Search This Blog

Thursday, 9 February 2012

သူ့ လို "လူ"

ဟိုးနှစ်ပေါင်း များစွာက အရှေ့ ဂျေရုစလင် မှာ အာရေဗစ် တက္ကသိုလ်ကြီး တစ်ခုရှိခဲ့ဘူးတယ်။ အဲဒီ တက္ကသိုလ်ကြီးမှာ သူငယ်ချင်း နှစ်ယောက်ဟာ ဂဏာန်းသချာင်္ အတတ်ကို လာသင်ကြတယ်။ ပညာစုံလို့ မွေးရပ်ကို ပြန်ကြတော့ လမ်းမှာ သူငယ်ချင်းနှစ်ယောက် ထဲက တစ်ယောက်က နောက်တစ်ယောက်ကို ပုစ္ဆာတစ်ခု မေးတယ်။

        “ ၁ + ၂ = ဘယ်လောက်လဲ ”

       တဲ့။ တစ်ယောက်က ဖြေတယ် ၃ တဲ့။ ဒီတော့ မေးခွန်း မေးသူက မှားတယ် ၁ဝ ဆိုပြီး ငြင်းကြရင်း အဆုံးဖြတ်ခံဖို့ ၊ ဆရာဆီကို ပြန်လာကြတယ်။ ဆရာဆီလည်း ရောက်ရော ၊ ဆရာက ၁၀ ဆိုတဲ့ လူကို ဘာမှမလုပ်ဘဲ ၊ ၃ လို့ ဖြေတဲ့ လူကို တုတ်နဲ့ ရိုက်သတဲ့။ အရိုက်ခံရတဲ့လူက . . .

       “ ဆရာအဖြေက ၃ မဟုတ်ဘူးလား ၊ ဘာလို့ရိုက်တာလဲ ”

       လို့မေးတော့ ဆရာက  . . . . 

       “ ဒီပုစ္ဆာကို ကလေးတောင် သိတယ်။ ဒါကို အလုပ်မရှိ အလုပ် ရှာပြီး ၃ မှန်း သိလျှက်နဲ့ ကိုယ်သွားမဲ့ ခရီး ဖြောင့်ဖြောင့် မသွားဘဲ ၊ ဟိုလူမိုက် ကို ဒုက္ခရှာပြီး ပြန်လှန် ချေပတာရယ်။ လောကမှာ အမှန်တရား ဆိုတာ အယူဝါဒကြောင့် ၊ အတွေးအခေါ် အယူအဆကြောင့် ၊ အသိဥာဏ် မဖွင့်ဖြိုးအောင် ပြုစုပျိုးထောင် ခံရခြင်းကြောင့် ၊ မွေးရာပါ ဗီဇကြောင့် အဲလို အကြောင်းတွေကြောင့် ၊ အမှန်တရားကို မသိကြဘူး။ 

       ဒီအထဲမှာ ဟိုလူမိုက်ဟာ ၃ ကို ၃ မှန်း မသိတာဟာ အယူဝါဒကြောင့်လည်း မဟုတ်ဘူး ၊ အတွေးအခေါ် ကြောင့်လည်း မဟုတ်ဘူး ၊ သူတပါးက အနိုင်ကျင့်လို့ ( တနည်း ) အသိဥာဏ် တုန်းအောင် လုပ်ခံ ထားရလို့လည်း မဟုတ်ဘူး ၊ မွေးရာပါ ဗီဇကြောင့်သာ သေသေချာချာ သင်ပေးထားပါလျှက် ၃ ကို ၃ မှန်းမသိတာ။ အဲဒီလို အသိတရား မရှိတဲ့ လူကို မင်းပြန်လှန်ပြီး ငြင်းခုန် ချေပတဲ့ မင်းဟာ အဲဒီ လူထက်ကို မိုက်လို့ ငါရိုက်တာ ” 
လို့ အဖြေပေးခဲ့တယ် ။
သူငယ်ချင်းတို့ လည်း   မွေးရာပါ ဗီဇကြောင့် အမှန်ကို အမှန်မှန်း မသိအောင် ဖြစ်နေတဲ့ လူတွေ ၊ သူများက သွေးထိုးခံထားရတဲ့ လူတွေကို အမှန်တရားကို သိလိုဇောနဲ့ ကိုယ့်ရဲ့ အချိန်တွေကို အကုန်ခံကာ ပြောဆို ရှင်းပြမနေပါနဲ့  လွတ်ထားလိုက်ပါ ...



လူနှင့် ထူးဆန်းမှု

တစ်ခါက . . . .

အရမ်းကို ဆင်းရဲတဲ့ ညီအစ်ကို နှစ်ယောက် ရှိသတဲ့။ သူတို့ဟာ ဆင်းရဲလွန်းလို့ အဆင်ပြေအောင်တောင်မှ မနည်း လုပ်ကိုင်စားသောက်နေရသတဲ့။ တစ်နေ့တော့ ဒီလို ဆင်းရဲစွာ နေရတာကို မခံနိုင်တဲ့ အဆုံး အစ်ကို လုပ်သူက မိဘတွေ သူတို့ကို အမွေအဖြစ်ပေးသွားတဲ့ “ မျက်လုံးတစ်လုံးရွာသို့ ” ဆိုတဲ့ မြေပုံအတိုင်း သွားပြီး အဲဒီမှာရွာမှာသာ တကယ်ကို မျက်လုံးတစ်လုံးနဲ့ လူတစ်ယောက်လောက်ကို ဖမ်းပြီး ရုံသွင်းပြစား လိုက်ရင် သူတို့အတွက် အဆင်ပြေမယ် လို့ စဉ်းစားမိတယ်။

ဒီတော့ အစ်ကို လုပ်သူက ညီဖြစ်သူကို မျက်လုံးတစ်လုံးရွာကို သွားပြီး မျက်လုံးတစ်လုံးနဲ့ လူကို ဖမ်းခေါ်လာဖို့ စည်းရုံးတယ်။ ဒါပေမဲ့ ညီဖြစ်သူက စိတ်မဝင်စားဘူး။ အစ်ကိုလုပ်သူလည်း ညီဖြစ်သူကို မျိုးစုံ ဆွဲဆောင်ပေမဲ့ ညီဖြစ်သူက စိတ်မဝင်စားလို့ နောက်ဆုံးတော့ ကိုယ့်ဖာသာ တစ်ယောက်တည်း သွားမယ် ဆိုပြီး ဆုံးဖြတ်လိုက်သတဲ့။ ဒါကြောင့် သူက ညီဖြစ်သူကို နှုတ်ဆက်တယ်။

“ အစ်ကိုကတော့ မျက်လုံးတစ်လုံးရွာကို သွားရှာဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါပေမဲ့ ညီလေးက စိတ်မဝင်စားတော့လည်း မလိုက်နဲ့ပေါ့။ ဒါကြောင့် အစ်ကို မြေပုံလေးကို ညီလေးအတွက် ထားခဲ့မယ်။ အစ်ကို ထွက်သွားပြီး လအနည်းငယ်ကြာလို့မှ မျက်လုံးတစ်လုံးလူနဲ့ အတူတူ အစ်ကို ပြန်မရောက်လာဘူး ဆိုရင်တော့ အစ်ကိုနောက်ကို လိုက်ခဲ့ပါ။ ”

လို့ ဆိုပြီး ထွက်သွားတော့တယ်။ ညီဖြစ်သူကလည်း အစ်ကို ပြောသွားတဲ့ အတိုင်း စောင့်နေခဲ့တယ်။ ဒါပေမဲ့ လပေါင်းများစွာသာ ကြာသွားတယ် သူ့ရဲ့ အစ်ကို ပြန်မလာဘူး။ ဒါကြောင့် နောက်ဆုံးမှာ အစ်ကို မှားကြားထားတဲ့ အတိုင်း မြေပုံလေး ကိုင်ပြီး အစ်ကို သွားတဲ့ မျက်လုံးတစ်လုံးရွာကို လိုက်လာခဲ့တယ်။ မြေပုံအညွှန်းက အရမ်းကောင်းလွန်းတော့ မကြာခင် အချိန်မှာပဲ မျက်လုံးတစ်လုံးရွာ အဝင်ဝကို ရောက်သွားခဲ့တယ်။ ပြီးတော့ သူ ရွာထဲကို ဝင်လာခဲ့တယ်။

သူရောက်သွားတဲ့ အချိန်မှာပဲ အဲဒီရွာက လူတွေက ရုံကြီးတစ်ခုထဲကို လက်မှတ်လေးတွေ ဝယ်ပြီး ဝင်သွားကြတယ်။ ရုံမှာရေးထားတာက “ လူထူးဆန်းပြပွဲ ” လို့ ဆိုတယ်။ ညီဖြစ်သူကလည်း ထူးဆန်းတာကို ဝါသနာပါလေတော့ ရုံထဲကို လက်မှတ်ဝယ်ပြီး ဝင်ကြည့်လိုက်တယ်။ သူလည်း အထဲကို ရောက်ပြီး အထဲမှာ ပြထားတဲ့ လူထူးဆန်းကို ကြည့်လိုက်တော့ သူ့အစ်ကို ဖြစ်နေတယ်။ ညီဖြစ်သူလည်း အရမ်းကို တုန်လှုပ်သွားပြီး သူ့အစ်ကိုကို မေးလိုက်တယ်။

“ အစ်ကို ဘယ်လိုဖြစ်ပြီး အခုလို လူထူးဆန်း ပြပွဲရုံထဲ ရောက်နေရတာလဲ။ ”

လို့ သူက မေးလိုက်တော့ သူ့အစ်ကိုက ပြန်ဖြေတယ်။


“ ဒီလို ညီလေးရေ ၊ အစ်ကိုက မျက်လုံးတစ်လုံးထဲ ရှိတဲ့ လူကို ဖမ်းပြီး အစ်ကိုတို့ မျက်လုံး နှစ်လုံး ရှိနေတဲ့ လူတွေဆီမှာ လူထူးဆန်း ဆိုပြီး ပြစားရင် ပိုက်ဆံတွေ ရမယ် ဆိုပြီးသာ စဉ်းစားခဲ့မိတယ်။ ဒါကြောင့် သူတို့ထဲက တစ်ယောက်ကိုပဲ ဖမ်းပြီး ခေါ်ဖို့ ကြိုးစားနေတာလေ။ တကယ်တော့ မျက်လုံးတစ်လုံးထဲ ရှိနေတဲ့ လူတွေဆီမှာတော့ မျက်လုံးတစ်လုံးက မထူးခြားဘူးပေါ့ကွာ။ သူတို့ဆီမှာက အစ်ကိုတို့လို မျက်လုံးနှစ်လုံး ရှိနေသူတွေကသာ ထူးခြားကြတာလေ။

ဒါကြောင့် သူတို့ အစ်ကိုလည်း မြင်ရော  ဝိုင်းဖမ်းပြီးတော့ လူထူးဆန်း ဆိုပြီး ရုံသွင်းပြလိုက်တာပါပဲကွာ။ တကယ်တော့ ကိုယ့်မှာ မထူးဆန်းပေမဲ့ သူများဆီမှာ ထူးဆန်းနေတတ်ပြီး သူများဆီက ထူးဆန်းနေတာက ကိုယ့်မှာ ဘာမှ မဟုတ်ဘဲ ဖြစ်ချင် ဖြစ်နေတတ်တယ် ညီလေး။ ”
သူငယ်ချင်းတို့ လည်း သူငယ်ချင်းတို့ ရဲ့  မထူးခြားတဲ့ ထူးခြားမှုလေးတွေကို အသုံးချနိုင်ပါစေ ...

လရေးနှစ်ချောင်းငင် လူ



တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးမှာ အမတ်ကြီးနှစ်ဦး ရှိပါသတဲ့။ တစ်ဦးက ဘုရင်ကြီးရဲ့ ဘုန်းတန်ခိုးတွေကို ဖွဲ့နွဲ့သီကျူးတဲ့နေရာမှာ အရမ်းတော်သတဲ့။ ဘုန်းတော်ဘွဲ့တွေပေါ့လေ။ ဒါကြောင့် ဘုရင်က ဆုလာဘ်တွေ ပေးသနားပြီး မြှောက်စားထားတဲ့အတွက် ဆီဦးထောပတ်တွေစားပြီး ကောင်းစားနေသတဲ့။

အခြားအမတ်တစ်ဦးကတော့ ပညာရှိပီပီ လိုအပ်မှပဲ ပြောသတဲ့။ အကြံဉာဏ်တွေကိုလည်း ဘုရင်ကြီးက တောင်းမှပဲ ပေးသတဲ့။ ဒါပေမယ့် သူပေးတဲ့ အကြံဉာဏ်တွေက ထိရောက်ကောင်းမွန်တဲ့အတွက် ဘုရင်ကြီးက သူ့ကို သိပ်သဘောမကျပေမယ့်လည်း မပစ်ပယ်ရဲဘူးတဲ့။ သူဟာ ဘုရင်ကြီးအတွက် ဘုန်းတော်ဘွဲ့မျိုး တစ်ခါမှ မစပ်ဆိုခဲ့ဘူးတဲ့အတွက် ဘုရင်ကြီးရဲ့ မြှောက်စားမှု မခံရဘဲ ဆင်းဆင်းရဲရဲနဲ့ နေရသတဲ့။


တစ်ရက်မှာတော့ ဘုန်းတော်ဘွဲ့ အရွတ်ကောင်းတဲ့ အမတ်ကြီးဟာ ပညာရှိအမတ်ရဲ့အိမ်ကို သွားရောက်လည်ပတ်ပါသတဲ့။ အဲဒီအခါ ပညာရှိအမတ်ကြီးခမြာ ငါးပိရည်၊ တို့စရာနဲ့ ထမင်းစားနေရတာကို မြင်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိသတဲ့။ အဲဒါကြောင့် တိုက်တွန်းလိုက်ပါသတဲ့။
"ဘုန်းတော်ဘွဲ့တွေ ရွတ်ဆိုပြလိုက်စမ်းပါ။ ငါးပိရည်၊ တို့စရာနဲ့ပဲ စားနေရတဲ့ဘ၀က လွတ်မြောက်ပါလိမ့်မယ်" ပေါ့။



အဲဒီအခါ ပညာရှိအမတ်ကြီးက ဘယ်လိုပြန်ပြောလိုက်သလဲဆိုတော့ -
"မိတ်ဆွေ…၊ ငါးပိရည်နဲ့ တို့စရာကို ကြိုက်နှစ်သက်ပါ။ အဲဒီအခါ ဘုရင်ကို မြှောက်ပင့်နေရတဲ့ ၀ဋ်က လွတ်ကင်းပါလိမ့်မယ်" တဲ့။

ကျွန်တော်တို့ ဆိုရင်ရော ငပိရည်တို့ စရာနဲ့ ပဲ ရောင့်ရဲမလား ...
ကျွန်တော်ထင်ပါတယ်  ... :)


လူနှင့် ခံယူချက်

တစ်ခါက ရွာလေးတစ်ခုတွင် တရုတ်အဘိုးကြီး သားအဖနှစ်ယောက် ရှိကြသည်။ သူတို့က မြင်းမွေးသည်။ တစ်နေ့တွင်တော့ မြင်းတစ်ကောင် ပျောက်သွားသည်။ အိမ်နီးချင်းတွေက တရုတ်ကြီးကို သနားကြသည်။

"စိတ်မကောင်းပါဘူးဗျာ။ ခင်ဗျား ကံဆိုးရှာတယ်"

"ဘာဖြစ်လို့ ကံဆိုးတယ် ပြောတာလဲ"

"ခင်ဗျားမှာ မြင်းတစ်ကောင် ပျောက်သွားတယ်မဟုတ်လား"

"မြင်းတစ်ကောင် ပျောက်သွားတာနဲ့ ကံဆိုးတယ်လို့ ခင်ဗျား ဘာကြောင့်ပြောနိုင်သလဲ"

ဤသို့လျှင် လုံးလည်ပတ်ချာ လိုက်နေလေတော့ အိမ်နီးချင်းတွေကလည်း ခွစာကြီးဆိုပြီးလျှင် ဆက်မပြောကြတော့။ သည်လိုနှင့် တစ်ပတ်ဆယ်ရက်လောက် ကြာလေတော့ မြင်းဆိုသည့်မှာ အဖော်ခင်တတ်သည့် သတ္တ၀ါများ ဖြစ်ကြသည့်အတိုင်း ပျောက်သွားသောမြင်း ပြန်ရောက်လာသည်။ ရောက်လာတော့ တစ်ကောင်တည်းမဟုတ်။ မြင်းရိုင်းတစ်ကောင်ပါ အပိုပါလာသေးသည်။ သည်တော့ အိမ်နီးချင်းများက -

"ခင်ဗျား ကံကောင်းတယ်ဗျာ"

"ဘာဖြစ်လို့လဲ"

"ခင်ဗျားမှာ မြင်းတစ်ကောင် တိုးလာတယ်လေ"

"မြင်းတစ်ကောင် တိုးတာနဲ့ ကံကောင်းတယ်လို့ ဘာကြောင့် ပြောတာလဲ"

ရှေးနည်းတိုင်းပင် ခွစာကြီးကို ဆက်မပြောကြတော့။ သည်လိုနှင့် နောက်ရောက်လာသော မြင်းရိုင်းကို သားဖြစ်သူက စီးကောင်းကျင့်ရာ မြင်းပေါ်က လိမ့်ကျပြီး ခြေကျိုးသွားသည်နှင့် ခြေထောက်ကလေး ထော့နင်းဖြစ်သွားရှာသည်။

အိမ်နီးချင်းတွေက စိတ်မကောင်းကြ။

"ခင်ဗျား ကံဆိုးတယ်ဗျာ"

"ဘာဖြစ်လို့လဲ"

"ခင်ဗျားမှာ ဒီသားလေး တစ်ယောက်ပဲရှိတာ။ ခြေကျိုးသွားတာကိုး"

"ကျုပ်သား ခြေကျိုးတာနဲ့ ကံဆိုးတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ"

ရှေးနည်းတိုင်း ခွစာကြီးကို ဆက်ပြီး ဘာမျှ မပြောကြတော့ချေ။  သည်လိုနှင့် တစ်နေ့တော့ ပြည်နယ်ချင်း စစ်ဖြစ်ကြရာ ပြည်နယ်ဧကရာဇ်က တစ်နယ်လုံးရှိ ရဲရင့်သန်မာသူ လူငယ်မှန်သမျှ စစ်ထဲလိုက်ရမည် အမိန့်ထုတ်ပြန် ခေါ်ငင်သွားရာ သူ့သားကလေးတစ်ယောက်သာ ခြေထောက်ထော့နင်း ဖြစ်နေသောကြောင့် ချမ်းသာရာရခဲ့သည်။

သည်တော့ အိမ်နီးချင်းတွေက - "တရုတ်ကြီး ကံကောင်းတယ်" တဲ့။

ဒီလိုပါပဲ ဘ၀ဆိုတာက ကျွန်တော်တို့ အတွက်ဘယ်ဟာက ကံကောင်းတာလည်း ဘယ်ဟာကကံဆိုးတာလည်း ...  ...  ... 
ကျွန်တော်တို့  ခံယူချက်ပေါ်မှာပဲ မူတည်ပါတယ် ...



ANTIMATTER- ဆန့်ကျင်ဒြပ်

လောကကြီးမှာ ဒြပ်တွေရှိသတဲ့။ သူတို့ကို တိုးဝင်တိုက်ဖျက်တဲ့ ဆန့်ကျင်ဒြပ်တွေလည်း ရှိတယ်။ သူတို့ချင်းတွေ့ရင် ကြေပျက်သွားကြတယ်။ တစ်ခုကိုတစ်ခုက ချေမှုန်းပစ်တယ်။ ဒြပ်မှုန်တစ်ခုရယ်၊ ဆန့်ကျင်ဒြပ်မှုန်တစ်ခုရယ်ဟာ ခမ်းခမ်းနားနား ၀င်းဝင်းလက်လက်နဲ့ပဲ တိုက်ဖျက်ပျောက်ကွယ်သွားကြတယ်။

အာရုံထဲမှာ မြင်ကြည့်မိတယ်။ အတော်လှမှာပဲ။ ရှက်သလိုလည်း ခံစားရတယ်။ လူတွေနဲ့ ယှဉ်တွေးမိလို့ပါ။

လူ့လောကမှာလည်း လူတွေရယ်၊ ဆန့်ကျင်လူတွေရယ် ရှိတယ်။ ဆန့်ကျင်လူတွေက ဆန့်ကျင်ဒြပ်တွေလို မဟုတ်ဘူး။ စကားတွေ လျှောက်ပြောတယ်။ ဘယ်သူ့ကိုမှလည်း အကောင်းမမြင်ဘူး။ စိတ်ပျက်စရာကောင်းလှတဲ့ရုပ်၊ နာမ် အတွဲကြီးတွေပေါ့။

အဲဒီဆန့်ကျင်လူတွေဟာ အခွင့်အရေးရတာနဲ့ အချို့အချို့သော လူတွေကို ကိုက်စားဖျက်ဆီးနိုင်အောင် ကြိုးစားတယ်။ ဆန့်ကျင်ဒြပ်တွေလို ခမ်းနားဝင်းလက်စွာ တိုက်ခိုက်လာခြင်းမျိုး မဟုတ်ဘူး။ စုတ်ပြတ်မည်းမှောင်စွာ တိုက်ခိုက်တတ်ကြတယ်။

သူတို့ကို ကျွန်တော် မကြိုက်ဘူး။ ဒါပေမယ့် မောင်းထုတ်လို့လည်း မရဘူး။ ဘာမှ မတတ်နိုင်ဘူး။ “လူ” ရှိနေရင် သူတို့လည်း ရှိနေမှာပဲ။ သဘာဝပဲလေ...။

ရွာသူ

ဆယ့်နှစ်ကြိုးကဝေအတတ်နဲ့.

(ငါ့ရင်ထဲက ) မီးခတ်တဲ့ စကားလုံးတွေကိုသတ်ငြိမ်း..

အိမ်မက်သိမ်းတမ်း ပြုစားတတ်တဲ့ ..ရွာသူရေ

ရင်ခုန်သံတွေကိုပဲ..ခေါစာပစ်လိုက်တယ်..

သခင်မ..

ပျော်ပါ...ပါးပါ..စားပါ..သောက်ပါ..

မရိုမသေ တမ်းတမိတဲ့..

ဟောဒီက အမိုက်အမဲကောင်ကိုလည်း အပြစ်ကလွှတ်တော်မူပါ..

မီးစတစ်ဖက်..ရေမှုတ်တစ်ဖက်

အကြည့်လက်လက်တွေကိုလည်း

ပေးသနားတော်မူပါ..

' တရားဝင်စစ်ကြေငြာပြီးမှ မတွယ်တာရရင်...

ဘာမှမလုပ်ချင်ဘူး' ဆိုတဲ့

ဟောဒီက ငပျင်း...အတွက်

လက်ကြောတင်းအောင်..လွမ်းခွင့်ပြုတော်မူပါ..။              ။

                                                                                       By: မင်းခိုက်စိုးစံ






ဘူတာရုံနှင့်တူသော ကောင်မလေး

-ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီ ဘူတာရုံကလေးရေ...လွမ်းတယ်....။
-အရမ်းကြီး မဟုတ်ပေမယ့် ...တစ်ခါတစ်ခါ
ယောကျာ်းတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့် ရှိတာပဲ မဟုတ်လား။
-ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ်....
ပြောပါ...မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ။
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ....
တိတ်တိတ်ကလေး ရပ်စောင့်နေတာ ကြာပြီလေ...။
-ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ ကုန်တင်ကုန်ချလုပ်ခွင့် မပြုတဲ့
မင်းရဲ့ ဘူတာရုံကလေးဆီ...
....လာမယ်.......။
မင်းရဲ့ ဘူတာရုံကလေးဆီ....
....လာမယ်.......။
- ဟောဒီကောင်.....ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့် သံလမ်း ကိုယ်ဖောက်ခဲ့တာပါ...။
....နောက်ကျသွားတယ်။
အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့ အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့် ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ်...။              ။

                                                                                       By: မင်းခိုက်စိုးစံ