Search This Blog

Friday, 13 April 2012

ဖူးတံဝင့်လို့  မချီနိုင်သော

ကျွန်တော် ကျောင်းစာတွေကြောင့်ရော လေနေတာတွေရောပေါင်းပြီး ဘလော့လေးကိုတောင် ပစ်ထားမိတယ်
သင်္ကြန်တွင်းမှာ မပျော်နိုင်တဲ့ သူတွေဆိုတော့လည်း အဟဲ ...
ဟိုဖတ်ဒီဖတ်နဲ့  ကျွန်တော်ကြိုက်တဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို သူငယ်ချင်းတို့ လည်းခံစားလို့ ရအောင်
မျှဝေပေးလိုက်ပါတယ်  ...  ဆောင်းပါးလေးနာမည်က  "ဖူးတံဝင့်လို့  မချီနိုင်သော" တဲ့

`အမေရေ…၊ ဟောဒီမှာ … … …´
နောက်ဖေး လမ်းကြားတခုထဲ ချိုးအ၀င် သူ့ကို မြင်တာနဲ့ စူးကနဲ နေအောင် အော်လိုက်သော ကလေးတယောက် အသံက အိမ်တအိမ်ဆီမှ ပေါ်ထွက်လာ၏။ သိပ်မကြာလိုက်…၊ အိမ်ကြို အိမ်ကြားမှ ခွေးဝဲစားတချို့၏ အသံတွေက တ၀ူးဝူး တ၀ုတ်ဝုတ်ဖြင့် ပွတ်လောညံ သွားတော့သည်။ အိမ်အတော်များများမှ လူတချို့က သတိအနေအထားဖြင့် တမျိုး၊ မလိုလားဟန် တဖုံ၊ ရွံရှာဟန် တနည်းဆောင်သော အကြည့်တွေဖြင့် သူသွားလေရာကို လိုက်ကြည့်နေ၏။ တချို့ကတော့ လှမ်းလို့ပင် အော်ပြောလိုက်ပါသေးသည်…
`ဟဲ့…၊ ပလတ်စတစ် ကောက်ရင်လဲ ပလတ်စတစ်ပဲကောက်နော်၊ အ၀တ်တွေ၊ ထဘီတွေတော့ ရုတ်မသွားနဲ့´
တချို့ကလည်း…
`သွားသွား…၊ ဒါ ပလတ်စတစ်ကောက်တဲ့ နေရာမဟုတ်ဘူး´
သူကတော့ ကြားပါများလို့ ရိုးနေပြီ ဖြစ်သော စကားလုံးတွေကို လျစ်လျူရှုလို့ မျက်လုံးတွေ ကျီးကန်းတောင်မှောက် အလုပ်ပေးရင်း လက်ထဲက သံစူးတပ် တုတ်ချောင်းရှည်လေးဖြင့် တွေ့သမျှ ပလတ်စတစ်စုတ်တွေကို ဆတ်ခနဲ ဆတ်ခနဲ ထိုးယူလို့ ပိုးလာသော ပီနန်အိတ်ထဲ ခပ်သွက်သွက် ထိုးသွင်းလိုက်သည်။
သိပ်တော့ မဆိုးလှ…။ ဒီနောက်ဖေးလမ်းထဲမှာ ပလစ်စတစ်စုတ် အတော်များများ ရလိုက်သလို အင်ဂျင်ဝိုင် ဗူးခွံအစုတ်တလုံး နဲ့ ပုလင်းခွံ သုံးလေးလုံးပါ ရလိုက်သည်။ နောက်ဖေးလမ်းကြားထဲက ပြန်ထွက်လာတော့ တယောက်ယောက်ရဲ့ အော်သံတခုက နောက်မှာ ကပ်ပါ လိုက်ပါသေးသည်။
`နောက်တခါ ဒီလမ်းကြားထဲ ၀င်လာကြည့်၊ ခဲနဲ့ ထုပစ်မယ်´
***
သူ့နာမည်က ဖိုးတေ …။ ဟိုးငယ်ငယ်ကတော့ သူ့အမေက သူ့ကို မောင်လပြည့်လို့ ခေါ်တာ ရေးတေးတေး မှတ်မိသေးသည်။ နောက်တော့ ဘယ်လိုက ဘယ်လို ဒီနာမည်တွင်လာတယ် မသိ။ အခုတော့ သူ့ပတ်ဝန်းကျင်က လူတွေက သူ့ကို `ဖိုးတေ´ လို့ပဲ နှုတ်ကျိုးနေကြပြီ။
သူတို့တတွေ နေတော့ မီးရထားခုံးကျော် တံတားတခု အောက်မှာ…၊ တခါတလေလဲ ကားလမ်းခုံးကျော် တံတားတခုခု အောက်မှာ…။ ၀တ်စုံ အပြာရင့်ရင်လူတွေ ဖြစ်ဖြစ်၊ ကာကီရောင်လူတွေ ဖြစ်ဖြစ် လာမမောင်းထုတ်သရွေ့တော့ တံတားတခုခု အောက်က အုတ်ဘောင်တန်း အဖီတခုခုဟာ သူတို့ရဲ့အိမ်။ အဲဒီ နေရာမှာပဲ စား၊ အဲဒီ နေရာမှာပဲ အိပ်။ သူ့အဖေကတော့ မီးရထားလမ်းပေါ်မှာ အအိပ်ကောင်းလို့ သေပြီတဲ့…။
သူ့အသက် ဆယ်နှစ်သား အရွယ်ရောက်တော့ သူ့အမေက အဟောင်းနဲ့ အသစ်လဲသော အရုပ်အလဲသည် လူကြီးတယောက်နောက် လိုက်သွားသည်။ အဲဒီ အလဲသည် လူကြီးက ကျူးကျော်ရပ်ကွက်တခုမှာ နေတော့ ခုံးကျော်တံတားတွေ အောက်မှာသာ နေရတာကို စိတ်ပျက်နေပုံရသော အမေက အားကိုးရှာပုံ ပေါ်သည်။
ကျူးကျော်တဲအိမ် ခပ်စုတ်စုတ်က နတ်ဘုံ၊ နတ်နန်းလဲ မဟုတ်၊ သူ့ပထွေး အလဲသည်ကြီးကလည်း သူ့ကို တင်ကျွေးမထားနိုင်တော့ သူသည်လည်း ပီနန်အိတ်ဆွဲလို့ ပလတ်စတစ် ထွက်ကောက်ရတော့သည်ပေါ့…။
***
ပလတ်စတစ် ကောက်သမား ဆိုတာက ဘာကြောင့်ရယ်တော့ မသိ…။ မြင်သူတိုင်းက တွေ့လိုက်တာနဲ့ သူခိုးတယောက်ကို ကြည့်တဲ့ အကြည့်မျိုးဖြင့် ကြည့်တတ်တာက များသည်။ ဘယ်လိုမှ ခိုးနိုင်လောက်တဲ့ နေရာမျိုးမှာ မဟုတ်တဲ့ လမ်းမကြီး နံဘေးလို နေရာမျိုးမှာတောင် စူးချွန်တုတ်ကလေးဖြင့် ဟိုဟိုဒီဒီ ထိုးဆွရင်း ပလတ်စတစ်ကောက်နေတဲ့ သူ့ကို ကွင်းရှောင် သွားသူကသွား၊ မသတီတဲ့ အကြည့်နဲ့ ကြည့်သူက ကြည့်နဲ့ သူတို့မှာ လူထက် တဆင့်နိမ့်သော လူဘ၀ကို ရောက်နေရသလိုလို…။
တချို့ အကျင့်မကောင်းသူ တယောက်တလေကတော့ လက်ဆော့ခြေဆော့နဲ့ အ၀တ်တွေ ရုတ်သွားတာမျိုး ရှိတတ်လေတော့ နဂိုကတည်းကမှ နုံချာလှတဲ့ သူတို့ကို ပိုလို့ နှိမ်ချင်စရာ ဖြစ်နေတာလားတော့ မသိပါ။ ပြောခွင့် ကြုံခဲ့ရင်တော့ လူတွေကို ဖိုးတေ ပြောပြလိုက်ချင်သည်။ ဘ၀ပေး အခြေအနေကြောင့် ဒီအလုပ်လုပ်နေရပေမယ့် သူတို့တွေ အားလုံးဟာတော့ သူခိုး ဂျပိုးများ မဟုတ်ရပါ … လို့။
***
ဒီနေ့တော့ ဖိုးတေ တယောက် ကံနည်းနည်း ကောင်းနေသည် ဆိုရမည်။ ခါတိုင်းဆိုရင် တနေကုန်အောင် ကောက်ပါမှ မပြည့်တတ်သော ပီနန်အိတ်ငယ်လေးက ဒီနေ့တော့ စောစောစီးစီးပင် ပြည့်သွားသည်။ ဒါ့အပြင် ရေသန့်ဗူးခွံတွေလည်း အတော်များများ ရလိုက်သေးသည်။
မောမောပန်းပန်းနဲ့ လျှောက်လာရင် ဗန်ဒါပင်ကြီး တပင်အောက် ရောက်တော့ ပီနန်အိတ်လေးကို ဘေးမှာ ချရင်း ခဏ ထိုင်နေခိုက်…
`ကလင်…ကလင်..ကလင်´
အသံရှည်တခုကို ကြားအပြီးမှာတော့ ဖိုးတေရှေ့က မြင်ရတဲ့ အဆောက်အဦထဲကနေ ကလေးတွေ လမ်းပေါ်ကို ဖြာခနဲ ထွက်လာကြ၏။ အဖြူ အစိမ်း ၀တ်စုံလေးတွေနဲ့ သူတို့ကို ဖိုးတေ တယောက်ချင်းစီ လိုက်ငေးနေမိသည်။ တချို့ကလည်း မိဘတွေက လာကြိုတဲ့လူကကြို၊ လမ်းလျှောက်ရင်း လာကြိုသူက ကြို…၊ ဘာပဲဖြစ်ဖြစ် အားလုံးကို ကြည့်ရသည်မှာ ပြုံးလို့…၊ ပျော်လို့…။
အဲဒီ အဆောက်အဦးထဲမှာ တနေ့တနေ့ သူတို့တွေ ဘာလုပ်နေကြလဲ ဆိုတာ ဖိုးတေ သိချင်လှသည်။ တခါတလေ အဲဒီလို အဆောက်အဦးရှေ့ကနေ ဖြတ်လျှောက်မိရင် သံပြိုင် အော်ဆိုနေကြသော အသံတွေကို ကြားရရင် သူတို့တွေလို လိုက်ဆိုချင်မိသည်။ သူတို့ ဘာတွေ ဆိုနေပါလိမ့်။
`ဟဲ့ကောင်လေး…၊ နင့်အသက် ဘယ်နှစ်နှစ် ရှိပြီလဲ´
သူ့ရှေ့မှာ လာရပ်ပြီး သနားသလိုလို အကြည့်နဲ့ မေးလိုက်သော မိန်းမကြီးကို ဖိုးတေ မျက်လုံးလေး အကြောင်သားဖြင့် ပြန်ကြည့်မိသည်။ မိန်းမကြီးဘေးမှာက ဖိုးတေနဲ့ ရွယ်တူလောက်ရှိမည့် အဖြူအစိမ်းဝတ် ကောင်လေး တယောက်…။ မိန်းမကြီးက ဖိုးတေကို မေးလိုက်ရင်း ဘေးမှာပါလာသည့် သူ့သားကို ပြောလိုက်သည်။
`သား ကျောင်းမတက်ချင်ရင် သူ့လို ပလတ်စတစ် ကောက်မလား´

ကောင်လေးက `ဟင့်အင်း၊ မကောက်ဘူး´ ဟု ခပ်သွက်သွက် ဖြေပြီး သူ့အမေအနားကို ပိုတိုးကပ်လိုက်သည်။ မိန်းမကြီးက…
`အေး…၊ ဒါဆိုရင် သား ကျောင်းတက်ရမယ်၊ စာ ကြိုးစားရမယ်နော်။ စာမတတ်ရင် သူတို့လိုပဲ လမ်းဘေးမှာ သား ပလတ်စတစ် ကောက်ရမှာ´
မိန်းမကြီးက ပြောလဲပြော၊ သူ့သားကိုလည်း ခေါင်းကို ဖွဖွ ပွတ်ပေးတော့ ကောင်လေးက ခေါင်းငြိမ့်ပြသည်။ ခဏကြာတော့ သူတို့ ပြန်လှည့်ထွက်သွားသည်။ ပြန်လှည့်မသွားခင် မိန်းမကြီးဆီက ငါးကျပ်တန် တရွက် သူ့ဆီ လွင့်ကျလာသည်။ ဖိုးတေ အားရ၀မ်းသာဖြင့် ကောက်ယူလိုက်၏။
***
ညနေ မိုးချုပ်လုပါပြီ။
အမှောင်ထုက လောကတခွင်ကို ၀ါးမျိုးလုဆဲတွင် မှိတ်တုတ်တုတ် အလင်းရောင်တချို့ဖြင့် အိမ်တချို့ဆီက ကလေးတချို့ရဲ့ စာအံသံ လမ်းပေါ်လွင့်နေသည်။
`ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ… နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်း´
လမ်းပေါ်က အမှောင်ထဲမှာတော့ ဖိုးတေတယောက် ပီနန်အိတ်ခွံလေး ထမ်းလို့ လျှောက်နေဆဲ…။ ဖိုးတေ ပလတ်စတစ် ကောက်နေတာ ပညာမတတ်လို့လား…၊ ဒါမှမဟုတ်… … … …။
ဘာကြောင့်လဲ ဆိုတာကတော့ ဖိုးတေတယောက် မသိနိုင်ပေမယ့် အဖြေပေါင်းများစွာကတော့ ရှိနေပါလိမ့်မည်။ ဖူးတံဝင့်လို့ မချီနိုင်တဲ့ ဖိုးတေလို ပန်းကလေးတွေကတော့…။

မဇ္ဈိမ ဆိုဒ်မှကူးယူဖေါ်ပြသည်။

Friday, 23 March 2012

ကျွန်တော်နဲ့  တစ်ချို့ တစ်လေ

လူတစ်ချို့ ကိုယ့်ဘဝထဲ ဝင်လာကြတယ်။ 
ဒါပေမယ့် တစ်ချို့က မြန်မြန်ဆန်ဆန် ထွက်ခွါသွားကြတယ်။

တစ်ချို့က ခဏလေး ရပ်နားပေမယ့် 
တစ်ချို့က ကြာကြာရပ်နားပြီး ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။
ကိုယ့်ရင်ဘတ်မှာလှပတဲ့ အမှတ်တရခြေရာတွေ ထွင်းရစ်ခဲ့ကြတယ်။

တစ်ချို့က ကိုယ့်အတွက် ဂုဏ်ယူကြတယ်။
တစ်ချို့က ကိုယ့်ကို သတိရကြတယ်၊ ဂရုစိုက်ကြတယ်။
တစ်ချို့က ကိုယ်နဲ့ စကားပြောချင်ကြတယ်။
တစ်ချို့က အခက်အခဲ တွင်းနက်ထဲ ကိုယ်ပြုတ်မကျဖို့ မျှော်လင့်ကြတယ်။
တစ်ချို့က ကိုယ်ကူညီခဲ့တာကို ကျေးဇူးတင်နေတယ်။
တစ်ချို့က အရာရာ အဆင်ပြေချောမွေ့ဖို့ ကိုယ့်ကို ဆုတောင်းပေးကြတယ်။
တစ်ချို့က ကိုယ့်လက်ကို ဆုတ်ကိုင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို အကာအကွယ်ပေး စောင့်ရှောက်ချင်တယ်။
တစ်ချို့က ဒီလောကမှာ ကိုယ်အသက်ရှင် ရှိနေမှန်း အသိအမှတ်ပြုပေးတယ်။
တစ်ချို့က ကိုယ့်ကို လက်ဆောင်တစ်ခုပေးနိုင်ဖို့ ဆန္ဒရှိနေတယ်။
တစ်ချို့က ကိုယ့်အောင်မြင်မှုအတွက် ဂုဏ်ယူပြီး ပွေ့ဖက်ချင်တယ်။
တစ်ချို့က သူ့အတွက် ကိုယ်ဟာ အကောင်းဆုံးလက်ဆောင်လို့ ထင်တယ်။
တစ်ချို့က ကိုယ့်ကို သိပ်မအေး၊ သိပ်မပူဘဲ သက်တောင့်သက်သာ နေနိုင်ဖို့မျှော်လင့်တယ်။
တစ်ချို့က ကိုယ့်အကြောင်းကို တွေးပြီး ပြုံးနေတတ်တယ်။
တစ်ချို့က ကိုယ်နဲ့သာဆိုရင် ဘာမဆို ရင်ဆိုင်ရဲသတဲ့။
တစ်ချို့က ကိုယ့်ရဲ့ကြံ့ကြံ့ခံနိုင်မှုကို အားကျတယ်။
တစ်ချို့က ကိုယ့်ပုခုံးထက်မှာ ခိုမှီနားနေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ အပျော်တွေ မျှဝေချင်တယ်။
တစ်ချို့က ကိုယ့်ရဲ့ခွင့်လွတ်ခြင်းကို တောင့်တနေတယ်။
တစ်ချို့က ကိုယ်ခွင့်လွတ်လိုက်လို့ ပျော်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ လွတ်လွတ်လပ်လပ် ရယ်မောနေချင်တယ်။
တစ်ချို့က ကိုယ့်နဲ့တွေ့ရဖို့ အချိန်တွေကို မစောင့်နိုင်တော့ဘူးတဲ့။
တစ်ချို့က ကိုယ့်ကို မှတ်မိနေပြီး သူ့တို့ဘေးမှာ ကိုယ်အမြဲရှိနေစေချင်ခဲ့တယ်။
တစ်ချို့က ကိုယ့်စိတ်ဝိညာဉ်ကိုတောင် တန်ဖိုးထားတယ်။
တစ်ချို့က ကိုယ့်ကိုယ်ဖန်ဆင်းခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်နေတယ်။
တစ်ချို့က ကိုယ့်ကိုသူဘယ်လောက် မြတ်နိုးကြောင်း ပြောပြချင်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ သူ့အိပ်မက်ကို မျှဝေခံစားစေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ ရှိနေတဲ့အခါ အချိန်ကို ရပ်တန့်ထားချင်ခဲ့တယ်။
တစ်ချို့က သူ့ကိုကိုယ်သတိထားမိဖို့ မျှော်လင့်နေတယ်။
တစ်ချို့က ကိုယ့်ကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။
တစ်ချို့က ကိုယ်နဲ့အတူ အမြဲတမ်း ရှိနေချင်တယ်။
တစ်ချို့က ကိုယ့်ရင်ခွင်ထဲ တိုးဝင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားချင်တယ်။
တစ်ချို့က ကိုယ်နဲ့သူငယ်ချင်း ဖြစ်ချင်နေတယ်။
တစ်ချို့က ကိုယ်က သူ့သူငယ်ချင်းဖြစ်နေလို့ ပျော်ရွှင်နေတယ်။
တစ်ချို့က ကိုယ့်ကို ပိုနားလည်ချင်နေတယ်။
တစ်ချို့က ကိုယ့်ကို ယုံကြည်တယ်။ တစ်ချို့က ကိုယ့်ယုံကြည်မှုကို လိုနေတယ်။
တစ်ချို့က ဒီစာကိုဖတ်ပြီး ကြည်နူးနေတယ်။ တစ်ချို့က မျက်ရည်ဝဲနေတယ်။
တစ်ချို့က ကိုယ့်အားပေးတာကို လိုအပ်နေတယ်။
တစ်ချို့က ကိုယ့်ကို အားပေးနေတယ်။

တစ်ခါတလေမှာ ကိုယ်မေ့နေခဲ့ပြီလား...!
တစ်ခါတလေမှာ ကိုယ်တစ်ယောက်တည်းဆိုတဲ့ အတွေးနဲ့အားငယ်နေခဲ့ပြီလား..!
တကယ်တော့ အမြဲတမ်း ကိုယ့်ကို ဂရုစိုက်၊ အလေးထားတဲ့လူတွေက ကိုယ့်ဘေးမှာရှိနေပြီးသားပါ...

ဘ၀ဆိုတာ မာတိကာအတိုင်းဘယ်တော့မှဖြစ်မလာဘူး လေ...   ...   ...။                     ။

                                                                                                                                          By: ရွှေအိမ်စည်


Wednesday, 21 March 2012

အတွေး ဒဿနများ (၂)

သင်ခန်းစာချိန်တစ်ခုအတွင်းမှာပေါ့ ဆရာက မေးပါတယ်...
"အဖြူမဟုတ်ရင် ဘာလည်းကွ"
အဖြူမဟုတ်ရင် အမည်းပေါ့ ဟု ကျောင်းသားတစ်ယောက်က ပြန်ဖြေပါတယ်...။

ဒီအဖြစ်အပျက်လေးကိုကြည့်ရင် လူ.လောကထဲမှာ  ပြဿနာရပ်
 တော်တော်များများကိုဖြေရှင်းတဲ့အခါအဲဒီကျောင်းသားလေးလိုမျိုး ဖြစ်နိုင်ချေ (Propability)
 များစွာကိုမစဉ်းစားပဲ၊ ဆန်.ကျင်ဘက်အမြင် (Opposite View)
တွေကိုသာ ရုတ်တရက် စဉ်းစားမိတတ်ကြပါတယ်...
တစ်ကယ်က "အဖြူမဟုတ်ရင် မဖြူတာတာတွေ အားလုံး ဖြစ်နိုင်တာလေ" ... ။

ဥပမာ ကိုယ်သိထားတဲ့ အမှန်တရားတစ်ခုနဲ.အခြားလူပေးလာတဲ့ 
အဖြေတစ်ခုနဲ့  ကိုက်ညီမှု မရှိတဲ့ အခါမျိုးမှာ တစ်ဘက်သူမှားနေတယ်ဆိုပြီး
ရုတ်တရက် ကောက်ချက်ချမိတတ်ပါတယ်... ကိစ္စရပ်တိုင်းမှာ
ဖြစ်နိုင်ခြေတွေ တစ်ခုထက်ပိုပြီး ရှိနိုင်တယ်ဆိုတာ၊
 စဉ်းစားပုံ စဉ်းစားနည်း (The Way Of Thinking) အပေါ်မူတည်ပြီး အဖြေ ဒါမှမဟုတ်
ရလဒ်တွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်ဆိုတာတွေ
ကိုနားလည်ထားရပါမယ်...
"ဒါမှ ငါမှန်တယ်၊ မင်းမှားတယ် ဆိုတဲ့ အမြင်တွေက လွတ်မြောက်ပြီး
ငါလည်းမှန်တယ်၊ မင်းလည်းမှန်တယ် ဒါပေမယ့်
ဘယ်သူ.ရဲ့ လမ်းကြောင်းက
ပိုပြီးအားကောင်းတယ်ဆိုတဲ့ အမြင်မျိုးကို မြင်နိုင်စွမ်းရှိမှာပါ ...   ...။                   ။





Tuesday, 20 March 2012

အတွေး ဒဿနများ (၁)

စာသင်ခန်း တစ်ခုအတွင်းမှာပေါ့ ...
ဆရာက ကျောင်းသားတွေကို စာရွက်အဖြူရောင် ထောင်ပြပြီး ဒါဘာအရောင်လည်းလို.
မေးပါတယ်... ကျောင်းသားအားလုံးက တညီတညွတ်တည်း
ဖြေကြပါတယ်... "အဖြူရောင်ပါ ..."
ဆရာက White Borad ရဲ့ မျက်နှာပြင်ကိုထောက်ပြီး ဒါကရော ဘာအရောင်လဲလို့
မေးပြန်ပါတယ်... မဆိုင်းမတွပဲ အားလုံးကအဖြူရောင်ပါလို့ဖြေကြပါတယ်...
"အဲဒီနောက်မှာတော့ ဆရာက ခုနကစာရွက်ကို White Board မှာ ကပ်ပြီး
ဒီနှစ်ခုမှာ ဘယ်ဟာ အဖြူလဲ လို. မေးပြန်ပါတယ်"... ကျောင်းသားအားလုံး
ဖြေရန် စွံ့အ သွားပါတော့တယ်...။

ဒီအဖြစ်အပျက်လေးမှာ လူတွေသတ်မှတ်တဲ့ စံနှုန်းတွေရဲ့
ေ၀၀ါးဆန်းပြားမှုကိုတွေ့မြင်နိုင်ပါတယ်....
လူတစ်ယောက်က ချမ်းသာမယ်...နောက်တစ်ယောက်က ပိုချမ်းသာမယ်...နောက်တစ်ယောက်က
ပိုပြီးချမ်းသာမယ် စသဖြင့်ပေါ့... သတ်မှတ်ချက်တွေမှာ အဆုံးသတ်မျဉ်း
မရှိသလို အစစ်အမှန်ဆိုတာလည်းမရှိနိုင်ပါဘူး... ဒါကြောင့် ပြသနာတစ်ခုကို
ဖြေရှင်းတဲ့အခါမှာ ကိုယ့်ရဲ့စိတ်အခြေအနေတွေကို သေချာမှုမရှိတဲ့
သတ်မှတ်ချက်တွေ လာရောက်လွှမ်းမိုးတာမခံစေဘဲ တကယ့်အရှိတရား (Being) မှာပဲ
စူးစိုက်နှစ်မြှုပ်ထားနိုင်ဖို. လိုပါတယ်....ဒီလိုမှလည်း နည်းလမ်းကျပြီး
မျှတတဲ့ အဖြေတစ်ခုကို ထုတ်နိုင်မှာပါ...    ...    ...။                   ။


ကျွန်တော်နှင့် ထိုနှစ်ယောက်

သင်နှင့်အတူ မွေးနေ့တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ 10,000,000
(ဆယ်သန်း) ကျော်ရှိပါတယ်။ ဒါက သင်နဲ့ အတူတူ တစ်ရက်တည်း မွေးတာနော်။
ဒါဆိုရင် ကျွန်တော်တို့ ဘ၀နဲ့  အစိတ်အပိုင်းတော်တော်များများ
တိုက်ဆိုင်နေတဲ့တစ်ခြား သူတစ်ယောက်ယောက်ရော ရှိနေနိုင်မလား
ကျွန်တော်ဖတ်ဖူးတဲ့ စာတွေထဲက အမေရိကန်ရဲ့သမ္မတတွေဖြစ်ခဲ့ဖူးတဲ့
အေဗရာဟန်လင်ကွန်းနဲ့ ဂျွန်အက် (ဖ)ကနေဒီ ကို တို့ ရဲ့ အဖြစ်အပျက်လေးတွေကို ယှဉ်ကြည့်ရအောင် ...   ...


(1) သမ္ဓတကြီးလင်ကွန်းဟာ အထက်လွှတ်တော်အမတ် အဖြစ်1846 ခုနှစ်မှာရွေးချယ်ခြင်း ခံရပါတယ်၊၊
သမ္ဓတကနေဒီကတော့ အထက်လွှတ်တော်အမတ် အဖြစ် 1946 ခုနှစ်မှာရွေးချယ်ခံ
ရပါတယ်၊၊

(2) သမ္ဓတကြီးလင်ကွန်းဟာ 1860 ခုနှစ်မှာသမ္ဓတအဖြစ်ရွေးချယ်ခံရပြီး သမ္ဓတကနေဒီကတော့1960 ခုနှစ်မှာ သမ္ဓတဖြစ်လာခဲ့ပြန်ပါတယ်၊၊


(3) သမ္ဓတကြီးလင်ကွန်းရဲ့ အတွင်းရေးမှူးနာမည်ဟာ ကနေဒီ ဖြစ်ပြီး သမ္ဓတကနေဒီရဲ့ အတွင်းရေးမှူးနာမည်ဟာလည်း လင်ကွန်းဖြစ်နေပြန်ပါတယ်


(4) သူတို့နှစ်ဦးစလုံးသမ္ဓတအဖြစ်အိမ်ဖြူတော်ကို ပြောင်းရွှေ့အပြီးမှာတော့ ရင်သွေးတစ်ဦးစီ ဆုံးပါးသွားခဲ့ရပြန်ပါတယ်
သမ္ဓတနှစ်ဦးစလုံးဟာ သောကြာနေ့မှာ လုပ်ကြံခံရပြီး ၊ နှစ်ဦးစလုံး ဦးခေါင်းကိုပဲ
ကျည်ဆန်ထိမှန် သေဆုံးခဲ့ရပါတယ်၊၊

(5) သမ္ဓတနှစ်ဦးစလုံးဟာ တောင်ပိုင်းသားတွေဖြစ်တဲ့ ဂျွန်ဆင်ကြောင့်ပဲ အောင်မြင်ခဲ့ရပြီး တောင်ပိုင်းသားတွေကပဲ ပစ်ခတ်လုပ်ကြံခြင်းကိုခံခဲ့ရပါတယ်
သမ္ဓတကြီးလင်ကွန်းကို နိုင်ငံရေးလောကမှာအောင်မြင်စေခဲ့တဲ့ အန်ဒရုးဂျွန်ဆင်ဟာ
1808 ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး သမ္ဓတကနေဒီကို အောင်မြင်စေခဲ့တဲ့ လန်ဒန်ဂျွန်ဆင်
ကတော့1908 ခုနှစ်မှာ မွေးဖွားသူဖြစ်ပါတယ်၊၊


(6) သမ္မတ ကြီးလင်ကွန်းကို လုပ်ကြံခဲ့တဲ့ သူကတော့ ဂျွန်ဝိုက်စ်ဘုသ်ဖြစ်ပြီး သူဟာ 1839 ခုနှစ်မှာ မွေးဖွားသူဖြစ်ပါတယ်၊၊ သမ္မတ ကနေဒီကိုလုပ်ကြံခဲ့သူ
ဟာဗေး အော့ဝေါ့ဒ် မှာ 1939 ခုနှစ် မှာမွေးဖွားသူဖြစ်ပါတယ်၊၊

(7)သမ္မတကြီးလင်ကွန်းဟာ (Ford) ဖို့သ် အမျိုးသားပြဇာတ်ရုံမှာ လုပ်ကြံခြင်းခံခဲ့ရပြီး သမ္မတ ကနေဒီကတော့ (Ford) ဖို့သ်ဆိုသူထုတ်လုပ်ခဲ့တဲ့ ကားထဲမှာလုပ်ကြံခံခဲ့ရတာ
ဖြစ်ပါတယ်။ အဲဒီ့ကားနာမည်ကလဲ လင်ကွန်းလို့ ခေါ်ပါတယ်

(8)သမ္မတလင်ကွန်းကို လုပ်ကြံခဲ့သူ Booth ဟာ ပြဇာတ်ရုံမှ ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီးကုန်တိုက်တစ်ခုထဲကနေ ဖမ်းဆီးမိခဲ့ပါတယ်၊၊
သမ္မတ ကနေဒီကိုလုပ်ကြံသူ Oswald ကတော့ ကုန်တိုက်တစ်ခုကနေ ထွက်ပြေးသွားခဲ့ပြီး
ပြဇာတ်ရုံထဲကနေ ပြန်လည်ဖမ်းမိခဲ့ပြန်ပါတယ်၊၊

(9)သမ္မတလင်ကွန်းဟာ လုပ်ကြံခြင်းမခံရမီ တစ်ပတ်အလိုမှာ Maryland ပြည်နယ် (Monroe) မွန်ရိုးရပ်ကွက်မှာရှိနေခဲ့ပါတယ်၊၊
သမ္မတ ကနေဒီကတော့ လုပ်ကြံမခံရမီ တစ်ပတ်အလိုမှာ ကမ္ဘောကျော်မင်းသမီး
Marilyn Monroe မာရီလင်မွန်ရိုးနဲ့အတူရှိနေခဲ့ပြန်ပါတယ်၊၊

(10) သမ္မတနှစ်ယောက်ကို လုပ်ကြံခဲ့တဲ့ Booth နဲ့ Oswald တို့ဟာ သူတို့ကို တရားရုံးမှ ပြစ်ဒဏ် မချမှတ်ရသေးခင်မှာပဲ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြန်ပါတယ်၊၊

ဒါတွေက လူသိများခဲ့ လူပုဂ္ဂိုလ်နှစ်ယောက်ရဲ့ တိုက်ဆိုင်မှန်းသိခဲ့တဲ့ အကြောင်းအရာ
တစ်ချို့ တစ်လေပေါ့ ။ ဒီအဖြစ်အပျက်လိုမျိုး ကျွန်တော်တို့ ဘ၀နဲ့  ဆင်ဆင်တူတဲ့ လူတစ်ယောက်
ယောက် ကမ္ဘာကြီးပေါ်မှာ ရှိနေနိုင်တယ်နော် ...     ...    ...။                     ။







Monday, 19 March 2012

ကဲ စဉ်းစားကြည့်ရအောင်

ဂရိတွေပာာ ရှေးကတည်းက အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ သင်္ချာကိန်းတစ်ချို့ကို စဉ်းစားမိခဲ့ကြပါတယ်။
“ကိန်း” တစ်ခုပာာ သူ့ကိုပြတ်အောင်စားနိုင်တဲ့ အခြားကိန်းငယ်အားလုံးရဲ့ပေါင်းလဒ်နဲ့တူညီရပါမယ်။
အဲ့လိုအချက်နဲ့ကိုက်ညီတဲ့ ပထမဆုံးကိန်းကတော့(၆)ဖြစ်ပါတယ်။(၆)ကို (၁)နဲ့စားလို့ပြတ်တယ်၊(၂)နဲ့စားလို့
ပြတ်တယ်၊(၃)နဲ့စားလို့လည်းပြတ်တယ်။(၁.၂.၃)ပေါင်းလိုက်ရင်လည်း (၆)ပြန်ရတယ်။
အဲ့လိုကိန်းစဉ်မျိုးကို ကိန်းတိ(Perfect Number)လို့ခေါ်ပါတယ်။ကဲ.........အခြားကိန်းတိများကိုစဉ်းစား
နိုင်ပါ့မလား။..................
နောက်ကိန်းတိက(၂၈)ဖြစ်တယ်။(၂၈)ကို(၁..၂.....၄....၇........၁၄..)တို့နဲ့စားလို့ပြတ်ပါတယ်။ပေါင်းလိုက်ရင်လည်း(၂၈)ရတယ်။
ဂရိတွေက အဲ့လိုကိန်းတိမျိုး (၄)လုံးဖေါ်ထုတ်နိုင်ခဲ့တယ်။(၆....၂၈...၄၉၆...၈၁၂၈..)တို့ဖြစ်ကြပါတယ်။
အဲ့ဒီကိန်းတိလေးလုံးဖေါ်ထုတ်ပြီးလို့ နောက်နှစ်ပေါင်း(၁၅၀၀)လောက်ကြမှ ပဉ္စမမြောက် ကိန်းတိ
တစ်လုံးထပ်ဖေါ်ထုတ်နိုင်တယ်။ထိုကိန်းတိကတော့ (၃၃၅၅၀၃၃၆)ပဲဖြစ်တယ်။
ခြောက်လုံးမြောက် ကိန်းတိကတော့(၈၅၈၉၈၆၉၀၅၆)ဖြစ်ပြီး ယနေ့အထိ ကိန်းတိပေါင်း(၁၇)နှစ်လုံး
ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။နောက်ဆုံးကိန်းတိက ရှည်လျားလွန်းအားကြီးလို့ ဒီစာမျက်နှာနဲ့ မဖေါ်ပြနိုင်လောက်အောင်ရှည်လျားများပြားနေပါတယ်။
အဲဒီ့ကိန်းတိမှာ ကိန်းလုံးပေါင်း (၁၃၇၃)လုံးပါဝင်ပါတယ်။ကဲ.........သင်္ချာကိုစိတ်ဝင်စားတဲ့သူငယ်ချင်းတို့
အတွက်ခေါင်းစားလိုက်ပါပြီ။နောက်ဆုံးကိန်းတိက ဘာဖြစ်မလဲဆိုတာ စဉ်းစားကြည့်ရအောင်လား..... .... ။


Sunday, 18 March 2012

ကျွန်တော်တို့ နဲ့  ပျော်ရွှင်မှုရသ


သူရဲ့ အချိန်တွေကို ငြီးငွေ့ဖို့ကောင်းစွာ ဖြတ်သန်းရင်း သူ ဆေးရုံပေါ်မှာ အချိန်ကုန်နေခဲ့တာ ၁၀ လ ကျော်ခဲ့ပြီ။ သူ့မှာ သူ့ အသက်အရွယ်နဲ့ဆိုတော့လည်း ဘာမှ ထူးထူးခြားခြားလုပ်စရာ မရှိတော့ပါ။ အရင်လို သူလည်း သန်သန်မာမာ သူ့အသက်အရွယ်က လုပ်ဖို့ ခွင့်မပြုတော့ ။

အခုလို သူလေဖြတ်ပြီး တစ်ကိုယ်လုံးအလှုပ်နိုင်ပဲ အိပ်ယာထဲမှာသာ အိပ်နေရတာလည်း ကြာခဲ့ပြီ။ သားတွေ ၊ သမီးတွေကလည်း သူ့ကို လိုလေသေးမရှိအောင် ထားပေမဲ့ အဖော်မပါပဲ မလှုပ်နိုင် ၊ မရွေ့မပြောင်းနိုင်သော သူ့အတွက် သားသမီးတွေ ဖြည့်ဆည်းပေးတဲ့ စားစရာ ၊ အသုံးအဆောင်တွေက အဓိပ္ပါယ် မရှိသလို ဖြစ်နေခဲ့တယ်။

တစ်ခါတစ်လေ သူ့ဆီကို သားသမီးတွေ စုံစုံလင်လင်နဲ့ မြေးတွေပါ လာပြီး သူ့ကို တွတ်တီးတွတ်တာ ပြောရင်း အပြင်လောကအကြောင်းကို ကြားရရင် သူ စိတ်ပျော်တယ်။ သူ့တို့ပြန်သွားပြန်ရင် သူ့ဘဝဟာ ပြန်ပြီး အထီးကျန်ဆန်ပြန်လေရော။ သူ့ဇနီးကလည်း အခုလို သူလေမဖြတ်ခင် တစ်နှစ်ကျော်က တမလွန်သို့ သူ့အရင် သွားနှင့်ပြီ။

အခု ဒီတစ်ခါ လေဖြတ်တာ ကနေ သူထပ်ပြီး အအေးဓါတ်မမျှလို့ အောက်ပိုင်း လုံးဝ မလှုပ်နိုင်သလို ဖြစ်တော့ ဆေးရုံကို သူထပ်ရောက်လာတော့ အနီးကပ်ပြုစုဖို့ အထွေထွေပြည့်စုံတဲ့ ဆေးရုံမှာ အထူးကြီးကြပ်ရေး အခန်းမှာ ထားဖို့ သားသမီးတွေကို ဆုံးဖြတ်ကြတယ်။ ဒါနဲ့ပဲ သူ ဒီဆေးရုံကို ရောက်ခဲ့တာ ၁၀ လရှိခဲ့ပြီ။ အခန်းထဲမှာ သူတစ်ယောက်တည်း ၊ အရှေ့မှာတော့ တီဗီ ရှိပါရဲ့။ သူ့လက်ဘေးနားမှာလည်း ဝါယာကြိုးနဲ့ တွဲထားတဲ့ လက်မနဲ့ နှိပ်ဖို့ ခလုတ်လေးတစ်ခု ရှိနေတယ်။

သူဘာလိုချင်လဲ။ ဘာလုပ်ချင်လဲ။ ဒီခလုပ်လေးကို နှိပ်လိုက်ရင် နပ်စ် က ချက်ချင်း ရောက်လာတယ်။ သူနေမကောင်းလို့ နှိပ်လိုက်လည်း ချက်ချင်း ရောက်လာတယ်။ အခုခုစားချင်တယ် ၊ အလေး အပေါ့ သွားချင်တယ် ဆိုလည်း နှိပ်လိုက် ချက်ချင်းရောက်လာပြီး သူ့ကို ပြုစုပြီး လုပ်ချင်တာတွေကို ဖြည့်ဆည်းပေးတယ်။ ဒါကတော့ လွဲပြီးတော့ သူ့အခန်းမှာ သူတစ်ယောက်တည်းသာ...။

တစ်နေ့တော့ သူ့အခန်းထဲကို တွန်းကုတင်နဲ့ လူနာ နောက်တစ်ယောက်ထပ် ဝင်လာတယ်။ လူနာက သူလိုတောင်မှ မလှုပ်ရှားနိုင် ။ ယာဉ်တိုက်မှု ဖြစ်ပြီး ကျောရိုးမှာ ရှိတဲ့ နပ်ကြောကြီးကို ထိပြီး တစ်ကိုယ်လုံး မလှုပ်ရှားနိုင်တော့သော လူတစ်ယောက်ဖြစ်တယ် လို့ပဲ သူသိလိုက်ရတယ်။ သို့သော် ဒီလူက ဘယ်တော့မှ ညှိုးနွမ်းနေတယ်လို့ မရှိ ။ သူလုပ်နိုင်တာ တွေးနိုင်တာတွေကို သူ့ဆီကို လာသော ဧည့်သည်တွေနဲ့ လှုပ်နိုင်သော “ ပါးစပ် ” ကို အားပြုပြီး အစွမ်းကုန်သူပြောနေတယ်။

သူကလည်း ဘယ်တော့မှ ညှိုးနွမ်းမနေသလို ၊သူ့ဆီ လာလည်နေသူတွေကိုလည်း ဟာသတွေ ပြောလိုက် ၊ ဗဟုသုတတွေ ပြောလိုက်နဲ့ သူ့ဘဝကို သူ ကျင်လည်နေတယ်။ လူကလည်း လူပျော်ဖြစ်ပုံရတယ်။ သူကတော့ ဒီလူ့ထက်ပြီးပြီး လှုပ်ရှားနိုင်ပေမဲ့ ဒီလူ့လောက်တော့ ဘဝမှာ မပျော်နိုင်ခဲ့။

ဒီလိုနဲ့ သူနဲ့ ဒီလူ ခင်မင်လာတော့ သူကလည်း သူ့အကြောင်းကို ဒီလူ့ကို ပြောပြဖြစ်တယ်။ ဒီလူကလည်း သူ့ကြောင်း သူပြောပြတယ်။ ဒါနဲ့ တစ်ခန်းလုံးမှာမှ သူတို့ နှစ်ယောက်တည်း ရှိတာ ဆိုတော့ စကားပြောစရာ နှစ်ယောက်ပဲ ရှိတယ်။ အခန်းကလည်း နှစ်ယောက်ခန်းပါပဲ။ သူက ကုတင်ပေါ်က မဆင်းဖြစ်ခဲ့ ။ ဆင်းဖို့လည်း သူမကြိုးစား ။ နပ်စ် ပြုစုသမျှကိုသာ ကျင့်သားရစွာ သူလက်ခံ နေထိုင်ခဲ့တယ်။

သူ့နဲ့ အတူတူ နေဖို့ ရောက်လာတဲ့ ဒီလူ့ကုတင်ရှေ့မှာတော့ ပြူတင်းပေါက် တစ်ခု ရှိတယ်။ သူ တစ်ခါမှ ဒီပြူတင်းပေါက်ကနေ အပြင်ကို ကြည့်ဖို့ မစဉ်းစားခဲ့ ၊ စိတ်ကူးပင် မရခဲ့။ အခုတော့ ဒီလူက သူ့ကုတင် ဟိုဘက်လေးထောင်က ကုတင် ၊ ပြူတင်းပေါက်ရှေ့က ကုတင်မှာ နေရာရတယ်။ ဒါလည်း သူ့အတွက် ဘာမှ ထူးထူးခြားခြားမရှိပါ။ သူထို ပြူတင်းပေါက်ကို စိတ်ဝင်စားတာ မဟုတ်။

ဒါနဲ့ ဒီလူရောက်ပြီး သုံးရက်နေတော့ ဒီလူက ပြောတယ်။ သူ ဒီပြူတင်းပေါက်ကနေ လူတွေကို မြင်နေရကြောင်း ၊ အပြင်မှာ ပန်းခြံလေး တစ်ခုရှိနေကြောင်း ၊ ပန်းခြံထဲမှာ ကလေးတွေ ဆော့နေကြကြောင်း၊ ကောင်လေးတွေက ဘောလုံးကန်နေကြပြီး ၊ ကလေးမလေးတွေက တစ်ယောက်နဲ့ တစ်ယောက် ပြေးလွှားဆော့နေကြောင်း ၊ ချစ်စ ခင်စ လို့ ထင်ရတဲ့ ကောင်လေး ကောင်မလေးတွေ ကလည်း ပန်းခြံထဲမှာ လျှောက်သွားနေကြကြောင်း ဒီလို ဒီလူပြောတာ သူကြားရတယ်။

အထီးကျန်လှတဲ့ သူ့အဖို့ ဒီလူ့ဆီက တဆင့် အပြင်လောကမှာ အခု ဖြစ်ပျက်နေတာကို ဒီလူက တစ်ဆင့်ပြန်ပြောပြသောကြောင့် သူလည်း အပြင်ကို လက်တွေ့ မြင်နေရသလို ခံစားရလာတယ်။

“ ဟာ..ဟာ အလစ်သမား ၊ ပိုက်ဆံအိတ် လုပြေးပြီ။ ”

ဆိုပြီး လုံးဝ မလှုပ်နိုင်တဲ့ သူက ခုချက်ချင်းပဲ ထလိုက်ဖမ်းမလို ဒီလူပြောတတ်တယ်။ တစ်ခါတစ်လေကြတော့လည်း. . .

“ ဟားဟားဟား. . အကျီင်္ အနီနဲ့ လူကြီး ချော်လဲတာဗျာ. ။ ပန်းခြံအလယ်က ရေကန်ထဲ ကျသွားတယ်။ လူတွေ ဝိုင်းဆယ်နေရတယ်။ ”

ဒီလို ပြောတတ်တယ်။ ဒီလို ရယ်စရာ ၊ ပျော်စရာလေးတွေ ကြားရတော့ သူကလည်း သူကိုယ်တိုင် မြင်ရသလို ဖြစ်ကာ ရယ်မိ ၊ ပြုံးမိတတ်တယ်။ သူလည်း အရင်လို ပျင်းခြောက်ခြောက်နဲ့ ဘဝကို အထီးကျန်ဖြတ်သန်နေရလို မဖြစ်တော့ဘူး.။ သူ မြင်လို့ ပြန်ပြောသမျှကို ကိုယ်ကလည်း တကယ်မြင်နေရသလို ကြားရပြီး ကိုယ်လည်း စိတ်လှုပ်ရှားရတယ်။

ဒါပေမဲ့ နှစ်လလောက်ကြာလာတော့ သူ့စိတ်ထဲမှာ တစ်မျိုးဖြစ်လာတယ်။ ဘာလို့ လုံးဝတောင်မှ မလှုပ်နိုင်တဲ့ ဒီလူက ပြူတင်းပေါက်နားကို သွားနေရာကပြီး အပြင်က အဖြစ်အပျက်တွေကို မြင်နေရ ကြားနေရတာလဲ။ နည်းနည်းတော့ လှုပ်နိုင်နေတဲ့ သူက ဘာလို့ ဒီပြူတင်းပေါက်နားကို နေရာ မရတာလဲ ။ သူကရော ဘာလို့ ဒီလို ပြူတင်းပေါက်က တဆင့် အပြင်က အဖြစ်အပျက်တွေကို ဘာလို့ တိုက်ရိုက် မကြည့်ရတာလဲ ..၊ သူ ဒီလိုတွေ တွေးမိပြီး ဒီလူကိုတောင်မှ မနာလိုသလို ဖြစ်လာတယ်။

ဒါနဲ့ နောက်နေ့တွေ ဒီလူက ပန်းခြံထဲမှာ ဘာတွေ ဘယ်လို ဖြစ်နေတယ် လို့ ပြောရင် သူက စိတ်မဝင်စားသလိုနဲ့ တစ်ဖက်ကို စောင်းပြီး အိပ်ချင်ယောင်ဆောင် နေလိုက်တယ်။ ဒါပေမဲ့ ဒီလူကတော့ သူဘယ်လိုပဲ နေနေ ပြောမြဲအတိုင်းပြောနေတာပါပဲ။ ဘယ်သူကတော့ ဘယ်လို ဖြစ်သွားတယ်။ ပန်းခြံထဲ ရုပ်ရှင်လာရိုက်ကြတယ်. .စသဖြင့်ပေါ့။ သူကတော့ ပြူတင်းပေါက်က တဆင့် အပြင်လောကကို မမြင်ရတော့ ပိုပြီး သူ့ကို မနာလို ဖြစ်မိတယ်။

တစ်နေ့. . .

ညဘက် သူ အိပ်နေတုန်း ဟိုဘက်ကုတင်က အသံတွေ ကျယ်လောင်စွာ ကြားရတယ်။ ဒီလူ အသက်ရှူကြပ်ပြီး အသက်ကို ပြင်းစွာ ရှူနေရသံကို သူ ကြားရတယ်။ သူလှည့်ကြည့်လိုက်တော့ ဘာဖြစ်မှန်း မသိပေမဲ့ ဒီလူ အသက်ကို မနည်းရှူနေရတယ်။ ဒီလူ အရေးပေါ်အကူအညီ ခေါ်ဖို့ လုပ်ပေးထားတဲ့ ခလုတ်လေးက သူအိပ်ရင်း တိုက်မိလို့ ကုတင်ပေါ်ကနေ ကုတင်ဘေးကို တွဲလောင်းလေးကျနေတယ်။ မလှုပ်နိုင်တဲ့ ဒီလူ ခလုတ်လေးကို နှိပ်ပြီး နပ်စ်ကို ခေါ်ဖို့ ဘယ်လိုမှ ခလုပ်ကို သူ့လှုပ်လို့ရတဲ့ နည်းနည်းလေးနဲ့ လျှောက်စမ်းပြီး ရှာတယ်။

ခလုတ်က ကုတင်ဘေးကို တွဲလောင်းကျနေတော့ ဒီလူ အသက်ကို ပင်ပန်းစွာ ရှူရင်း ခလုတ်လေးကို စမ်းနေတယ်။ အောက်ဘေးကို တွဲလောင်းကျနေတာ ဒီလူ မသိ။ သူ သူ့ကုတင်းပေါ်က သူ့လက်နားမှာ ရှိနေတဲ့ ခလုတ်လေးကို စမ်းလိုက်တော့ သူ့လက်မှာ အလွယ်တကူ စမ်းလို့ တွေ့တယ်။ သူ ခလုတ်ကို နှိပ်လိုက်ရင်လည်း တာဝန်ကျ ဆရာမက အပြေးအလွှားရောက်လာမှာပါပဲ။ ဘယ်သူပဲ နှိပ်နှိပ်ပေါ့။ သူ ခလုတ်လေးကို နှိပ်ပြီး ဒီလူ့အစား နပ်စ် ကို ခေါ်မယ် စဉ်းစားနေတုန်း သူ့အသိဥာဏ်ထဲကို အတွေးတစ်ခုက ဝင်လာတယ်။

နှစ်ယောက်တည်း နေလို့ရတဲ့ ဒီအခန်းမှာ ဒီလူ ရှိနေလို့ ငါ ပြူတင်းပေါက်နားက ကုတင်မှာ နေခွင့်မရတာ ဒီလူသာ မရှိရင် ပြူတင်းပေါက်နားက ကုတင်ကို ပြောင်းပြီး အပြင် ပန်းခြံထဲကို ကြည့်ခွင့်ရမှာပဲ။ မခေါ်တော့ဘူး ဆိုပြီး သူ တစ်ဖက်လှည့်ပြီး အိပ်ပျော်အောင် အိပ်နေလိုက်တယ်။ တစ်ဖက် ကုတင်မှာတော့ ဒီလူ အသက်ကို ခက်ခက်ခဲခဲ ပြင်းပြင်း ရှူသံတွေကို ကြားနေရတယ်။ နောက်တော့ သူလည်း တကယ်ကို အိပ်ပျော်သွားခဲ့တယ်။

မနက်မိုးလင်းတော့ ဆရာဝန်တွေ ၊ နပ်စ်တွေ ရောက်လာပြီး ဒီလူကို စစ်းဆေးပြီး သေဆုံးသွားပြီ ဆိုကာ အဝတ်နဲ့ အုပ်ပြီး တွန်းလှည်း ကုတင်ပေါ်ပြောင်းတင်ပြီး ဒီလူ့အလောင်းကို သယ်သွားကြတယ်။ ဒီအချိန်အထိ သူဘာမှ မပြောသေးပါ။ ဒါနဲ့ နောက်ထပ် ၂ ရက်လောက်နေမှ နပ်စ်တွေနဲ့ တာဝန်ရှိသူတွေကို သူက သူ့ကို ပြူတင်းပေါက် ရှေ့မှာ ရှိနေတဲ့ ကုတင်ကို ပြောင်းပေးဖို့ သူတောင်းဆိုတယ်။ တာဝန်ရှိသူတွေကလည်း ဘာမှ မခက်ခဲတော့ သူ့ကို လွယ်လွယ်ကူကူပဲ ပြောင်းပေးလိုက်ကြတယ်။

သူလည်း ပျော်ရွှင်စွာ ပြောင်းလာခဲ့ပြီး နပ်စ်တွေ ၊ တာဝန်ရှိသူတွေ အားလုံး လုပ်စရာ ရှိတာတွေ လုပ်ပြီး သူတစ်ယောက်တည်း ကျန်တော့မှ သူလဲနေရာက နေ အားတင်းကြိုးစားထပြီး ပြူတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တယ်။ ဒီမှာ သူ အံ့သြစွာနဲ့ မှားယွင်းစွာ တွေ့လိုက်ရတယ်။

“ ပြူတင်းပေါက်ရဲ့ အပြင်ဆိုတာမှာ သူမြင်နေရတာက အုတ်နံရံမျှသာ. . .”

 သူ့အတွက် ပျော်ရွှင်မှုတွေကို ဒီလူက နှလုံးသားနဲ့ မြင်အောင် ပြသွားခဲ့ခြင်းသာ ...

                -------------------xxx---------------------xxx------------------xxx----------------

ကျွန်တော်တို့ လည်း  ဒီအကြောင်းအရာထဲက လူလို့ ပါပဲ ကိုယ်ရဲ့လိုအင်တစ်ခုတည်းနဲ့  ကျွန်တော်တို့ ကို 
ပျော်ရွှင်မှုပေးနေတဲ့ တစ်ချို့ ကိစ္စတွေကို ကိုယ်တိုင်ပဲ ဖျက်ဆီးခဲ့ကြဘူးပါတယ် ....  ...။