Search This Blog

Thursday, 19 January 2012

ကျွန်တော် မသိတတ်ခဲ့ခြင်းများ

ရင်းနှီးလွန်းလို့၊ နီးကပ်လွန်းလို့ ဂရုစိုက်မှုတွေ နည်းသွားတယ်၊ အာရုံစိုက်မှု နည်းသွားတယ်။
ကြာတော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာတယ်။ လျှစ်လျှူရှူမှုတွေ များလာခဲ့တယ်။

ကြာတော့ ဒါတွေက ကျွန်တော်တို့ရဲ့ အားနည်းချက်၊ ကျွန်တော်တို့ရဲ့ အကျင့်စရိုက်တွေ ဖြစ်လာခဲ့တယ်။
ကျွန်တော်တို့ရဲ့ လျှစ်လျှူရှူမှုက ရင်းနှီးသူတွေကို ထိခိုက်နာကျင်စေခဲ့တယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကို နာကျင်စေခဲ့ပြန်တယ်။

ကျွန်တော်တို့  အနေနဲ့ အခုအချိန်မှာ

"မိဘတွေကို မကြည့်ဘဲ၊ မိဘတွေရဲ့ ဓာတ်ပုံကိုလည်း မကြည့်ဘဲ သူတို့ရဲ့ရုပ်ပုံကို ဆွဲခိုင်းကြည့်မယ်ဆိုရင် သင်ဆွဲနိုင်ပါသလား?"

သေသေချာချာ စဉ်းစားကြည့်ပါ !

အမေရဲ့မျက်ခွံက အရစ်ပါလား? မပါဘူးလား?
အဖေရဲ့နားခင်က ထူသလား? ပါးသလား?
အမေမျက်နှာပေါ်က အရစ်ကြောင်းတွေ နည်းသလား? များသလား?
အဖေနဖူးပေါ်က အရစ်ကြောင်း ဘယ်နှကြောင်းရှိသလဲ?
အမေရဲ့ မျက်နှာပေါ်မှာ မှဲ့ဘယ်နှလုံးရှိသလဲ?
အဖေရဲ့ မျက်ခုံးမွေးက ထူသလား? ပါးသလား?


မျက်စိမှိတ်ပြီး သေချာထပ်ပြန် စဉ်းစားကြည့်ပါး

ကျွန်တော်တို့ဆီ လှမ်းလာတဲ့ အဖေ၊ အမေတို့ရဲ့ ပုံစံအမှုအရာက ဘယ်လိုလဲ?
နောက်ပြန်လှည့်သွားတဲ့ အဖေ၊ အမေတို့ရဲ့ နောက်ကျောပုံစံက ဘယ်လိုပုံစံမျိုးလဲ?
ကျွန်တော်တို့ ငယ်ငယ်ကနေ အခုကြီးလာတဲ့အထိ အဖေ၊ အမေတို့ရဲ့
အမှုအရာနဲ့ ပုံရိပ်တွေ ဘယ်လောက် ပြောင်းလဲသွားခဲ့ပြီလဲ?
အိမ်အလုပ် ပင်ပင်ပန်းပန်း လုပ်နေတဲ့ အမေ့ပုံရိပ်ကို ကျွန်တော်တို့ ကြည့်နိုင်စွမ်းရှိခဲ့လား?
အပြင်ထွက် အလုပ်လုပ်မယ့် အဖေရဲ့ပုံစံကို ကျွန်တော်တို့ သတိထား ကြည့်ခဲ့မိလား?

ဒီအရာတွေကို အခုမှ စဉ်းစားမိကြတယ် မဟုတ်လား?
ပိုရင်းနှီးလေ၊ ပိုနီးကပ်လေ အမြင်တွေက ဝေဝါးလေပါပဲ!
ရင်းနှီးလွန်းတယ် ထင်ခဲ့ပေမယ့် ဂရုစိုက်မှုက သူစိမ်းဆန်ခဲ့ရတယ်။

"မိဘတွေကတော့ ကျွန်တော်တို့ ကြီးပြင်းခဲ့တာကို မှတ်ထားတယ်။
ကျွန်တော်တို့က မိဘတွေ အိုမင်းသွားတာကို မှတ်ဖို့ မေ့နေခဲ့တယ်"

လူကြီးတစ်ဦးက ပြောခဲ့ပါတယ်။ (၄၁)နှစ် သူအိမ်ထောင်ကျစဉ်က အဝေးမှာနေတဲ့ မိဘတွေကို
မဖိတ်ခေါ်နိုင်ခဲ့လို့ မိဘပုံတွေကို ဆွဲပြီး သတိတရနဲ့ နံရံမှာ ချိတ်ဆွဲဖို့ စဉ်းစားခဲ့တယ်။
ဒါပေမယ့် လအတော်ကြာတဲ့အထိ ပုံဆွဲခဲတံကိုပဲ ကိုင်ပြီး ဘာပုံမှ ဆွဲမထွက်ခဲ့ဘူး။ သူ့ရဲ့အတွေးထဲမှာ
မိဘတို့ရဲ့ပုံရိပ်က ကြည်လင်နေတယ်။ ဒါပေမယ့် သူတို့ရဲ့ မျက်လုံး၊ မျက်နှာအနေအထား၊ အကြည့်တွေကို
သေသေချာချာ မြင်ယောင်ကြည့်တော့ အမြင်မှာ မှုန်ဝါးဝါးဖြစ်နေခဲ့တယ်။ ဒါကြောင့် သူပုံမဆွဲနိုင်တာဖြစ်တယ်။

အသက် (၂ဝ) မတိုင်ခင်က မိဘတွေနဲ့ပဲ သူနေခဲ့တယ်။ အနှစ် (၂ဝ)လုံးလုံး ဒီလောက်ပူးပူးကပ်ကပ်၊
ဒီလောက် ရင်းရင်းနှီးနှီး နေခဲ့ပေမယ့် စိမ်းနေခဲ့တယ်၊ မှုန်ဝါးနေခဲ့ရတယ်။

မိဘတွေရဲ့ မျက်နှာကိုတောင် ပုံစံမဖော်နိုင်လောက်အောင် စိမ်းခဲ့တယ်။
မိဘတွေရဲ့ ရုပ်ပုံကိုတောင် ဆက်စပ်ပုံဖော်လို့ မရနိုင်အောင် မှုန်ဝါးခဲ့တယ်။

ဒီ့အတွက် သူနှစ်တော်တော်ကြာ ခံစားခဲ့ရတယ်။ သားသမီး သုံးယောက်ရမှ ကလေးတွေရဲ့
ကြီးပြင်းရာတစ်လျှောက်မှာ အဖော်လုပ်ရင်း ခံစားမှုတွေကို လျှော့ခဲ့ရတယ်။

ကျွန်တော်လည်း ဒီနှစ်အတောအတွင်းမှာမှ အဲဒီလူကြီးရဲ့ ခံစားချက်ကို  နားလည်နိုင်ခဲ့တယ်။

မိဘတွေက ကျွန်တော်တို့ရဲ့ ကြီးပြင်းခဲ့တာကို မှတ်သားနေချိန်မှာ
ကျွန်တော်တို့က မိဘတွေ အိုမင်းသွားတာကို မှတ်သားဖို့ မေ့နေခဲ့ကြမယ်ဆိုရင်

မိဘတွေက ကျွန်တော်တို့ ကို လွမ်းဆွတ်နေချိန်မှာ
ကျွန်တော်တို့ က မိဘတွေရဲ့ ပုံရိပ်လေးတွေကိုမှ မှတ်မှတ်ထင်ထင် ရှိမနေခဲ့ကြရင် ... ...



အမှိုက်ထဲမှစိတ်ဓါတ်များ

(((((အမှိုက်.. အမှိုက်..)))))
(((((အမှိုက်.. အမှိုက်..)))))

နေပူကျဲကျဲမှာ အမှိုက်လှည်းကြီးကို တွန်းရင်း တစ်လမ်းဝင် တစ်လမ်းထွက် အမှိုက်လိုက်ကောက်နေတဲ့ ကျနော်တို့ မောင်နှမ နှစ်ယောက် အတွက်တော့ နေမင်းကြီး ပူလောင်တယ် ဆိုတာထက် လူလုံးမလှပတဲ့ ဘဝရဲ့ ပူလောင်မှုက အရာရာကို ရင်ဆိုင်ဖို့ ကျင့်သားရခဲ့ပြီးသားပဲလေ..။

နားထဲမှာတော့ ဖေဖေ မဆုံးခင် ပြောသွားတဲ့ ဆုံးမ စကားလေးကို ကြားနေမိသေးတယ်..
“သားရေ ဖေဖေတို့က အမှိုက်ကောက်တဲ့ သူတွေဆိုတော့ လူတွေက မသတီကြဘူး.. အကျိုးပေး မကောင်းခဲ့လို့ နှိမ့်ကျတဲ့ ဘဝ ရောက်နေပေမယ့် စိတ်ဓါတ်ကို အမြဲ မြင့်မြင့်ထားပါ.. ဘယ်လောက်ပဲ ဆင်းရဲနုံချာနေပါစေ.. သူများပစ္စည်း မခိုးနဲ့.. မတရားတာ မလုပ်နဲ့.. ရိုးသားဖြူစင်တဲ့ စိတ်ဓါတ်နဲ့ ဘဝကို ရဲရဲ ရင်ဆိုင်ပါ..” တဲ့

ကျနော် နဖူးပေါ်က ချွေးတွေကို လက်တစ်ဖက်နဲ့ သုတ်ရင်း.. အတွေးစကို ဖြတ်ကာ အမှိုက်လှည်းကြီးကို ဂရုတစိုက် တွန်းလာခဲ့တယ်..။ ကျနော့် ပုဆိုးစလေးကို ဆွဲကိုင်ရင်း လိုက်လာတဲ့ ညီမလေးကလည်း သူ့အသံလေးနဲ့ အမှိုက်.. အမှိုက်..!! လို့ အော်ပေးရှာပါတယ်..။

ညီမလေးက အခုမှ (၆) နှစ် ရှိသေးတာ..။ တကယ်ဆို ကျနော်တို့ မောင်နှမက ကျောင်းနေရမယ့် အရွယ်တွေပေါ့..။ ကျနော်သာ ကျောင်းနေခဲ့ရရင် အခုဆို ရှစ်တန်း၊ ကိုးတန်း လောက်တော့ ရောက်နေလောက်ပြီ..။ ဘဝပေးကံက ကျောင်းဆိုတာ ဘာမှန်းမသိလောက်အောင် ဆိုးရွားခဲ့တော့ ဒီဘဝ ဒီလိုသာ ဖြတ်သန်းရုံပေါ့..။

ကျနော် စိတ်ဓါတ်မကျပါဘူး.. အမှိုက်ကောက်လို့ ရတဲ့ ငွေလေးနဲ့ ကျနော်တို့ မောင်နှမ ထမင်းစားတယ်..။ စေတနာကောင်းတဲ့ အိမ်တွေက ကျနော်တို့ကို အဝတ်အစား အဟောင်းတွေ ပေးကြတယ်..။ နေစရာကတော့ အမိုးအကာ ရှိတဲ့ တစ်နေရာရာဆိုရင် နေလို့ ဖြစ်နေတာပါပဲလေ..။

“အမှိုက်..!!!!..”
အမှိုက်လို့ အော်ခေါ်သံကြားလို့ ကျနော် ဝမ်းသာအားရ မော့ကြည့်လိုက်တော့ ဟိုး.. ခြောက်လွှာကနေ လက်ယပ် ခေါ်နေတဲ့ အန်တီကြီး တစ်ယောက်..။

ကျနော် ညီမလေးကို အမှိုက်လှည်းနားမှာ စောင့်ခိုင်းပြီး လှေခါးထစ်တွေ အတိုင်း ပြေးတက်ခဲ့လိုက်တယ်..။ ဒီအမှိုက်ဖိုးလေးရရင် ညီမလေးကို ကောက်ညှင်းပေါင်းနဲ့ အကြော်ဝယ်ကျွေးရမယ်လေ..။

အခန်းတံခါး ခပ်ဟဟလေး ပွင့်လာတယ်.. ပြီးတော့ ဖြူဖြူဝဝ အန်တီကြီး တစ်ယောက် ထွက်လာပြီး အမှိုက်တွေ ထည့်ထားတဲ့ သံပုံးကြီး တစ်ပုံး ထုတ်ပေးတယ်..။
“ရော့.. ကောင်လေး အမှိုက်ယူပြီးရင် အမှိုက်ပုံး ပြန်လာပေး..”

ကျနော်လည်း အမှိုက်ပုံးကြီးကိုမပြီး လှေခါးထစ်တွေ အတိုင်း ပြန်ဆင်းခဲ့တယ်..
အမှိုက်တွေ မကျအောင်လည်း ဂရုစိုက်ရသေးတယ်လေ..။

ညီမလေးကတော့ အမှိုက်လှည်းကြီးဘေးမှာ မြေကြီးတွေကို ဒုတ်နဲ့ ခြစ်ပြီး ဆော့နေလေရဲ့..
ကျနော်လည်း သံပုံးထဲက အမှိုက်တွေကို အမှိုက်လှည်းကြီးပေါ် ပစ်ပြီး သံပုံးလွတ်ကြီးနဲ့ ပြန်ပြေးတက်ရတာပေါ့ .. ခြောက်လွှာကို..။

အပေါ်ထပ် အခန်းဝကို ပြန်ရောက်တော့..
“ဘယ်လောက် ပေးရမလဲ..”

“အန်တီ စေတနာရှိသလောက် ပေးပါခင်ဗျာ..”
“ရော့.. ငါးဆယ် ယူလိုက်..”

အန်တီကြီး ထုတ်ပေးတဲ့ နှစ်ရာတန်လေးကို လက်တဖက်က ကိုင်ပြီး ကျနော် ခေါင်း ကုတ်လိုက်တယ်..
ကျနော့်မှာ ရှိတာက ငါးဆယ်တန် တစ်ရွက်ပဲ ရှိတာလေ.. ကျနော် ဘယ်လို အမ်းရမလဲ..။

ကျနော် ငါးဆယ်တန် နွမ်းဖတ်ဖတ်လေးကို ထုတ်ပြီး..
“ကျနော့်မှာ ငါးဆယ်ပဲ ရှိတာ.. ပြန်အမ်းဖို့ မရှိဘူး ခင်ဗျ.. အန်တီ အနှုတ် မရှိဘူးလား..”
“ဟဲ့.. အဲဒါဆို ဘယ်လို လုပ်မှာလဲ.. ငါ့မှာ အနှုတ်မရှိဘူး..”

“ဒါဆို ကျနော် လမ်းထိပ်က ကွမ်းယာဆိုင်မှာ အနှုတ် သွားလဲ လိုက်မယ်..”
“ဘယ်ဖြစ်မလဲ.. နင် ပြန်မလာရင် ဘယ်လို လုပ်မလဲ.. နင်တို့လို အမှိုက်ကောက်သမားတွေက ဒီလိုတွေကြီးပဲ..”

“ဟာ.. ကျနော် အဲ့လို မလုပ်ပါဘူး.. ကျနော် ပြန်လာ အမ်းမှာပါ..”
“အို.. တော်ပြီး ရှုပ်ရှုပ်ရှက်ရှက်.. နေ.. နေတော့.. အမ်းဖို့ မရှိရင် မပစ်တော့ဘူး.. အမှိုက်တွေ သွားပြန်ယူပေး..”
“ဗျာ..!!..”
ကျနော် အံ့သြသွားတယ်..။ စိတ်ထဲမှာလည်း ကျင်ကနဲ ဖြစ်သွားတယ်..။

ကျနော် ဘာမှ မပြောတော့ပါဘူး.. နှစ်ရာတန်လေးကို သူ့လက်ထဲ ပြန်ထည့်ပြီး လည့်ထွက်ခဲ့လိုက်တယ်..။

လှည်းထဲက သူ့အမှိုက်တွေကို ကြည့်လိုက်တော့ ဘီယာဘူးခွံတွေ.. နိုင်ငံခြားဖြစ် တန်ဖိုးကြီး အစားအစာတွေရဲ့ ဗူးခွံတွေ..။ ညီမလေးက တော်တော် ဗိုက်ဆာနေပြီ ထင်ပါတယ်.. အဲ့ဒီ ဗူးခွံတွေထဲက ကြက်ပေါင်ကြော်ပုံ ပါတဲ့ ဂတ်ထူဗူးခွံကြီးကို ကိုင်ပြီး ကြည့်လို့..။

ကျနော် စိတ်မကောင်းတော့ ဖြစ်မိတယ်.. ဒါပေမဲ့ ကျနော် ဝမ်းမနည်းပါဘူး..။ ဒါဟာ ကျနော်တို့ ရင်ဆိုင် ကြုံတွေ့နေကျ ခါးသက်သက် ဘဝပါ..။ လူတော်တော်များများက ကျနော်တို့ကို မသတီကြဘူး..။ နှိမ့်ကျနေတဲ့ ကျနော်တို့ ဘဝကို ဘယ်သူမှ ကိုယ်ချင်း မစာနိုင်ကြဘူး..။ လက်တွဲဖေးကူမယ့်သူ ဆိုတာလည်း ရှားပါးလွန်းလှပါတယ်..။ စိတ်ဓါတ်ဖြူစင်ပြီး မေတ္တာထားတတ်ကြသူတွေလည်း ရှိတော့ ရှိပါတယ်..။ လူနည်းစုပေါ့..။

ကျနော်တို့ အမှိုက်ကောက်သမားဆိုတာ သူတပါးပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက် ကိုယ်ကိုတိုင် အညစ်ပေခံပြီး ကူညီနေကြ သူတွေပါ..။ လူတွေက အမှိုက် ဆိုတာနဲ့တင် လက်နဲ့ ပြန်ကိုင်ဖို့တောင် ရွံရှာ တတ်ကြပါတယ်..။ ဒီလို သူများ ရွံရှာတဲ့ အလုပ်ကို ကျနော်တို့ကတော့ ကျေကျေနပ်နပ်ကြီး လုပ်နေရတာပါ..။
ဒါဟာ.. ဘဝပေးကုသိုလ်ကံလို့ ပြောမလား..! ခေတ်ကာလကြောင့်လို့ ပြောမလား..!

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ထမင်းအိုး ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ရိုးသားမှု ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ဘဝ ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ အနာဂတ် ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ စိတ်ဓါတ်တွေ ရှိတယ်..

အဲ့ဒီလိုပဲ ဒီအမှိုက်တွေထဲမှာ ကိုယ်ချင်းစာတရား မရှိသူတွေရဲ့ ပုပ်ပွနေတဲ့ စိတ်ဓါတ်တွေ ရှိတယ်..

ကျနော် သက်ပြင်း လေးလေးကြီး ချကာ အမှိုက်လှည်းကြီးကို တွန်းပြီး ထွက်လာခဲ့လိုက်တော့တယ်..
ညီမလေးကတော့ ပါးစပ်က အကျင့် ပါနေတဲ့ အော်နေကျ အတိုင်း..

(((((အမှိုက်.. အမှိုက်..)))))

(((((အမှိုက်.. အမှိုက်..))))) တဲ့လေ..။

(ကိုရင်နော်)


မှတ်ချက်။ ။ ဒီအဖြစ်အပျက်လေးက အမှိုက်ကောက်သမားလေး တစ်ယောက် တကယ် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်လေး တစ်ခုပါ..။ “လဲနေသူ ထူပေးပါ.. အားငယ်သူ အားပေးပါ..” တဲ့.. ငယ်ငယ်က သင်ခဲ့ရပါတယ်..။ အခုခေတ်မှာတော့ “လဲနေသူ ကျော်သွားပါ.. အားငယ်သူ ဖိနှိပ်ပါ..” ဆိုတာမျိုးတွေ ဖြစ်နေပြီ..။လူသားချင်း စာနာထောက်ထားကြဖို့တော့ လိုနေပြီ..။ သာမန်လူတစ်ယောက် အတွက် ငွေနှစ်ရာဟာ ဘာမှ သုံးမဖြစ်တော့ပေမယ့် ဒီပိုစ့်ထဲက မောင်နှမအတွက်တော့ ထမင်းတစ်နပ်စာ ကောင်းကောင်းရပါတယ်..။ လူသားတိုင်း တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် မေတ္တာထားနိုင်ကြပါစေ..။

Sunday, 8 January 2012

လိမ်ညာကြသူများ

ဒီလောကမှာ ဒီလိုလူတစ်ယောက်ရှိတယ်။ သင်ငယ်စဉ်အခါမှာ သင့်ကို "လိမ်ညာတယ်ဆိုတာမကောင်းဘူး၊ မလိမ်ညာရဘူး၊ လိမ်တတ်တဲ့ကလေး သစ်သားရုပ် Pinocchioလို နှာခေါင်းရှည်ထွက်လာတတ်တယ်" လို့ သူမကြာခဏပြောတယ်။ သူ့စကားကို သင်ယုံတယ်.. နှာခေါင်းရှည်ထွက်လာပြီး ရုပ်ဆိုးမှာစိုးလို့ သင်မလိမ်ညာရဲခဲ့ဘူး။

ဒါပေမဲ့ သင့်ကို မလိမ်ညာရဘူးလို့ သင်ပြတဲ့သူက အလိမ်ညာတတ်ဆုံးလူ ဖြစ်နေတယ်ဆိုတာကို နောက်တော့ သင်တဖြေးဖြေး သတိထားလာခဲ့မိတယ်။

သင်အကြိုက်ဆုံး အစားအစာဟာ သူ မကြိုက်ဆုံးအစားအစာဖြစ်တယ်။ ဥပမာ- ကြက်သားစားတဲ့အခါ ကြက်ပေါင်၊ ကြက်တောင်ပံ၊ ကြက်ရင်အုံတွေကို သူ မကြိုက်ဘူးလို့ အမြဲပြောတယ်။ ဒါတွေက သင်အကြိုက်ဆုံးဖြစ်နေတတ်တယ်။ ကြက်ပေါင်၊ ကြက်ရင်အုံတွေကို သင်စားနေရင်းက ဒီလောက်မွှေး၊ ဒီလောက်စားကောင်းတဲ့အရာကို မကြိုက်တဲ့သူလည်းရှိတယ်လို့ သင်တွေးနေမိတယ်။ ဒါပေမဲ့ တစ်နေ့မှာ မီးဖိုချောင်ထဲက သင့်စားကြွင်းစားကျန် ကြက်ပေါင်တွေကို စားနေတဲ့သူ့ကို သင်တွေ့ခဲ့မိတယ်။

အဲဒီနေ့က အိမ်ခန်းတွေထဲ ပြေးလွှားရင်း သင်လေတံခွန်လွှတ်တမ်း ကစားနေတယ်။ အဲဒီအချိန် တံခါးဘောင်မှာ သူမှီပြီး တစ်နေရာရာကို ကြည့်နေတယ်။ သင်ပြေးလွှားရင်း ပွင့်နေတဲ့တံခါးရွက်ကို တိုက်မိတယ်။ တံခါးအပိတ်မှာ သူ့လက်ချောင်းကို ညှပ်လိုက်မိတယ်။ သူ့ရဲ့ အားခနဲအော်သံကြားတော့ သင်လန့်ပြီးငိုတယ်။ တခြားလက်တစ်ဖက်နဲ့ ညှပ်မိတဲ့လက်ကို သူဆုပ်ကိုင်ရင်း သူဘာမှမဖြစ်ဘူး၊ မနာဘူးလို့ သင့်ကိုပြောတယ်။ သူ့မျက်နှာပေါ်က အပြုံးတစ်ပွင့်က သင့်ကိုအငိုတိတ်စေခဲ့တယ်။နောက်ရက်တွေမှာ သူ့လက်ချောင်းဖုယောင်နေတာကို သင်တွေ့ခဲ့မိတယ်။

အဲဒီနောက် သင်တဖြေးဖြေး ကြီးပြင်းလာခဲ့တယ်။ အလယ်တန်းရောက်တော့ သင်အဆောင်နေရတော့မယ်။ သူ့ကို သင်မခွဲချင်ဘူး။ သူကတော့ပြောတယ်...."အဆောင်နေမယ့်အရွယ်ရောက်ပြီ...ကောင်းလိုက်တာ.. နားညီးသက်သာသွားပြီ၊ အိမ်ရှင်းသွားပြီ" လို့ သူပြောတယ်။ ဒါကို သင်စိတ်ကောက်ပြီး အိမ်ကိုနှစ်ပတ်လောက် မပြန်ခဲ့ဘူး။ နောက်မှ အိမ်နီးချင်းတွေကနေ သင်သိရတာက သင်အိမ်မပြန်တဲ့ရက်တွေ သင့်ကိုသူလွမ်းမျှော်ပြီး မျက်ရည်ကျနေခဲ့တယ်ဆိုတာပါပဲ။

နောက်တော့ သင် တက္ကသိုလ်ရောက်တော့ ကောင်မလေးတစ်ယောက်ကို သင်ချစ်မိတယ်။ ကောင်မလေးအတွက် သင့်အသုံးစရိတ်တွေထဲကနေ အမြဲလက်ဆောင်ဝယ်ပေးတယ်။ ဒါနဲ့ သူ့ဆီကို သင်စာအုပ်ဝယ်ဖို့ ငွေလိုကြောင်း စာပို့တယ်။ စာအုပ်ဝယ်ဖို့ဆိုရင် သူအားပေးတယ်.. သင်လိုတဲ့ပိုက်ဆံကိုသူချက်ချင်း ပို့ပေးတယ်။ အလုပ်လုပ်ရတာ သူဘယ်လောက်ပဲဆင်းရဲပင်ပန်းပါစေ... သူ မမောပါဘူးတဲ့။ နွေကျောင်းပိတ်လို့ သင်အိမ်ပြန်တော့ သူ့ကိုအလုပ်ရုံမှာ သင်သွားရှာခဲ့တယ်။ အလုပ်ရုံနဲ့အိမ်က အဝေးကြီး.. ခါးကုန်းကုန်းပြီး အင်စိုက်အားစိုက် အလုပ်လုပ်နေတဲ့ သူ့ကို သင်တွေ့ခဲ့တယ်။

သင်ကျောင်းပြီးတော့ အလုပ်ဝင်ပြီ... အလုပ်အတွက်၊ ဘဝအတွက် သင်နေ့မအား၊ ညမအားခဲ့ဘူး။ တာဝန်နဲ့ နေရပ်ကိုသင်ဖြတ်ရပေမယ့် အိမ်ကိုဝင်ဖို့ သင်မအားခဲ့ဘူး။ ကြာကြာတစ်ခါတော့ သင့်ကို သူဖုန်းဆက်တတ်တယ်။ ဘာအရေးကိစ္စမှ မရှိပါဘူး.. သင့်အသံကိုပဲ သူနားထောင်ချင်လို့၊ နေကောင်းကျန်းမာဖို့၊ အိမ်မှာအရာအားလုံးကောင်းတယ်၊ စိတ်မပူဖို့ သူပြောတယ်။ ဒါကို သင်စိတ်ချလက်ချ ယုံတယ်။ တစ်နှစ်ပတ်လုံး အိမ်မပြန်ခဲ့ဘူး။ နောက်တစ်နှစ်အိမ်ပြန်တော့အိမ်နီးချင်းတွေက "သူလဲကျလို့ ခြေကျိုး၊ လက်ကျိုးဖြစ်သွားတာတောင် မင်းအိမ်ပြန်လာကြည့်ဖော် မရဘူးနော်" လို့ အပြစ်ဆိုတယ်။

အခုချိန်မှာတော့ သူနဲ့အတူ သင်ရှိနေတယ်။ သူ့ခေါင်းပေါ်ကဆံဖြူတွေကို သင်ကြည့်ရင်း သစ်သားရုပ်Pinocchioရဲ့ ပုံပြင်ကို သင်ပြောပြချင်နေခဲ့တယ်။ သင်ငယ်ငယ်တုန်းက သူပြောပြခဲ့ဖူးသလို... မလိမ်ညာရဘူး၊ လိမ်ညာတဲ့လူ နှာခေါင်းရှည်တတ်တယ်ဆိုတဲ့ ပုံပြင်ကိုပေါ့။

ဒါပေမယ့် အခုချိန်မှာ သင်လည်း လိမ်ညာတတ်ခဲ့တယ်။ ဈေးကြီးတဲ့ပစ္စည်းတွေဝယ်ပြီး ကပ်ထားတဲ့ဈေးနှုန်းစာရွက်ကို သင်ခွာခဲ့တယ်။ ပြီးတော့ ဒါဈေးချတာ.. ဈေးပေါတယ်လို့ သူ့ကို သင်ညာတယ်။ ဒါမှ သူ စိတ်မဆိုးမှာဖြစ်တယ်။ အလုပ်မှာ စိတ်ဖိအား၊ အလုပ်ဖိအားတွေကို သင်ခံရတယ်။ဒါပေမယ့် သူနဲ့စကားပြောတဲ့အခါတိုင်း ကျေနပ်တဲ့အသံနဲ့ အလုပ်မှာကောင်းကြောင်း၊ စိတ်ချချနေဖို့ သူ့ကို သင်ပြောတယ်။

သင့်ကိုယ်သင် လိမ်ညာတတ်သူဖြစ်အောင်လုပ်မယ်လို့ သင်ဆုံးဖြတ်တယ်။ သူပြုံးရယ်ဖို့အတွက်၊ လောကမှာ အလိမ်ညာတတ်ဆုံး------ မိခင် အတွက်ပေါ့။


မူရင်း--- http://www.duwenzhang.com/wenzhang/qinqingwenzhang/20111115/207067.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Sunday, 1 January 2012

မင်းလေး ချစ်တတ်ရင်

ကိုယ့်မှာရှိတယ် လက်ဆောင်တစ်ခုကွယ်

မင်းကိုပေးမယ် ယူမလားအချစ်ရယ်

ဟောဒီ ပခုံးရယ် ဒီဦးနှောက်နဲ့ 

မင်းကိုချစ်တဲ့ ဒီနှလုံးသားရယ် ... ... ...

video