။ အဲဒီအခါ ဘုရင်ကို မြှောက်ပင့်နေရတဲ့ ၀ဋ်က လွတ်ကင်းပါလိမ့်မယ်" တဲ့။

ကျွန်တော်တို့ ဆိုရင်ရော ငပိရည်တို့ စရာနဲ့ ပဲ ရောင့်ရဲမလား ...
ကျွန်တော်ထင်ပါတယ်  ... :)


လူနှင့် ခံယူချက်

တစ်ခါက ရွာလေးတစ်ခုတွင် တရုတ်အဘိုးကြီး သားအဖနှစ်ယောက် ရှိကြသည်။ သူတို့က မြင်းမွေးသည်။ တစ်နေ့တွင်တော့ မြင်းတစ်ကောင် ပျောက်သွားသည်။ အိမ်နီးချင်းတွေက တရုတ်ကြီးကို သနားကြသည်။

"စိတ်မကောင်းပါဘူးဗျာ။ ခင်ဗျား ကံဆိုးရှာတယ်"

"ဘာဖြစ်လို့ ကံဆိုးတယ် ပြောတာလဲ"

"ခင်ဗျားမှာ မြင်းတစ်ကောင် ပျောက်သွားတယ်မဟုတ်လား"

"မြင်းတစ်ကောင် ပျောက်သွားတာနဲ့ ကံဆိုးတယ်လို့ ခင်ဗျား ဘာကြောင့်ပြောနိုင်သလဲ"

ဤသို့လျှင် လုံးလည်ပတ်ချာ လိုက်နေလေတော့ အိမ်နီးချင်းတွေကလည်း ခွစာကြီးဆိုပြီးလျှင် ဆက်မပြောကြတော့။ သည်လိုနှင့် တစ်ပတ်ဆယ်ရက်လောက် ကြာလေတော့ မြင်းဆိုသည့်မှာ အဖော်ခင်တတ်သည့် သတ္တ၀ါများ ဖြစ်ကြသည့်အတိုင်း ပျောက်သွားသောမြင်း ပြန်ရောက်လာသည်။ ရောက်လာတော့ တစ်ကောင်တည်းမဟုတ်။ မြင်းရိုင်းတစ်ကောင်ပါ အပိုပါလာသေးသည်။ သည်တော့ အိမ်နီးချင်းများက -

"ခင်ဗျား ကံကောင်းတယ်ဗျာ"

"ဘာဖြစ်လို့လဲ"

"ခင်ဗျားမှာ မြင်းတစ်ကောင် တိုးလာတယ်လေ"

"မြင်းတစ်ကောင် တိုးတာနဲ့ ကံကောင်းတယ်လို့ ဘာကြောင့် ပြောတာလဲ"

ရှေးနည်းတိုင်းပင် ခွစာကြီးကို ဆက်မပြောကြတော့။ သည်လိုနှင့် နောက်ရောက်လာသော မြင်းရိုင်းကို သားဖြစ်သူက စီးကောင်းကျင့်ရာ မြင်းပေါ်က လိမ့်ကျပြီး ခြေကျိုးသွားသည်နှင့် ခြေထောက်ကလေး ထော့နင်းဖြစ်သွားရှာသည်။

အိမ်နီးချင်းတွေက စိတ်မကောင်းကြ။

"ခင်ဗျား ကံဆိုးတယ်ဗျာ"

"ဘာဖြစ်လို့လဲ"

"ခင်ဗျားမှာ ဒီသားလေး တစ်ယောက်ပဲရှိတာ။ ခြေကျိုးသွားတာကိုး"

"ကျုပ်သား ခြေကျိုးတာနဲ့ ကံဆိုးတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ"

ရှေးနည်းတိုင်း ခွစာကြီးကို ဆက်ပြီး ဘာမျှ မပြောကြတော့ချေ။  သည်လိုနှင့် တစ်နေ့တော့ ပြည်နယ်ချင်း စစ်ဖြစ်ကြရာ ပြည်နယ်ဧကရာဇ်က တစ်နယ်လုံးရှိ ရဲရင့်သန်မာသူ လူငယ်မှန်သမျှ စစ်ထဲလိုက်ရမည် အမိန့်ထုတ်ပြန် ခေါ်ငင်သွားရာ သူ့သားကလေးတစ်ယောက်သာ ခြေထောက်ထော့နင်း ဖြစ်နေသောကြောင့် ချမ်းသာရာရခဲ့သည်။

သည်တော့ အိမ်နီးချင်းတွေက - "တရုတ်ကြီး ကံကောင်းတယ်" တဲ့။

ဒီလိုပါပဲ ဘ၀ဆိုတာက ကျွန်တော်တို့ အတွက်ဘယ်ဟာက ကံကောင်းတာလည်း ဘယ်ဟာကကံဆိုးတာလည်း ...  ...  ... 
ကျွန်တော်တို့  ခံယူချက်ပေါ်မှာပဲ မူတည်ပါတယ် ...



ANTIMATTER- ဆန့်ကျင်ဒြပ်

လောကကြီးမှာ ဒြပ်တွေရှိသတဲ့။ သူတို့ကို တိုးဝင်တိုက်ဖျက်တဲ့ ဆန့်ကျင်ဒြပ်တွေလည်း ရှိတယ်။ သူတို့ချင်းတွေ့ရင် ကြေပျက်သွားကြတယ်။ တစ်ခုကိုတစ်ခုက ချေမှုန်းပစ်တယ်။ ဒြပ်မှုန်တစ်ခုရယ်၊ ဆန့်ကျင်ဒြပ်မှုန်တစ်ခုရယ်ဟာ ခမ်းခမ်းနားနား ၀င်းဝင်းလက်လက်နဲ့ပဲ တိုက်ဖျက်ပျောက်ကွယ်သွားကြတယ်။

အာရုံထဲမှာ မြင်ကြည့်မိတယ်။ အတော်လှမှာပဲ။ ရှက်သလိုလည်း ခံစားရတယ်။ လူတွေနဲ့ ယှဉ်တွေးမိလို့ပါ။

လူ့လောကမှာလည်း လူတွေရယ်၊ ဆန့်ကျင်လူတွေရယ် ရှိတယ်။ ဆန့်ကျင်လူတွေက ဆန့်ကျင်ဒြပ်တွေလို မဟုတ်ဘူး။ စကားတွေ လျှောက်ပြောတယ်။ ဘယ်သူ့ကိုမှလည်း အကောင်းမမြင်ဘူး။ စိတ်ပျက်စရာကောင်းလှတဲ့ရုပ်၊ နာမ် အတွဲကြီးတွေပေါ့။

အဲဒီဆန့်ကျင်လူတွေဟာ အခွင့်အရေးရတာနဲ့ အချို့အချို့သော လူတွေကို ကိုက်စားဖျက်ဆီးနိုင်အောင် ကြိုးစားတယ်။ ဆန့်ကျင်ဒြပ်တွေလို ခမ်းနားဝင်းလက်စွာ တိုက်ခိုက်လာခြင်းမျိုး မဟုတ်ဘူး။ စုတ်ပြတ်မည်းမှောင်စွာ တိုက်ခိုက်တတ်ကြတယ်။

သူတို့ကို ကျွန်တော် မကြိုက်ဘူး။ ဒါပေမယ့် မောင်းထုတ်လို့လည်း မရဘူး။ ဘာမှ မတတ်နိုင်ဘူး။ “လူ” ရှိနေရင် သူတို့လည်း ရှိနေမှာပဲ။ သဘာဝပဲလေ...။

ရွာသူ

ဆယ့်နှစ်ကြိုးကဝေအတတ်နဲ့.

(ငါ့ရင်ထဲက ) မီးခတ်တဲ့ စကားလုံးတွေကိုသတ်ငြိမ်း..

အိမ်မက်သိမ်းတမ်း ပြုစားတတ်တဲ့ ..ရွာသူရေ

ရင်ခုန်သံတွေကိုပဲ..ခေါစာပစ်လိုက်တယ်..

သခင်မ..

ပျော်ပါ...ပါးပါ..စားပါ..သောက်ပါ..

မရိုမသေ တမ်းတမိတဲ့..

ဟောဒီက အမိုက်အမဲကောင်ကိုလည်း အပြစ်ကလွှတ်တော်မူပါ..

မီးစတစ်ဖက်..ရေမှုတ်တစ်ဖက်

အကြည့်လက်လက်တွေကိုလည်း

ပေးသနားတော်မူပါ..

' တရားဝင်စစ်ကြေငြာပြီးမှ မတွယ်တာရရင်...

ဘာမှမလုပ်ချင်ဘူး' ဆိုတဲ့

ဟောဒီက ငပျင်း...အတွက်

လက်ကြောတင်းအောင်..လွမ်းခွင့်ပြုတော်မူပါ..။              ။

                                                                                       By: မင်းခိုက်စိုးစံ






ဘူတာရုံနှင့်တူသော ကောင်မလေး

-ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီ ဘူတာရုံကလေးရေ...လွမ်းတယ်....။
-အရမ်းကြီး မဟုတ်ပေမယ့် ...တစ်ခါတစ်ခါ
ယောကျာ်းတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့် ရှိတာပဲ မဟုတ်လား။
-ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ်....
ပြောပါ...မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ။
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ....
တိတ်တိတ်ကလေး ရပ်စောင့်နေတာ ကြာပြီလေ...။
-ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ ကုန်တင်ကုန်ချလုပ်ခွင့် မပြုတဲ့
မင်းရဲ့ ဘူတာရုံကလေးဆီ...
....လာမယ်.......။
မင်းရဲ့ ဘူတာရုံကလေးဆီ....
....လာမယ်.......။
- ဟောဒီကောင်.....ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့် သံလမ်း ကိုယ်ဖောက်ခဲ့တာပါ...။
....နောက်ကျသွားတယ်။
အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့ အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့် ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ်...။              ။

                                                                                       By: မင်းခိုက်စိုးစံ