Search This Blog
Showing posts with label ရောက်တတ်ရာရာများ. Show all posts
Showing posts with label ရောက်တတ်ရာရာများ. Show all posts
Friday, 21 September 2012
တန်ဖိုး
ဘာမှ မလုပ်ပဲ ရတဲ့  ပိုက်ဆံထက်
တောင်းစားပြီးရတဲ့  ငွေတကျပ်က ပိုတန်ဖိုးရှိပါတယ်...
ဘာလို့ လဲဆိုတော့ 
အဲငွေတကျပ်မှာ ကိုယ်ရင်းနှီးထားတဲ့  ချွေးစက်လေးတွေပါတယ်...
ခေါင်းလေးငုံ့ ထားတဲ့  မာနတချို့ ပါတယ်...
လက်ညိုးထိုးကဲ့ ရဲ့ သူတွေရဲ့  အပြစ်တင်ခြင်းတွေပါတယ်...
မယုံကြည်နိင်တွေသူတွေရဲ့  သံသယတွေ ပါတယ်...
                                                                                                  (ပုံရိပ်စစ်)
Monday, 10 September 2012
အတ္တစိတ်
 ကျွန်တော့်သူငယ်ချင်းတွေဖတ်ပြီးသား စာတစ်ပုဒ် ဖြစ်ချင်ဖြစ်မှာပါ  ဒါပေသိ ကျွန်တော့်ဘလော့လေးက
ကျွန်တော့်မှတ်စုလေးလို ဖြစ်နေတာမို့  ... :)
တစ်နေ့ ပေါ့ဗျာ
မိုးသက်လေပြင်းတွေကျနေတဲ့နေ့တစ်နေ့ ပေါ့ ...
 သင်က ကားတစ်စီးနဲ့ ဘတ်စ်ကားဂိတ်ရှေ့ ကနေမောင်းသွားမယ်။
အဲဒီမှာ ကားကိုစောင့်နေတဲ့ လူသုံးယောက်ရှိမယ်.. မိုးရေတွေလဲစိုလို့ပေါ့
တယောက်က အရမ်းနာမကျန်းဖြစ်နေတဲ့ အဖိုးအို။ သူက ဆေးရုံကို သွားရမယ်။
တယောက်က ဆရာဝန် သင့်အသက်ကို ကယ်ဖူးတဲ့ ဆရာဝန်။ ဒီအခွင့်အရေးနဲ့ ကျေးဇူးပြန်ဆပ်ချင်နေမယ်။
နောက်တယောက်ကတော့ သင်သိပ်ချစ်ရတဲ့ သူ။ သင်နဲ့ လက်ထက်မဲ့သူ။ အခွင့်အရေးကို လက်လွတ်မဆုံးရှုံးချင်ဘူး။
ဒါပေမဲ့ သင်မောင်းနေတဲ့ ကားက နောက်ထပ်လူတယောက်ကို ပဲ တင်လို့ရမှာ။
သင်ဘယ်သူ့ကို တင်မှာလဲ။ ဘယ်သူ့ကို ရွေးချယ်မှာလဲ။
ဒါကတော့ သင့်ရဲ့စိတ်ကို စမ်းတဲ့မေးခွန်းလေးပါ။ လူတိုင်း သူ့အကြောင်းပြချက်နဲ့ သူဖြေသွားတာပဲ။
အဖိုးအိုကသေတော့မှာမလို့ သူ့ကို အရင်ကယ်ရမယ်။
ဆရာဝန်ကိုလဲ ကျေးဇူးဆပ်ချင်တယ်။
သင့်ရဲ့ချစ်သူကိုလဲ သင်လက်မလွတ်နိုင်ဘူး။ အခွင့်အရေးဆိုတာ တစ်ခါပဲရှိတာ။
သင်ရော ဘယ်လိုလုပ်ဖြစ်မလဲ
သင်ဖြေပြီးပြီဆိုရင်တော့…
အောက်ကအဖြေလေးကိုကြည့်လိုက်ပါ…
သင်ဖြေပြီးမှာကြည့်ပါ…
<<
<<
<<
<<
<<
<<
လူတယောက်ကဖြေတယ် ဒါပေမဲ့  သူဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာတော့ သူမပြောသွားဘူး။
သူဖြေလိုက်တာက
“ ဆရာဝန်ကို ကားသော့ပေးပြီး အဖိုးအိုကို ဆေးရုံပို့ခိုင်းမယ် ကျွန်တော်ကတော့ ကျွန်တော့် ချစ်သူနဲ့ ဘတ်စ်ကားအတူတူစောင့်မယ်”
ဒီအဖြေလေးကတော့ အကောင်းဆုံးအဖြေလို့ထင်ပါတယ်။
ဒါပေမဲ့ ကျွန်တော်အပါအ၀င် တော်တော်များများ ဒီအဖြေကိုစဉ်းစားမိကြမယ် မထင်ပါဘူး။
>>>>ဘာကြောင့်လည်းလို့ မေးရင် ကျွန်တော်တို့  လက်ထဲမှာပိုင်ဆိုင်ထားတဲ့အရာ(ကားသော့)ကို မဆုံးရှုံးချင်ကြဘူး။ တစ်ခါတစ်လေ ကျွန်တော်တို့ရဲ့ အတ္တတွေကို လွှတ်ချကြည့်လိုက်ပါ ပျော်ရွှင်မှု တစ်စုံတစ်ရာ ရနိုင်ကောင်းပါရဲ့<<<<
Sunday, 17 June 2012
ဖြေကြည့်ရအောင် 2
ကျွန်တော်လည်း စာမေးပွဲတွေ ပြီးတော့မယ်ဆိုတော့ ပျင်းပျင်းရှိလာတယ်ဗျ
ဒီတော့ ကျွန်တော် ဥာဏ်စမ်းလေး တစ်ခုလောက် မေးကြည့်မယ် 
သိပြီးသားလူတွေကတော့ သည်းခံပေးကြပါ ... :)
ဒီဥာဏ်စမ်းက အမေရိကန် Harvard တက္ကသိုလ်ရဲ့ ၂၀၀၁ခုနှစ်မှာ Institute of
Science ဂုဏ်ထူးတန်းကိုမေးတဲ့ မေးခွန်းလိုဆိုထားပါတယ်။
မေးခွန်းက အကယ်၍
၁= ၅
၂= ၂၅
၃= ၁၂၅
၎= ၆၂၅
၅= ?
လူတော်တွေတက်တဲ့ ဟားဗတ်ရဲ့မေးခွန်းကို ဖြေကြည့်ကြရအောင်...သူငယ်ချင်းတို့အားလုံးမှာ ဟားဗတ် တက်နိုင်
တဲ့ အရည်အချင်းရှိကြပါတယ်။
Sunday, 20 May 2012
ဖြေကြည့်မလား ?
နေ ကျချိန်ညနေခင်း တစ်ခုမှာပေါ့ဗျာ ကျောင်းပရိဝုဏ်ထဲမှာတော့ စာအံသံလေးတွေညံညံစီစီနဲ့ ပေါ့ ။
ဒုတိယတန်း စာသင်ခန်းတစ်ခုထဲမှာ ဆရာက ကလေးတွေကို ကျောင်းဆင်းခါနီး အချိန် ဗဟုသုတအနေနဲ့   
ကမ္ဘာမြေကြီးအကြောင်းပြောပြနေတဲ့ အချိန်ပေါ့။  
“ဒီကမ္ဘာကြီးရဲ့ အလေးချိန်က ဘယ်လောက်လောက်ရှိလဲ ဆရာကြီး” 
မေးခွန်းတစ်ခု ဒုတိယတန်းကျောင်းသား ချာတိတ်က မေးတယ်။ ဆရာလုပ်သူခဗျာ နည်းနည်းတော့ နင်သွား
တာတယ် ရုတ်တရက်ဆိုတော့ ဘယ်ဖြေနိုင်မှာလည်း  ဒါပေမဲ့  ဆရာက  ဆရာပါပဲ ...  :)
 သူသင်ကြားလာခဲ့ရတဲ့ ပညာရေး နည်းစနစ်များထဲက အကောင်းဆုံး နည်းလမ်းကို ထုတ်သုံးလိုက်ပါတယ်။
“ဒီမေးခွန်းက အင်မတန် စိတ်ဝင်စား စရာကောင်းတဲ့  မေးခွန်းပဲ ၊ ကဲ..ဒီတော့ မနက်ဖြန်ကျရင် 
ဒီမေးခွန်းကို  ဘယ်သူ ဖြေနိုင်မလဲဆိုတာ ကြည့်ကြ ရအောင်”
ဆရာဖြစ်သူ ပုစ္ဆာကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းလေးကို လျှပ်တပြတ်လေး စဉ်စားလိုက်တာပါ ။ ဘာပဲဖြစ်ဖြစ်
သူ့ တပည့်တွေရှေ့ မှာတော့ သူ့ ရင်တွေ ကော့နေချင်သေးတာပေါ့ ။ ဒီလိုနဲ့  ညနေ ကျောင်းဆင်းချိန်
ကြိုးစားပန်းစား  ရှာဖွေ ဖတ်ရှုပြီးတော့  သူ အဖြေကို တွေ့သွားပါသည်။ လန်းဆန်းတဲ့ အပြုံးတွေနဲ့ အတူ ။
နောက်တစ်နေ့  ကျောင်းတက်ချိန်မှာတော့ ဆရာဖြစ်တဲ့သူ ကျောင်းသားတွေရှေ့  မတ်မတ်ကြီး ရပ်ပြီးတော့
“ကမ္ဘာကြီးရဲ့ အလေးချိန်ကို သိခဲ့ကြပြီလား တပည့်တို့ ”
ကလေးတွေဆိုတာက ကျောင်းကပြန်ရောက်တာနဲ့ လွယ်အိတ်ကို တိုင်မှာချိတ်ပြီး ကမျင်းကြတဲ့
အမျိုးဆိုတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ဆရာ့ကိုကြည့်လိုက်နဲ့   ဖြေနိုင်သူ နတ္တိ ။
အဲ့အချိန်ကြတော့မှ ဆရာဖြစ်သူဟာ မိန့် မိန့် ကြီးပြုံးလိုက်ပြီး သူ ကြိုးစားပမ်းစား ရှာဖွေတွက်ချက်လာတဲ့
အဖြေကို ဂုဏ်ယူဝံ့ကြွားစွာနဲ့  ပြောပြလိုက်တယ် ...
“  #$%@  #!% ”
သူရဲကောင်း တစ်ယောက်ကိုမြင်လိုက်ရသလို ကလေးတွေရဲ့ လေးစားတဲ့ အကြည့်တွေနဲ့ ၊ ဆရာ့ရဲ့ ပြုံးရွှင်နေ
တဲ့မျက်နှာနဲ့  ၊စာသင်ခန်းလေးဟာ တဒင်္ဂလေး ငြိမ်သက်သွားခဲ့တယ်။တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာက
ကမ္ဘာကြီး ဘယ်လောက်လေးလည်းဆိုတဲ့  မေးခွန်းထုတ်ခဲ့တဲ့ အမောင်ကျောင်းသားကြီးပဲပေါ့။
 သူရဲ့ လက်ညှိုးလေးထောင်ပြီးမေးလိုက်တဲ့ မေးခွန်းကြောင့် 
ဆရာဖြစ်သူခဗျာ ထိုင်ခုံပေါ် အရုပ်ကြိုးပြတ်။
 မေးလိုက်ပုံက ... .. .
 “အဲဒါ လူတွေ အပါအ၀င်လား၊ လူတွေ မပါဘဲနဲ့လား ဆရာကြီး”    
 “ တိန် ”
Sunday, 13 May 2012
ကလေးအတွေး :)
ယုန်ကလေးက နားရွက်ထောင် .. ပညာရှိယောင်ဆောင် ~~~
ကြောင်ကလေးက လက်သည်းဝှက် .. ချောင်းလိုက်ရတဲ့ကြွက် ~~~
ရွှေဇီးကွက်ရဲ့ အိနြေ္ဒ .. ဘုရင်ကြီးလိုနေ ~~~
မိုးလေ၀သဗေဒင်ဟော .. တောက်တဲ့ ကိုလူချော ~~~
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို .. ခေါင်းညိမ့်လှသကို ~~~
ရွှေကျီးညို သာပါစ .. ဧည့်သည်လာပါစ ~~~~~
မေမေဆိုပြဘူးတဲ့ ကဗျာတစ်ချို့ တစ်လေ၊ ပုံပြင် တစ်ပိုင်းတစ်စလေးတွေနဲ့   အပူအပင်မရှိတဲ့ 
ကလေးဘ၀လေးကို တစ်ခါတစ်လေ တမ်းတမိရုံလေးပါပဲ ဒီထက်ဘာမှမပိုခဲ့ပါဘူး ... ... ... ။
တစ်ကယ်လိုများ ဒီကဗျာလေးထဲကလို လူလောကကြီးမှာလည်း ဟန်ဆောင်မှုတွေ
လှည့်စားမှုတွေ အမှန်တကယ်ရှိမှန်း ငယ်ငယ်ကတည်းက သိခဲ့ရင် 
ကျွန်တော် ...   ...   ...
 လူကြီးဖြစ်ချင်ခဲ့မှာ မဟုတ်ဘူး ... ... ... ။                          ။
Saturday, 18 February 2012
ဆရာ အော်ပီကျယ် ရဲ့ ကျကြမ်း(ဟာသ)
၁။ တစ်ကိုယ်ကောင်း ဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာ မလိုတော့။
၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည် ဖော်ရန်မဟုတ်။ နာမည်ဖော်ရန် အတွက်သာ ဖြစ်သည်။
၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိ ညောင်းသည်။
၎။ ရိုးရှင်းမှုသည် စိတ်၏ မြားတစ်စင်း ဟု ဆိုကြသည်။ မိမိထံ ဦးတည်လာနိုင်သော ထိုမြားကို ရှုပ်ထွေးမှု ဖြင့် လမ်းလွှဲ တတ်ပါစေ။
၅။ ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် သင် ဘယ်ကို ဦးတည်နေသည်ကို သိနိုင်သည်။
၆။ လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေးပါ။ လုပ်သင့်တာကို သူများတွေ လုပ်ကြပါလိမ့်မည်။
၇။ ဆုံးဖြတ်ချက် ချမထားပါနှင့်။ဟိုလိုလို ဒီလိုလို လွင့်မျောခွင့် ပျောက်ဆုံးသွားလိမ့်မည်။
၈။ ကိုယ့်လမ်းကိုယ် မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ် များလှသည်။
၉။ တာဝန်ယူစိတ် မထားပါနှင့်။တာဝန်ယူစိတ် ရှိခြင်းသည် ကိုယ့်ကိုကိုယ် တရားခံရှာခြင်း ဖြစ်သည်။
၁၀။ များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက် ပါခြင်းသည် ဒီဘက် နားမှဝင်ပြီး ဟိုဘက် နားမှ ပြန်ထွက် စေရန် ဖြစ်သည်။
၁၁။ ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ ရွှေ့ပါ။ အလုပ်များသူဟု အထင်ကြီးခံရမည်။
၁၂။ သူများ စကားပြောနေလျှင် စိတ်ဝင်စားဟန် မပြပါနှင့်။ သူ့စကား အောင်မြင်မှုရရန် အခွင့်အလမ်း နည်းသွားမည်။
၁၃။ အရည်မရ အဖတ်မရ စကားကို များများပြောပါ။ ယခုအခါတွင် ကွမ်းယာသည်များ အဆင်ပြေနေသည်။
၁၄။ စာများများ မဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏ အစာဟု ခေါ်ဆိုကြသော
စာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခ နှင့် ၀င်ကြေးများ ကုန်ကျသော်လည်း
ဗိုက်မ၀။
၁၅။ စာ ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရ အဖတ်မရ စာများကိုသာ ရွေးဖတ်ပါ။ စကားဝိုင်းများ ကို သင် စိုးမိုးထားနိုင်လိမ့်မည်။
၁၆။ ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်များကို မသိလည်း ကိစ မရှိ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးကလည်း သင့်ကို မသိချေ။
၁၇။ လေထဲတွင် တိုက်အိမ်ဆောက်ပြီး သင်ချဲ့ကားချင်သလို ချဲ့ကားပါ။
လေကုန်ကြမ်းကိုသာ အသုံးပြုရ သောကြောင့် လက်ဖက်ရည်ဖိုးမှလွဲပြီး
ကုန်ကျစရိတ် မရှိ။
၁၈။ တာဝန်ယူစိတ် မရှိသော ဦးနှောက်သည် ဆင်ခြေများစွာကို မှတ်မိနေတတ်သည်။ လိုသလို အသုံးချ ပါလေ။
၁၉။ ဇွဲရှိပါက ပင်ပန်း၏။ ဇွဲနှင့် ကြိုးစားနေစဉ် အခြေအနေ ပြောင်းသွားမှုကြောင့် အချည်းနှီး ဖြစ်သွားတတ် သည်။
၂၀။ ဇွဲမရှိဘဲ မြန်မြန်လက်လျှော့တတ်ခြင်းကြော
င့် အရှုံးသက်သာ၏။ ရည်မှန်းချက် ခိုင်မာမှု မရှိသောကြောင့် ရည်မှန်းချက် ဖောင်းပွစွာထားနိုင်ပြီး တစ်ခုခုတွင် ပွပေါက်တိုးနိုင်၏။
၂၁။ ဟန်ပြ ဇွဲ ရှိခြင်းကား နောင်တွင် အသုံးတည့ှ်နိုင်၏။ အချို့ကိစ များတွင် လူငှားဖြင့် ဇွဲရှိပါ။
၂၂။ လမ်းသစ် ထွင်ခြင်းသည် အခွင့်အလမ်းကို ဖန်တီးခြင်းဖြစ်ရာ အရည်အချင်းလို၏။ အခွင့်အရေး အတွက်မူ အရည်အချင်း မလို။
၂၃။ နောက်မှ လိုက်ရသဖြင့် နောက်ကျမှာ မစိုးရိမ်ပါနှင့်။ ဘ၀လမ်းသည်
အဖြောင့်မဟုတ်သည့် အတွက် သင့်ကို ရှေ့ဆုံးမှ လူ ဟုပင် အထင်ခံရနိုင်သည်။
၂၄။ မိတ်ဆွေတုကို ပေါင်းပါ။ မိတ်ဆွေတုသည် အပေးမရှိ၊ အယူသာရှိပြီး၊ လက်မပါ၊
လေဖြင့်သာ ကူညီတတ်ရာ သင်သည်လည်း သူ၏ မိတ်ဆွေတု ဖြစ်သောကြောင့် ဘာမှ
ပေးကမ်းစရာမလို၊ သက်သာ ပေ၏။
၂၅။ ဘယ်ကို သွားမည်ဟု ဆုံးဖြတ်မထားသောကြောင့် ဦးတည်ချက် မျိုးစုံသို့ သွားနိုင်၏။ ကြိုက်သည့် ဘက်သို့ ယိမ်းနိုင်၏။
၂၆။ ဆုံးဖြတ်ချက် ချမိသကဲ့သို့ ဖြစ်သွားပါက မစိုးရိမ်ပါနှင့်။
ရှေ့ဆုံးဖြတ်ချက်များကို နောက်ဆုံးဖြတ်ချက် များနှင့် စိတ်ကြိုက်
ပြင်နိုင်၏။
၂၇။ မိမိလုပ်ဆောင်ချက်များကို ပြန်လည် မသုံးသပ်ပါနှင့်။ ဆင်ကန်းတောတိုး
အဆို ရှိသလို၊ ဆင်သွားလျှင် လမ်းဖြစ် ဟူသော အဆို လည်းရှိပေသည်။
၂၈။ လုပ်ချင်တာများသည် အရသာရှိလှသည်။ လုပ်သင့်တာများမှာမူ ပင်ပန်းခက်ခဲတတ်သည်။
၂၉။ လုပ်သင့်တာ မလုပ်ခြင်းဖြင့် လောကကို ပေးဆပ်ရန် အကြွေးချန်ထားပါ။ အကြွေးများသူကို အကြွေး ထပ်မပေးရဲတော့ပေ။
၃၀။ လုပ်သင့်တာ လုပ်သူများကို အများက ယုံကြည်လေးစားကြလိမ့်မည်။ မကြာမီ
မေ့တိမေ့လျော့နေကြ မည့် ယုံကြည်လေးစားမှုကို မမျှော်လင့်ပါနှင့်။
၃၁။ ယုံကြည်မှု မထားပါနှင့်။ ယုံကြည်ပါက အရာရာ ဖြစ်နိုင်သည် ဆိုသောစကားသည် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီ။
၃၂။ ယုံကြည်မှုသည် ကိုယ်တွင်း သံလိုက်ဓါတ်ကို အားကောင်းစေသည်။ သင့်အနားတွင် ရှိနေသော သံချေးများ ပြေးကပ်လာလိမ့်မည်။
၃၃။ သင့်ကိုယ်သင် ပင် မယုံကြည်ပါနှင့်။ အရာရာကို မယုံကြည်ခြင်းဖြင့် ကြိုတင် ကာကွယ်နိုင်သည်။
၃၄။ ပညာမာန် တက်ပါ။ ပညာတကယ် မရှိသော်လည်း မာန်တက်လျှင် ပညာရှိဟု အထင် ခံရမည်။
၃၅။ ကိုးကားစရာ စာပိုဒ် တစ်ခုခုကို အာဂုံဆောင်ထားပါ။ လူထူထူ ရှိသောအခါ ဆိုင်ဆိုင် မဆိုင်ဆိုင် ထုတ်သုံးပါ။
၃၆။ ယုတ္တိ ရှိရှိ မရှိရှိ ငါ့စကား နွားရ ကိုယ်လိုရာဆွဲပြီး ဇွတ်ပြောပါ။ နွားဈေးကောင်းသည်။
၃၇။ ပညာကို ဥာဏ်ဖြင့် ချွန်းမအုပ်လျှင် မှားတတ်သည်။ ပညာ တကယ်မရှိသည့်အတွက် ချွန်းမလိုချေ။
၃၈။ အမြင်ကျယ်ဖို့ ဗဟုသုတ ရှာမှီးရန် လိုအပ်ရာ ခရီးစရိတ်နှင့် စာအုပ်ဖိုး
ကုန်သည်။ အမြင်ကျယ်ခြင်း ကြောင့် စိတ်ဝင်စားစရာထက် စိတ်ပျက်စရာများကို
ပိုမို မြင်တွေ့နေရလိမ့်မည်။
၃၉။ အမြင်ကျယ်ခြင်းကြောင့် အခွင့်အလမ်းများကို ပိုမြင်နိုင်သော်လည်း
အခွင့်အရေးလို အလုပ်မဖြစ်လှ။ အမြင်ကျဉ်းသူသည် အမြင်မှားတတ်သော်လည်း
မှန်ဖို့မလိုသောအခါ အမှားသည် အဆင်ပြေ၏။
၄၀။ ကျန်းမာရေး မလိုက်စားနှင့်။ ကျန်းမာရေးလိုက်စားခြင်းသည်
အလှူအိမ်များသို့ လိုက်စားသလို အရသာ မရှိလှဘဲ မိမိကိုယ်ကို ညှင်းဆဲခြင်း
ဖြစ်သည်။
၄၁။ ခေတ်မီကာလကြီးတွင် လေ့ကျင့်ခန်းလုပ်ပြီး ဒုက ရှာစရာ မလို။ ကျန်းမာမှ
အလုပ် လုပ်နိုင်မည် ဆိုသော လူများသည် အလုပ် မလုပ်ဘဲ ချမ်းသာနည်းကို
မသိသူများ ဖြစ်သည်။
၄၂။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြသည်။ အမှန်မှာ လာဘ် သည်သာ ကျန်းမာခြင်း ဖြစ်သည်။
၄၃။ ကိုယ့်ကိုကိုယ် မသိချင်ပါနှင့်။ ကိုယ့်ကိုကိုယ် သိသောအခါ မိမိကိုယ်ကို လှုပ်နှိုးတတ်သဖြင့် အိပ်ရေး ပျက်၏။
၄၄။ မိမိကိုယ်ကို အလွန်ကျဉ်းမြောင်းသော ဘောင်အတွင်း ပိတ်လှောင်ထားပါ။
ထို့နောက် အခြားသူများကို အဆိုပါ ဘောင် အတွင်း ဆွဲသွင်းပြီး မိမိကမ္ဘာ
ထူထောင်ပါ။
၄၅။ ဆုံးဖြတ်ချက် ချသောအခါတိုင်း ၎င်းကို အကောင်အထည် မဖော်ဟု ဆုံးဖြတ်ထားပါ။
ရေတို လုပ်ဆောင်ရမည် များကို ရေရှည်ဆွဲဆန့်ရန် စကားလုံးများကို
ကျွမ်းကျင်စွာ အသုံးပြုပါ။
၄၆။ စုစည်းမှုကြောင့် မုန်တိုင်းဒဏ်ကို ခံနိုင်စေ၏။ သို့သော် အခြားဒဏ်များကို ပို ခံရစေနိုင်သည်။
၄၇။ ပူးပေါင်းမှုကြောင့် စွမ်းအားပိုများမလာဘဲ အုပ်စု ပိုများလာမည်။
ဆောင်ရွက်မှု မအောင်မြင်သည့်အခါ တွင်မူ တစ်ဦးတည်း မခံရစေရန် အများနှင့်
အချိန်မီ ပူးပေါင်းပါ။
၄၈။ အရေးကြီးတာကို နောက်မှလုပ်ပါ။ အရေးကြီးသောအရာများကို အရေးကြီးသောလူများ စိတ်မ၀င်စား သဖြင့် ဦးစားပေးရန် မလိုအပ်။
၄၉။ အရေးမကြီးသော အထူးအရေးပေါ်များကို ကြံဆဖော်ဆောင်တတ်လျှင် အရေးပါသူ
ဖြစ်လာမည်။ အရေးမကြီးတာများကိုသာ ဦးစားပေးခြင်းဖြင့် သင်၏ တစ်နေ့တာကို
ခက်ခဲခြင်းမှ ကာကွယ်ပါ။
Thursday, 16 February 2012
After You
ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့် လေယာဉ်ကို ကျွန်တော် စောင့်နေ ခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု ရှိတယ်။ အဲဒီ့တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် ၂၀လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာအကြာကြီးပဲ။
ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြော နေတဲ့လူတွေကိုကြည့်ပြီး
“အားနာမှုမရှိလိုက်ကြတာ”လို့ ခံစားရတယ်။
ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”က  ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကို သွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲ့ဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည် တွေသယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တို့တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ် ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။
ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကိုတွန်းပြီး အစား အသောက်လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။
ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက် တယ်။ တကယ်တော့ အဲ့ဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။
“After you” 
အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။
“After you” တဲ့။
After ဆိုတာ... ပြီးနောက်။
you ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။
ဒီတော့... “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။
ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။
ကျွန်တော်ဟာ  “After me” သမားပဲ။
ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့...။
ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။
ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။
လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့...။
အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့...။
ငါအဆင်ပြေဖို့...။
“After me”....
“After me”....
“After me”....
ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။
တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။
ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။
“After you” ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစား ဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေ ကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့ တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေတယ်။
အဖေက ၀င်ပြောတယ်။
“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့  မှတ်သင်္ကေတဟာ “After me” ပဲ။ “ အသက်တွေကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ” ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you” သမားတွေ များလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။
သူကလည်း ကိုယ့်အပေါ် “After you”။
ကိုယ်ကလည်း သူ့အပေါ် “After you”။
မိဘကလည်း သားသမီးအပေါ် “After you”
သားသမီးကလည်း မိဘအပေါ် “After you”
လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”
လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”
ဆရာကလည်း တပည့်အပေါ် “After you”
တပည့်ကလည်း ဆရာ့အပေါ် “After you”
အပြန်အလှန် “After you” ဆိုတဲ့....
ဝန်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။
ဦးဘုန်း(ဓာတု)
မန္တလေး
Wednesday, 15 February 2012
သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ သင်သိသလား???
"သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့...""ဟာ..အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ..အမေစားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့အမေရ...." 
ထမင်းဝိုင်းမှ အမေအိုကြီး၏ အကူအညီတောင်းသံသည် သားဖြစ်သူ၏အော်ငေါက်သံနောက်တွင် တိုးလျှိုးပျောက်ကွယ်သွား၏...အသက် ၆၀ ကျော်နေပြီဖြစ်သော သူမအတွက် ထမင်းတလုတ်ကို ပါးစပ်ထဲထည့်ဖို့ လက်တွေက ငယ်ငယ်ကလို သန်သန်မာမာမရှိတော့...ဇရာ၏ နှိပ်စက်မှုသည် သူမတစ်ကိုယ်လုံးကို တုန်တုန်ချိချိ ဖြစ်စေခဲ့သည်.. သူမ၏ အတွေးများသည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့တရွေ့ရွေ့ ပြန်ရောက်သွားသည်... 
သားငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ ကြမ်းပြင်ပေါ်တွင်လည်း ပြန့်ကျဲကျလျှက်....ထိုဟာများကို ရှင်းရသည့်အပြင် အရိုးစူးမှာ စိုး၍ အရိုးနွှင်ပေးရသည်....နွှင်ပေးသည့်ကြားက မတော်တဆ သား အရိုးစူးသည့်အခါ အရိုးမြန်မြန်ကျစေဖို့ ငှက်ပျောသီးချော့ကျွေး၍သား၏ရင်ဘတ်လေးကို ကြင်ကြင်နာနာသပ်ပေးပြီး မိမိ၏ သေချာဂရုမစိုက်မှုအတွက်ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံးဖြစ်ခဲ့ရသည်...ခုသူမကိုတော့သားသည်ထိုသို့မဟုတ်ခဲ့....သားရေချိုးသည့်အခါ ရေဇလုံထဲတွင် ပျော်ပါးမြူးတူးနေသည့် သားကို ချော်လဲမှာစိုး၍ ထိန်းကျောင်းပေးခဲ့ဂရုတစိုက် ရေချိုးပေးခဲ့ရသည့် သူမ.. ခု ရေချိုးခန်းထဲရှိရေညှိများဖြင့် ချောနေသောကြမ်းပြင်ကို အမေချော်လဲမှာစိုး၍ တိုက်ချွတ်ရှင်းလင်းပေးရမှန်း သားသတိမထားမိခဲ့...
ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းတတ်သည့် သူမအတွက် "သားကိုယ်တိုင်သွေးထားတာမေမေလိမ်းဖို့ "ဆိုသည့်အပြောမျိုး သားပါးစပ်ဖျားကထွက်ကျလာသည်ကို သူမလိုချင်မိသည်...သို့သော် ငယ်စဉ်က သားကိုပေါင်ပေါ်တင်၍ မိမိသွေးထားသည့် သနပ်ခါးကို သားမျက်နှာပေါ် ကိုယ်တိုင်ကိုယ်ကျ ပါးကွက်ညီညီလိမ်းပေးခဲ့သည့်အချိန်များကို သားမမှတ်မိတော့....သားလက်သည်းခြေသည်းလေးတွေကိုတပတ်တခါ ညှပ်ပေးတိုင်း အသားလေးကို ညှပ်မိမှာစိုး၍ ဂရုတစိုက် ညှပ်ပေးခဲ့သည့် သူမမေတ္တာ...တခါတရံအသားကိုညှပ်မိ၍ သားဆီမှ စူးခနဲထွက်ပေါ်လာသည့် ငိုသံသည် သူမရင်ကိုဗလောင်ဆူအောင် ပြာယာခတ် စေခဲ့မှန်းသားမသိခဲ့.....ခုသူမလက်သည်းခြေသည်းတွေ ရှည်လာတော့ သားကိုယ်တိုင် မိမိကို ဂရုတစိုက်ညှပ်ပေးတာမျိုး တမ်းတမိသည်...သို့သော် "ဒါလေးလုပ်တာများ အမေရယ် ကိုယ်တိုင်ပဲညှပ်လိုက်ပါလားသားမအားဘူး"ဆိုသော သားအပြောအောက်တွင် သူမ၏စိတ်ကူးလေးများပျောက်ပျက်သွားခဲ့ရသည်.....
ကလေးပီပီ ကစားကွင်းသွားရတာ နှစ်သက်သော သားအတွက် တပတ်တခါ အလုပ်အားရက်သည် သားနှင့်အတူ ကစားကွင်းတွင် အချိန်ကုန်စေဖို့ဖြစ်ခဲ့သည်...ပျော်ရွှင်မြူးတူးနေသောသားကိုကြည့်ရင်းသူမရင်ထဲတွင် တပတ်လုံး လုပ်ခဲ့သမျှ အလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်... ခုချိန် ဘုရားသွားချင်၍ "သားဘယ်နေ့အားလဲ အမေ့ကိုလိုက်ပို့ပါလား"ဟူသော မျှော်တလင့်လင့်အမေးကိုအလုပ်အားရက်တိုင်းသူငယ်ချင်းများနှင့် Golf သွားကစားတတ်သော သား၏ အချိန်များကသားကိုယ်စားအဖြေပေးခဲ့သည်....သားငယ်စဉ်ကျောင်းမနေရသေးခင်ကာလ သူတွေ့သမျှ စာများကို "မေမေဒါဘာရေးထားတာလဲဟင် သားကိုဖတ်ပြ " ဟူ၍ တွတ်တီးတွတ်တာ မေးတတ်သည်.... မိမိ အတွက် သားမေးတိုင်းကျောင်းမနေရသေးဘူး ငါ့သားက စာတွေစိတ်ဝင်စားနေပြီဟူသော ပီတိဖြင့် သားကို ဖတ်ပြရ ရှင်းပြရသည်မှာအမောတစ်ခုဟု မထင်မှတ်ခဲ့.....ခု သူမ မျက်လုံးများ ဇရာ၏ နှိပ်စက်မှုအောက်တွင် အရာရာကိုကြည့်ရမြင်ရသည်မှာ မှုန်တ၀ါးဝါး...သားကို ဘာရေးထားသည်လဲမေးတော့သားနှုတ်ဖျား မှ ထွက်ကျ လာသည့် " ဒီလောက်စာလုံးကြီးကြီးနဲ့ရေးထားတာ မမြင်ရဘူးလား အမေရာ "ဆိုသောစိတ်မရှည်သောသား၏အော်သံသည်မာရသွန်ပြေးပြီး ပြန်လာသောကစားသမား တစ်ယောက်ထက် သူမရင်ကို ပို အမောဆို့စေခဲ့သည်....သားငယ်ငယ်က ညအိပ်ခါနီးတိုင်း မိမိပုံပြင်စာအုပ်လေးတွေဖတ်ပြမှ သားအိပ်ပျော်တတ်သည်...သူမသည် သားအတွက် ပုံပြောဆရာမတစ်ဦးဖြစ်ခဲ့သည်...သားမေးသမျှကိုစိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်..ခုတရားစာအုပ်လေးဖတ်ချင်သည့်အခါ သားကိုအကူညီတောင်းမိတော့ "အမေကလည်းတရားခွေတွေ ရှိတာပဲနားထောင်ပါလား " ဟူသော သား၏အပြောသည် မှုန်ဝါးဝါးဖြစ်နေသော သူမ၏ မျက်လုံးအစုံကို ခေတ္တခဏ မိုးရွာစေခဲ့သည်.... သားသည် သူငယ်စဉ်ဘ၀မိမိဂရုစိုက်မှုများကိုမေ့လျော့နေခဲ့သည်...
မိမိ၏ လက်ရှိအသက်အရွယ်သည် လူ့ဘ၀၏နေ၀င်ချိန်ရောက်နေပြီဆိုတာကို သားသတိမထားမိခဲ့...ဇရာထောင်းလာသော သူမအတွက် အစစအရာရာသည် ငယ်စဉ်ဘ၀လို သူတစ်ပါးအကူအညီမပါဘဲ လုပ်ကိုင်ဖို့ ခဲယဉ်းသည်ဆိုတာ သားမသိ....အကူအညီပေးသော ထိုသူတစ်ပါးသည် မိမိရင်မှမွေးဖွားခဲ့သော တစ်ဦးတည်းသောသားလေး ဖြစ်စေချင်သည်ကို သားမေ့နေခဲ့သည်....ထိုဆန္ဒသည်အသက်အရွယ်ကြီးရင့်၍ လူပိုတစ်ယောက်လိုဖြစ်နေသော သူမအတွက် သားကိုဒုက္ခပေးလိုခြင်း မဟုတ်...
သားရင်ခွင်ထဲတွင်နေ၍ သား၏ ပြုစုမှုကို တောင့်တမိသည်...ကြင်နာမှုကို လိုချင်မိသည်..
သား၏မေတ္တာကို မျှော်လင့်မိသည်....မိမိဘ၀၏နောက်ဆုံးအချိန်များကို သား၏ ကြင်နာနွေးထွေးသောဂရုစိုက်မှုများအောက်တွင် ကုန်ဆုံးချင်မိသည့် မိဘတစ်ယာက်၏ စိတ်ဆန္ဒသပ်သပ်သာဖြစ်သည်....
သို့သော် အထီးကျန်ဆန်လှသော သူမ၏ ဘ၀သည် သူမ၏စိတ်ကူးနှင့် လွန်စွာခြားနားလှသည်....မိမိရင်ခွင်ထဲတွင် ပျော်ရွှင်မြူးတူးဆော့ကစားနေခဲ့သော သား၏ ငယ်စဉ်ကာလ ပုံရိပ်လေးကိုပြန်လည်မြင်ယောင်ရင်း သူမ၏ မျက်ရည်တစ်စသည် ထမင်းဝိုင်းပေါ်ရှိ ထမင်းပန်းကန်ထဲသို့ ပေါက်ခနဲ...................
"သင်၏ ကြင်နာနွေးထွေးသောမေတ္တာတရားကို သင်၏မိဘများ မျှော်လင့်နေကြသည်"
မေးလ်ထဲရောက်လာသည့် ကိုကူးယူဖော်ပြခြင်းပါ။
Saturday, 11 February 2012
ARTIFICIAL INTELLIGENCE - ဉာဏ်တု
ဟိုနေ့က မဂ္ဂဇင်းတစ်အုပ်ထဲမှာ ဖတ်လိုက်ရတယ်။ ကွန်ပျူတာတွေမှာ “ဉာဏ်တု” ကို ထည့်တော့မယ်တဲ့။ စာအုပ်ကို ဘေးချပြီး ကျွန်တော် မျက်မှောင်ကြုတ် စဉ်းစားနေမိတယ်။ ကွန်ပျူတာနဲ့ပတ်သက်မှ “ဉာဏ်တု” ရှိလာတာ မဟုတ်ပါဘူး။ လူတွေမှာလည်း အစောကြီးကတည်းက “ဉာဏ်တု” ရှိတယ်။
တချို့လူတွေမှာ ရှိတဲ့ဉာဏ်က အစစ်မဟုတ်ဘူး။ မွေးရာပါ အတုကြီး။ သူတို့ဉာဏ်နဲ့သူတို့ ဘာမှမလုပ်နိုင်ဘူး။ သူများဉာဏ်နဲ့ ဖော်ထုတ်တားတာတွေကိုပဲ အတုခိုးပြီး လိုက်လုပ်နေရတယ်။
ကွန်ပျူတာကို “ဉာဏ်တု” တပ်ပေးတာ ကောင်း,မကောင်းတော့ ကျွန်တော် မပြောနိုင်ဘူး။ လူတွေမှာ ဉာဏ်တုရှိနေတာတော့ မကောင်းဘူး။
Friday, 23 December 2011
အလွမ်း
အဆောက်အဦးမြင့်မြင့်တွေ
အိပ်မက်မြင့်မြင့်တွေကြားမှာ
ကြိုးတန်းလေးပေါ်လှုပ်လှုပ်ရှားရှား
မြေသင်းနံ့မရတဲ့မိုးကို
စိုမှပဲ မော့ကြည့်မိတယ် ... .. .
အိပ်တန်းက ကျဉ်းတယ်
ဆိပ်ကမ်းက ဝေးတယ်
ဘယ်လိုတေးမျိုးနဲ့မှ မမြူးကြွဘူး
ဘယ်လိုဆေးမျိုးနဲ့မှ အားဖြစ်မလားဘူး
ရင်ထဲ
မင်္ဂလာပါကို သိပ်ဆာတယ် ... .. .
တကယ်ပါဗျာ
အမေတွန်းနှိုးမှနိုးတတ်တဲ့
ကျွန်တော့မနက် အင်ဂျင်အိုကြီးကို
လွမ်း....တယ်...... .. .
Tuesday, 20 December 2011
"ငါမရိတ်သိမ်းဖြစ်တဲ့အလွမ်းတွေအကြောင်း"
တခါတလေတော့လည်း ဘာရယ်မဟုတ်ပဲ
တိုးတိုးညင်ညင်လေးလွမ်းရတယ်
လေပြေတဖြူးဖြူးညနေခင်းထဲ
... ငါ့ဘယ်ဘက်ပုခုံးပေါ်မှာ
မင်းဆံပင်လေးတွေ
လမ်းလျှောက်မထွက်တော့တာကြာပေါ့
မင်းအပြုံးနဲ့ တံဆိပ်ခတ်မထားတော့
ငါသောက်နေတဲ့ကော်ဖီကလည်း
ပေါ့ပျက်ပျက်နဲ့ လက်ကျမမှန်ဘူး
ပျင်းရင်သီချင်းနားထောင်ပေါ့လို့မပြောနဲ့
ဒီလိုအချိန်မှာ မင်းအသံမဟုတ်ရင်
ငါ့နားတွေက ဗီဇာပိတ်တယ်
အစားကို ကုန်အောင်မစားပဲ
စကားကိုကုန်ကုန် ပြောရရင်
ဝတ်ကျေတန်းကျေ ရှုနေတဲ့လေထဲမှာတောင်
မင်းရနံ့တွေကိုငါရှာနေတုန်း။
အတိတ်လို့  ငါနာမည်ပေးထားတယ်...
နင်နဲ့  ဝေးဖို အတွက်...
အတိတ်တွေ မေ့ ခဲ့ လိုက်တယ်…
ပြေးနေတုံးပဲ ငါ မလွတ်မြောက်သေးဘူး...
တကယ်တောနင့် စက်ဝိုင်း အတွင်း မှာ
ငါ က ဘောင်ခတ်ခံရတဲ့ သုည တွေ ပါ ပဲ…။
တနေ့တနေ့  ဖုန်း ကို ကောက်ကောက်ကိုင်ကြည့်
နင့် အတွက်ထားထားတဲ့ ring tone ကိုကြားမိလိုက်နဲ့ 
ငါ ကိုယ်ငါ ခပ်ရူးရူး ပျော်နေတာပါ ပဲ….။
ငဲ့ ကြည့် ဖို့  ငါ့ တို့ အမှတ်တရဆိုတာ
နင့် အိမ်မှာ အပျင်းပြေ ချိတ်ထားတဲ့
ပိုစတာ တစ်ခု လောက်တောင် နေရာမရှိခဲ့ ပါဘူး....။
ဘာမှ မပာုတ်တဲ့  ငါ က နင့် အတွက်လွမ်းမျက်ရည် ကျ မပြတတ်ပါဘူး…
မိုးတွေ ကိုတော့ ငါ့ ကိုယ်စားငိုချ ခိုင်းလိုက်တယ်…..။
အုံ့ ပုန်း
ငါမမေ့သေးပါဘူးကွယ်
ဘ၀မှာ
ဆုံးရှုံးမှုတွေများလာတော့လဲ
ငါ့မှာ
အရှုံးတွေနဲ့ ကျင့်သားရလာခဲ့ပါပြီ
နင့်ကိုအရမ်းချစ်ခဲ့မိတာ
ငါအသေအချာမှတ်မိနေဦးမှာပါ
နင်ကဘဲစကျောခိုင်းကျောခိုင်း
ငါကဘဲစကျောခိုင်းကျောခိုင်း
တစ်ဘ၀စာငါလွမ်းနေမှာပါ
ငါတစ်ယောက်ထဲ
ရင်ဘက်ထဲကအကြင်နာတွေ
ခြွေခြွေပြနေလို့ လဲအပိုပါဘဲ
ငါ့ဘက်ကတရားဝင်
ကြေညာပိုင်ခွင့်မှမရှိတာ
ရာဇ၀င်မှာတော့
အထီးကျန်နေခဲ့ရတဲ့
သမိုင်းတွေထင်ကျန်နေဦးမှာပါ
ငါမမေ့သေးပါဘူးဟာ
နင်ကသာအချိန်နာရီတွေစားသုံးရင်း
ငါ့ ကို မေ့ ချင် မေ့ နေ မှာ ...  ...  ...
PS: သူများရေးထားတာပါ  သူကလည်းဘယ်သူရေးမှန်းသိဘူးတဲ့   .. .. :P
ကြေကွဲချိန် ၅ မိနစ်အလို
အဲ့ဒီလောက်... .. .
သံယောဇဉ်တွေ များနေခဲ့သားနဲ့ 
ဘာကြောင့်များ  ငါ့ကိုတုပ်နှောင်ခဲ့သေးတာလဲ... .. .။
ငါ့မနက်ဖြန်တိုင်းအတွက်
အပြုံးခပ်ယဲ့ယဲ့ကိုလည်း  မင်းကလွဲပြီး
တခြားသူကိုပေးဖို့  ငါ တစိုက်မတ်မတ်မပြင်ဆင်ရသေးဘူး... .. .။
ရှုံးနိမ့်မှုတွေများလွန်းလာတော့
အရေထူလာတဲ့  ငါ့နှလုံးသားက
ပေါက်ကွဲမှုတွေကို  တင်းခံနိုင်ပေမယ့်... .. .။
မင်းကြည့်တတ်ရင်မြင်ပါလိမ့်မယ်
ငါ့မျက်ဝန်းမှာ အရင်ကထက်စိုထိုင်းဆတွေ
ပို ပို များ လာ နေ ပြီ လေ ...  ...  ...
အထီးကျန် ရက်စွဲများ
တစ်ယောက်တည်းနေတာကြာတော့
စီးကရက်တွေ ပိုအသောက်များလာတယ်။
တစ်ယောက်တည်းနေတာ ကြာတော့
ကိုယ်အလေးချိန် ပိုတက်လာတယ်။
တစ်ယောက်တည်းနေတာ ကြာတော့
ဘယ်လို ရီပြုံးပြရလဲတောင်မေ့နေတယ်။
တစ်ယောက်တည်းနေတာ ကြာတော့
မိုးရွာနေတာမြင်ရင်တောင် တစ်ခုခုကိုတောင်းတနေမိတက်လာတယ်။
တစ်ယောက်တည်းနေတာ ကြာတော့
ပါးပြင်ပေါ်မှာ အေးခဲသွားတဲ့မျက်ရည်မြစ်ကြောင်းတွေ အထပ်ထပ်ပိုပိုများလာတယ်။
တစ်ယောက်တည်းနေတာ ကြာတော့
ရေမချိုးဖြစ်တဲ့ရက်တွေတောင်များလာတယ်။
တစ်ယောက်တည်းနေတာ ကြာတော့
အားငယ်စိတ်နဲ့အလိုမကျစိတ်တွေက ပိုများလာတယ်။
တစ်ယောက်တည်းနေတာ ကြာတော့
ဒီ"တစ်ယောက်တည်း"ဆိုတဲ့ သိမ်ငယ်မှုကို မြတ်နိုးမိလာသလိုပဲလို့ ထင်မိလာတယ်။
(ကို Lu Kalay ရေးထားတဲ့ တစ်ယောက်တည်း ဆိုတဲ့ Note လေးထဲက ကြိုက်တာလေးတွေပြန်ကူးထားတာပါ)
အဖြည့်ခံ
မင်းဘ၀လှပဖို့ 
လို၇ာအကုန်လုံးသုံး...
မင်းမျက်၇ည်ဝဲ၇င်
ငါအနေခက်တယ်...
မင်းဆုံး၇ူံးသွား၇င်
မင်းငြင်းခုန်နေ၇င်
မင်းစလင်းဘက်ပိန်သွား၇င်
ခံစားချက်တွေ
စိုး၇ိမ်စိတ်တွေ
သံသယတွေနဲ့ ပေါ့ ...
မင်းအဆင်ပြေစိတ်ချမ်းသာဖို့ ဆို
လေးထောင့် အခန်းထဲက
အသဲနလုံးတဆိပ်တွေ
အနက်ေ၇ာင်ပန်းပွင့် တွေနဲ့ 
ဟိုဒီပြေးလွားကခုန်ကစားနဲ့ 
မော၇ကောင်းမှန်းမသိတဲ့ ငါ ...
မင်းမျက်လုံးလေးမှေးပြီးအသာပွတ်လိုက်တဲ့ အချိန်
ငါ၇င်တွေတောင်ဟာသွားသလို
မိမိ၇၇ဆုတ်ကိုင်ပြီး
မျက်လုံးတွေအေ၇ာင်တောက်
နုတ်ခမ်းမှာအပြုံးတွေပွင့်
ဝမ်းသာအားရ ...
ငါ့ ဘ၀ကိုပစ်ချလိုက်တယ်
ဒေါင်း... ... ... ပြီ... ... ... တဲ့ 
                                                                      By:     မင်းဆူးသစ်
♠__လွဲ__♠
♠ ဆေးဆိုးပန်းရိုက် အပြုံးတွေနဲ့ 
  မျောချင်တိုင်းမျောနေလိုက်တာ 
  နေ့ တွေညတွေမှား... .. .
  တစ်ကယ်တော့ ငါဆိုတာ...
  နင့်ကစားတဲ့ ကစားပွဲထဲက နယ်ရုပ်လေး တစ်ရုပ်ပါပဲ... .. .။
♠ မာယာဆိုတာ  
  ဘာမှန်းမသိခဲ့
  ငါဆိုတဲ့ နယ်ရုပ်က... .. .
  ချကျွေးခံလိုက်ရတာတောင်
  စစ်ဘုရင်တစ်ယောက်လို... ရဲရင့်ချင်တုန်း... .. .။
♥____ ခုနှစ်ရောင်ခြယ်____♥
အိပ်မပျော်ခဲ့လို့ ပါ လိုက်ကာလေးဖွင့်မိပါတယ်
ခင်ဗျားက တိုးတိုးတိတ်တိတ် ကျုပ်အခန်းထဲ ရောက်နေပြန်ပေါ့
"တော်တော်ဆိုးတယ်ဗျာ"... ... ...
အပြင်မှာတင်မဟုတ်ဘူး ကျုပ်အခန်းငယ်လေးထဲမှာပါ
ခင်ဗျားအရိပ်တွေက မှိုင်းလဲ့ပြာရီ... ... ...။
ကျွန်တော်နဲ့  အတွေးစများ
အချစ်ကိုပေါ့ဗျာ အမျိုးမျိုးဖွင့်ဆိုခဲ့ကြတယ်၊
အချစ်ဆိုတာ ...
တဂိုးရဲ့ နေ၀င်ချိန်ကဗျာတစ်ပုဒ်
အချစ်ဆိုတာ ...
ဗင်းဆင့်ဗင်ဂိုးရဲ့  နေကြာပန်းတစ်ပွင့်
အချစ်ဆိုတာ ...
ဒေးကာနယ်ဂျီရဲ့  လမ်းညွှန်တစ်အုပ်
အချစ်ဆိုတာ ...
ဆိုကရေးတီးအတွက် ပြင်းရှတဲ့အဆိပ်တစ်ခွက်ပေါ့
အချစ်ဆိုတာ ...
ဘီးလ်ဂိတ်လို လူချမ်းသာတစ်ယောက်
အချစ်ဆိုတာ ...
နပိုလီယမ်ကို ရဲရင့်စေတဲ့အားဆေး
အချစ်ဆိုတာ...
...      ...      ...      ...
...      ...      ...      ...
ကျွန်တော် လူတစ်ယောက်နဲ့ 
စကားပြောဖြစ်ခဲ့တယ် ...
ကျွန်တော် - "အချစ်ဆိုတာကို ခင်ဗျားသိလား"
လူကြီး - "သိတော့သိတယ်၊ ဒါပေမယ့် ပြောမပြတတ်တော့ဘူး"
ကျွန်တော် - "ဘာဖြစ်လို့လဲ"
လူကြီး - "အဲဒါကို သိပြီးကတည်းက ငါခုလို ရူးသွားခဲ့တာပဲ" တဲ့
ကျွန်တော်အတွက်တော့
အချစ်ဆိုတာ ...  ...  ... ။                        ။
                                                                                                                August 16
~~ပွဲဈေး~~
ကျွန်တော်တို့  ရင်တလှပ်လှပ်နဲ့ 
မိဘတွေ  မျက်ခုံးလှုပ်တဲ့နေရာပေါ့... ... ။
ကျန်ကျောင်းမျက်နှာဖုံးနဲ့ 
ဗန္ဓုလဦးထုပ် ပူဆာမယ်... ...  
ကောက်ညှင်းကျဉ်တောက်နဲ့ 
ဖာလူဒါ ပူဆာမယ်... ... ။
မြန်မာပြည်သားရဲ့
တွဲအမှတ်(၁၄) မှာစီးမယ်... ...
ကာရေဗီယမ် ရွက်လှေကြီးရဲ့
နောက်ဆုံးတန်းမှာထိုင်မယ်... ... ။
ဟိုက်ဒရိုဂျင်အပြည့်နဲ့ 
လေပူဖောင်းလေးတွေကိုဆွဲ
လူကြပ်ကြပ်ထဲတိုးလို့ 
ဆီမီးတစ်ထောင် ဆောင်းတန်းတစ်လျှောက်ငေးမယ်... ... ။
တစ်ချိန်ကပေါ့... ...
ကျွန်တော်တို့  ရင်တလှပ်လှပ်နဲ့ 
မိဘတွေ မျက်ခုံးလှုပ်တဲ့နေရာလေ ... ... ... ။                  ။