Search This Blog

Saturday, 11 February 2012

Social engineering , နေဧလိမ်နည်း နှင့် gmail hacking

1978 ခုနှစ်ရဲ့တရက်မှာပေါ့  Rifkin ဟာ ဒေါ်လာသန်းပေါင်းများစွာကို နေ့စဉ်လွဲပြောင်းပေးနေတဲ့ ဘဏ်ရဲ့ လုံခြုံရေးခန်းထဲကို ၀င်လာခဲ့တယ်။သူ.တာဝန်က အဲဒီဘဏ်က computer dataတွေကို back up လုပ်ပေးရတာပါ။ငွေလွဲပြောင်းတဲ့ လုပ်ငန်းစဥ်Data တွေပေါ့။သူ တစ်ခုသတိထားမိတာက ငွေလွဲ၇ာမှာ သုံးတဲ့ code တွေဟာ နေ့စဉ်ပြောင်းနေတယ်။အဲဒီ codeတွေကို တာဝန်ကျတဲ့ ၀န်ထမ်းကိုလည်း လျှို့ဝှက်စွာပြောပြတယ်။ အစောင့် တွေနဲ့အတူတူလုံခြုံရေး အထပ်ထပ်နဲ့ခေါ်ပြီးမှ ငွေလွဲခန်းထဲဝင်ရတယ်။
ဒါပေမယ့် ၀န်ထမ်းတွေဟာ များပြားလှတဲ့ နေ့စဉ်codeတွေကို မေ့မှာစိုးတဲ့အတွက် စာရွက်အပိုင်းလေးတွေနဲ့ ရေးပြီးနံရမှာ သူတို့မြင်သာအောင်ကပ်ထားတတ်ကြတယ်။ဒါနဲ့ပဲ …Novemberတစ်ရက်မှာ Rifkin ဟာ အကြံနဲ့ ရောက်လာပါတော့တယ်။
သူဟာ ထုံးစံအတိုင်း သူ.လုပ်နေကျတာဝန်တွေ ၊ စစ်စရာရှိတဲ့ Dataတွေကို စစ်ဆေးပါတယ် ။အဲလို စစ်နေရင်းက နံရံက codeတွေကို မသိမသာခိုးကြည့်ပြီး စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။ခဏအကြာမှာ သူဟာရုံးခန်းကနေထွက်ခဲ့တယ်။ ငတက်ပြား ကြီးပွားခါစခြေလှမ်းမျိုးနဲ့ပေါ့။
ဘဏ်ကထွက်လာပြီး ညနေ ၃နာ၊ရီလောက်မှာ လမ်းဘေးဖုန်းကနေဘဏ်ရဲ့ငွေလွှဲဌာနကို ဖုန်းဆက်ပါတော့တယ်။သူဟာ Mike Hanse အဖြစ်ဟန်ဆောင်လိုက်တယ်။စကားပြောခန်းက ဒါမျိုးဖြစ်နိုင်ပါတယ်။
Rifkin ။ ။ “ …. ဘဏ်ကလား။ကျနော် Mike Hanse ပါ၊ ငွေလွှဲမလို့ပါ“
စာရေးမ။ ။ ဖုန်းနပါတ်လေးပြောပါရှင်
Rifkin ။ ။ 286 ပါ
စာရေးမ။ ။ code နံပါတ်ပြောပါ ။
Rifkin ။ ။ မှတ်သားထားတဲ့အတိုင်း “4789 ပါ“
အဲနောက်သူက 10 millions $ ကို မကြာခင်က သူအကောင့်ဖွင့်ထားတဲ့ Zurich ဘဏ်ကို လွှဲခိုင်းလိုက်ပါတယ်။
စာရေးမ။ ။ ”interoffice settlement နပါတ်ပြောပါရှင်“
Rifkin ထင်မှတ်မထားတဲ့ မေးခွန်းပါ။ဒါပေမယ့် သူဟာ ဟန်မပျက် ပဲ ကျနော်ပြန်စစ်ပါရစေလို.ပြောပြီး ဖုန်းပြန်ချထားခဲ့ပါတယ်။ အဲနောက်ဘဏ်ကိုပြန်သွား ၊ interoffice settlement ပြန်ရှာကြည့်ပြီးနောက် ဖုန်းပြန်ဆက်ပါတယ်။ဒီတခါမှာတော့ အရာ၇ာအဆင်ပြေခဲ့ပါတယ်။
ရက်များမကြာမီ သူဟာ zurich ဘဏ်ကိုသွားပြီး ငွေထုတ်ကာ 8 millions $ ဖိုးစိန်တွေကို ရုရှားကနေ၀ယ်ယူခဲ့ပါတယ်။ သမိုင်းတလျှောက် အများဆုံးငွေလိမ်လည်မှုပါ…သေနတ်မပစ် ၊ကွန်ပြူတာမပါခဲ့ပါဘူး ။ ဂင်းနစ်စံချိန်မှာတော့ ‘biggest computer fraud” ပါတဲံ့။ အဲမှာ Stanly Rifkin ဟာ လှပတဲ့ လိမ်လုံးလေး ….social engineering ကို သုံးခဲ့တာပါ။
ဒါတွေက ဘာကိုပြောတာလဲဆိုရင် လုံခြုံးရေးမည်မျှပင် တင်းကျပ်စေကာမူ လူများ၏နမော်နမဲ့နိုင်မှုကြောင့် အရာရာဆုံးရှုံးနိုင်ကြောင်းပါ။ ခုတစ်လော Gmail hacking အကြောင်းအလွန်တရာကြားနေရပါတယ်။ ဒါဟာ တကယ်ပဲ ပညာနဲ့ hack တာဖြစ်နိုင်သလို မိမိကိုယ်တိုင်ရဲ့ ပေါ့ဆမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကျနော် လည်းအကြိမ်ကြိမ်ကြုံဘူးပါတယ်။ ရုပ်ရှင်သရုပ်ဆောင် မအူဝဲ မင်္ဂလာဆောင်တယ်ဆိုပြီး လင့်လေးပေးတာ သြော်ရက်စက်ပါ့ အူဝဲရယ်ဆိုပြီး ကယောင်ကတန်းနဲ့ click လုပ်မိတာ ကြောင်ရုပ်ကြီးပေါ်လာပြီး ဟားသွားပါတယ်။
။လူတစ်ယောက်ရဲ့ gmail ထည့်ရုံနဲ့ သူဘယ်နေရာကဆိုတာပြောနိုင်တယ်ဆိုတုန်းကလည်း gmail အထည့်ကောင်းလို. ဟားတာခံရဘူးပါတယ်။မြန်မာပြည်မှာလည်း အရင်တုန်းက နေဧဆိုတဲ့လူက အဲလိုအကွက်လှလှလေးတွေသုံးပြီးလိမ်ဘူးပါတယ်။အိုင်းစတိုင်းက universe နဲ့ လူရဲ့ နမော်နမဲ့နိုင်မှု နှစ်ခုသာလျှင် infinite ပါတဲ့။ကျနော်တို့ ရဲ့ မျက်စိမှိတ်ယုံကြည်မှုတွေရှိသရွှေ.တော့ ခံနေရဦးမှာပါပဲ။ လူတိုင်းလူတိုင်း အညာခံရမှုမှ ကင်းဝေးကြပါစေကြောင်းဆုတောင်းလျှက် …..

ARTIFICIAL INTELLIGENCE - ဉာဏ်တု

ဟိုနေ့က မဂ္ဂဇင်းတစ်အုပ်ထဲမှာ ဖတ်လိုက်ရတယ်။ ကွန်ပျူတာတွေမှာ “ဉာဏ်တု” ကို ထည့်တော့မယ်တဲ့။ စာအုပ်ကို ဘေးချပြီး ကျွန်တော် မျက်မှောင်ကြုတ် စဉ်းစားနေမိတယ်။ ကွန်ပျူတာနဲ့ပတ်သက်မှ “ဉာဏ်တု” ရှိလာတာ မဟုတ်ပါဘူး။ လူတွေမှာလည်း အစောကြီးကတည်းက “ဉာဏ်တု” ရှိတယ်။

တချို့လူတွေမှာ ရှိတဲ့ဉာဏ်က အစစ်မဟုတ်ဘူး။ မွေးရာပါ အတုကြီး။ သူတို့ဉာဏ်နဲ့သူတို့ ဘာမှမလုပ်နိုင်ဘူး။ သူများဉာဏ်နဲ့ ဖော်ထုတ်တားတာတွေကိုပဲ အတုခိုးပြီး လိုက်လုပ်နေရတယ်။

ကွန်ပျူတာကို “ဉာဏ်တု” တပ်ပေးတာ ကောင်း,မကောင်းတော့ ကျွန်တော် မပြောနိုင်ဘူး။ လူတွေမှာ ဉာဏ်တုရှိနေတာတော့ မကောင်းဘူး။

Friday, 10 February 2012

ငှက်ပျောသီး၊လှေကား၊ရေခဲရေ၊မျောက်များနှင့်ကျနော်တို့

သူငယ်ချင်းတို့ရေ … တစ်ခါကပေါ့  စမ်းသပ်ချက် တခုမှာ သိပ္ပံ ပညာရှင်များဟာ မျောက် ၅ ကောင်ကို လှောင်အိမ် တခုထဲမှာ အတူတူ စုထား လိုက်တယ်။
ပြီးတော့ လှောင်အိမ်ရဲ့ အလယ်တည့် တည့်မှာ လှေကားတစင်းထောင်ထားပြီး လှေကားထိပ် မှာတော့ ငှက်ပျောသီး တဖီးကို တင်ထားပေး သတဲ့။
တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို တက်ဘို့ ကြိုးစားတဲ့အခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို (မျောက်တွေ ကြောက်တဲ့) ရေခဲတမျှ အေးစက်နေတဲ့ ရေအေးတွနဲ့ နေမထိ ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။
ဟော … မကြာပါဘူး။ မျောက်တွေဟာ သူတို့အထဲက တကောင်ကောင် လှေကားပေါ်တက်ဘို့ ကြိုးစားတာနဲ့ အဲဒီ အကောင်ကို ကျန်တဲ့ လေးကောင်က ၀ိုင်းပြီး ထုကြ နှက်ကြတော့တာဘဲတဲ့။ အဲဒီအခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းတာကို ရပ်နားထားလိုက်တော့ သတဲ့။
အဲသည်နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်ဖြားယောင်းမှု ဘယ်လိုပင် အားကောင်းလွန်း လှပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး လှေကားပေါ်ကို တက်ဘို့ ထပ်မကြိုးစားရဲတော့ဘူးတဲ့။
ဒီလိုအနေအထားမှာ သိပ္ပံပညာရှင်တွေဟာ မူလမျောက်ငါးကောင်ထဲက တကောင်ကို လှောင်အိမ် ထဲက ထုတ်။ သူ့နေရာမှာ မျောက်အသစ်တကောင်နဲ့ လဲလှယ်အစားထိုးလိုက်တယ်။ မျောက်အသစ်ဟာ လှောင်အိမ်ထဲကို ရောက်တာနဲ့ (မျောက်ပီပီ) လှေကားပေါ်ကို ပြေးတက်ပြီး ငှက်ပျောသီကို ယူဘို့ ကြိုးစားတော့တာပေါ့။ ကျန်တဲ့ လေးကောင်ကလည်း ထုံးစံအတိုင်း မဆိုင်းမတွ သူ့ကို ၀ိုင်း သမ ကြသတဲ့။ (ကွိကွိ … ကွကွ … ကွိကွ … ခွေးမသားမျောက် … ဆော်ပစ် … ကွစ်ကွစ်)
အဲသလို မကြာခဏ ထုနှက်ခံရပြီးတဲ့နောက်မှာ အသစ်ရောက်လာတဲ့ မျောက်ဟာ ဘာကြောင့် ဒီလို ထုနှက်ကြသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို စဉ်းစားလို့ မရပေမယ့်လည်း လှေကားပေါ်ကို မတက်ရဘူးဆိုတဲ့ အချက်ကိုတော့ ကောင်းကောင်းကြီး သဘောပေါက်လာတယ်။ လှေကားပေါ်တက်ဘို့ကိုလည်း ထပ်မံမကြိုးစားရဲတော့ဘူးတဲ့။
ဒုတိယ မျောက်အသစ်တကောင်ကို မျောက်အဟောင်းတကောင်ရဲ့ နေရာမှာ ထပ်မံ အစားထိုး ထည့်လိုက်တဲ့အခါမှာလည်း အလားတူ အဖြစ်မျိုး ထပ်ဖြစ်တယ်။ ဒီနေရာမှာ စိတ်ဝင်စား ဘို့ကောင်းတာက ဒုတိယ မျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကြတဲ့အခါ သူ့အရင်ရောက်တဲ့ မျောက်အသစ်ကပါ ဘုမသိ ဘမသိ ၀င်ပြီး ထုနှက်တာကို တွေ့ရသတဲ့။ (ကြည့်ရတာ လူတွေသာမက မျောက်တွေလည်း ဆွမ်းကြီးလောင်းရတာ ၀ါသနာပါပုံရတယ်။)
ဒီလိုနဲ့ တတိယ မျောက်အသစ်တကောင်ကို မူလမျောက်အဟာင်းထဲက တကောင်နေရာမှာ အစားထိုးထည့်ကြည့်တယ်။ ထုနှက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။ စတုထ္ထမျောက်အသစ်တကောင် ထပ်လဲထည့်တယ်။ ထုရိုက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။ နောက်ဆုံးမှာ ပဉ္စမမြောက် မျောက်အသစ်ကို နောက်ဆုံးလက်ကျန် မျောက်အဟောင်းနေရာမှာ အပြီးသတ် လဲထည့်လိုက်တော့တယ်။
သူငယ်ချင်းတို့ရေ … အခုဆိုရင် လှောင်အိမ်ထဲမှာ ရှိနေတဲ့ မျောက်ငါးကောင်လုံးဟာ နောက်မှ ရောက်လာကြတဲ့ မျောက်အသစ်တွေချည်းပေါ့ဗျာ။ သူတို့အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို တခါမှ မကြုံခဲ့ရဖူးဘူးဗျ။ ဒါပေမယ့် သူတို့ထဲက တကောင်ကောင် လှေကားပေါ်ကို တက်ဘို့ကြိုးစားရင်တော့ ကျန်တဲ့လေးကောင်က ၀ိုင်းဝန်းပြီး ထုကြနှက်ကြဆဲဘဲတဲ့။ ဒါပေမယ့် ဘာကြောင့် အဲသလို ထုနှက်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မျောက်ငါးကောင်စလုံး လုံးဝ မသိကြရှာဘူးတဲ့။
ကဲ … ပုံပြင်လေးကတော့ ဒါပါပဲ ။
သူငယ်ချင်းတို့ရော … အဲဒီမျောက်ငါးကောင်လိုမျိုး ထူးဆန်းတဲ့ အပြုအမူကို လူ့အဖွဲအစည်း အတွင်းမှာ  တွေ့ဘူး ကြုံဘူးပါသလား။
တဆက်တည်း မေးလိုက်ချင်သေးတာက ကိုယ်ကိုတိုင်ကော ဘယ်နှခါလောက် အဲလိုလုပ်မိပြီးပြီလဲ … ???

( … သူငယ်ချင်းတယောက် မေးလ်ကနေပို့ပေးလိုက်တာပါ။ တဦးတယောက်ရဲ့ မူပိုင်ဆိုရင် အသိပေးပါ။ ဖြည့်စွက် ဖော်ပြပေးပါမယ်။ … )




Thursday, 9 February 2012

သူ့ လို "လူ"

ဟိုးနှစ်ပေါင်း များစွာက အရှေ့ ဂျေရုစလင် မှာ အာရေဗစ် တက္ကသိုလ်ကြီး တစ်ခုရှိခဲ့ဘူးတယ်။ အဲဒီ တက္ကသိုလ်ကြီးမှာ သူငယ်ချင်း နှစ်ယောက်ဟာ ဂဏာန်းသချာင်္ အတတ်ကို လာသင်ကြတယ်။ ပညာစုံလို့ မွေးရပ်ကို ပြန်ကြတော့ လမ်းမှာ သူငယ်ချင်းနှစ်ယောက် ထဲက တစ်ယောက်က နောက်တစ်ယောက်ကို ပုစ္ဆာတစ်ခု မေးတယ်။

        “ ၁ + ၂ = ဘယ်လောက်လဲ ”

       တဲ့။ တစ်ယောက်က ဖြေတယ် ၃ တဲ့။ ဒီတော့ မေးခွန်း မေးသူက မှားတယ် ၁ဝ ဆိုပြီး ငြင်းကြရင်း အဆုံးဖြတ်ခံဖို့ ၊ ဆရာဆီကို ပြန်လာကြတယ်။ ဆရာဆီလည်း ရောက်ရော ၊ ဆရာက ၁၀ ဆိုတဲ့ လူကို ဘာမှမလုပ်ဘဲ ၊ ၃ လို့ ဖြေတဲ့ လူကို တုတ်နဲ့ ရိုက်သတဲ့။ အရိုက်ခံရတဲ့လူက . . .

       “ ဆရာအဖြေက ၃ မဟုတ်ဘူးလား ၊ ဘာလို့ရိုက်တာလဲ ”

       လို့မေးတော့ ဆရာက  . . . . 

       “ ဒီပုစ္ဆာကို ကလေးတောင် သိတယ်။ ဒါကို အလုပ်မရှိ အလုပ် ရှာပြီး ၃ မှန်း သိလျှက်နဲ့ ကိုယ်သွားမဲ့ ခရီး ဖြောင့်ဖြောင့် မသွားဘဲ ၊ ဟိုလူမိုက် ကို ဒုက္ခရှာပြီး ပြန်လှန် ချေပတာရယ်။ လောကမှာ အမှန်တရား ဆိုတာ အယူဝါဒကြောင့် ၊ အတွေးအခေါ် အယူအဆကြောင့် ၊ အသိဥာဏ် မဖွင့်ဖြိုးအောင် ပြုစုပျိုးထောင် ခံရခြင်းကြောင့် ၊ မွေးရာပါ ဗီဇကြောင့် အဲလို အကြောင်းတွေကြောင့် ၊ အမှန်တရားကို မသိကြဘူး။ 

       ဒီအထဲမှာ ဟိုလူမိုက်ဟာ ၃ ကို ၃ မှန်း မသိတာဟာ အယူဝါဒကြောင့်လည်း မဟုတ်ဘူး ၊ အတွေးအခေါ် ကြောင့်လည်း မဟုတ်ဘူး ၊ သူတပါးက အနိုင်ကျင့်လို့ ( တနည်း ) အသိဥာဏ် တုန်းအောင် လုပ်ခံ ထားရလို့လည်း မဟုတ်ဘူး ၊ မွေးရာပါ ဗီဇကြောင့်သာ သေသေချာချာ သင်ပေးထားပါလျှက် ၃ ကို ၃ မှန်းမသိတာ။ အဲဒီလို အသိတရား မရှိတဲ့ လူကို မင်းပြန်လှန်ပြီး ငြင်းခုန် ချေပတဲ့ မင်းဟာ အဲဒီ လူထက်ကို မိုက်လို့ ငါရိုက်တာ ” 
လို့ အဖြေပေးခဲ့တယ် ။
သူငယ်ချင်းတို့ လည်း   မွေးရာပါ ဗီဇကြောင့် အမှန်ကို အမှန်မှန်း မသိအောင် ဖြစ်နေတဲ့ လူတွေ ၊ သူများက သွေးထိုးခံထားရတဲ့ လူတွေကို အမှန်တရားကို သိလိုဇောနဲ့ ကိုယ့်ရဲ့ အချိန်တွေကို အကုန်ခံကာ ပြောဆို ရှင်းပြမနေပါနဲ့  လွတ်ထားလိုက်ပါ ...



လူနှင့် ထူးဆန်းမှု

တစ်ခါက . . . .

အရမ်းကို ဆင်းရဲတဲ့ ညီအစ်ကို နှစ်ယောက် ရှိသတဲ့။ သူတို့ဟာ ဆင်းရဲလွန်းလို့ အဆင်ပြေအောင်တောင်မှ မနည်း လုပ်ကိုင်စားသောက်နေရသတဲ့။ တစ်နေ့တော့ ဒီလို ဆင်းရဲစွာ နေရတာကို မခံနိုင်တဲ့ အဆုံး အစ်ကို လုပ်သူက မိဘတွေ သူတို့ကို အမွေအဖြစ်ပေးသွားတဲ့ “ မျက်လုံးတစ်လုံးရွာသို့ ” ဆိုတဲ့ မြေပုံအတိုင်း သွားပြီး အဲဒီမှာရွာမှာသာ တကယ်ကို မျက်လုံးတစ်လုံးနဲ့ လူတစ်ယောက်လောက်ကို ဖမ်းပြီး ရုံသွင်းပြစား လိုက်ရင် သူတို့အတွက် အဆင်ပြေမယ် လို့ စဉ်းစားမိတယ်။

ဒီတော့ အစ်ကို လုပ်သူက ညီဖြစ်သူကို မျက်လုံးတစ်လုံးရွာကို သွားပြီး မျက်လုံးတစ်လုံးနဲ့ လူကို ဖမ်းခေါ်လာဖို့ စည်းရုံးတယ်။ ဒါပေမဲ့ ညီဖြစ်သူက စိတ်မဝင်စားဘူး။ အစ်ကိုလုပ်သူလည်း ညီဖြစ်သူကို မျိုးစုံ ဆွဲဆောင်ပေမဲ့ ညီဖြစ်သူက စိတ်မဝင်စားလို့ နောက်ဆုံးတော့ ကိုယ့်ဖာသာ တစ်ယောက်တည်း သွားမယ် ဆိုပြီး ဆုံးဖြတ်လိုက်သတဲ့။ ဒါကြောင့် သူက ညီဖြစ်သူကို နှုတ်ဆက်တယ်။

“ အစ်ကိုကတော့ မျက်လုံးတစ်လုံးရွာကို သွားရှာဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါပေမဲ့ ညီလေးက စိတ်မဝင်စားတော့လည်း မလိုက်နဲ့ပေါ့။ ဒါကြောင့် အစ်ကို မြေပုံလေးကို ညီလေးအတွက် ထားခဲ့မယ်။ အစ်ကို ထွက်သွားပြီး လအနည်းငယ်ကြာလို့မှ မျက်လုံးတစ်လုံးလူနဲ့ အတူတူ အစ်ကို ပြန်မရောက်လာဘူး ဆိုရင်တော့ အစ်ကိုနောက်ကို လိုက်ခဲ့ပါ။ ”

လို့ ဆိုပြီး ထွက်သွားတော့တယ်။ ညီဖြစ်သူကလည်း အစ်ကို ပြောသွားတဲ့ အတိုင်း စောင့်နေခဲ့တယ်။ ဒါပေမဲ့ လပေါင်းများစွာသာ ကြာသွားတယ် သူ့ရဲ့ အစ်ကို ပြန်မလာဘူး။ ဒါကြောင့် နောက်ဆုံးမှာ အစ်ကို မှားကြားထားတဲ့ အတိုင်း မြေပုံလေး ကိုင်ပြီး အစ်ကို သွားတဲ့ မျက်လုံးတစ်လုံးရွာကို လိုက်လာခဲ့တယ်။ မြေပုံအညွှန်းက အရမ်းကောင်းလွန်းတော့ မကြာခင် အချိန်မှာပဲ မျက်လုံးတစ်လုံးရွာ အဝင်ဝကို ရောက်သွားခဲ့တယ်။ ပြီးတော့ သူ ရွာထဲကို ဝင်လာခဲ့တယ်။

သူရောက်သွားတဲ့ အချိန်မှာပဲ အဲဒီရွာက လူတွေက ရုံကြီးတစ်ခုထဲကို လက်မှတ်လေးတွေ ဝယ်ပြီး ဝင်သွားကြတယ်။ ရုံမှာရေးထားတာက “ လူထူးဆန်းပြပွဲ ” လို့ ဆိုတယ်။ ညီဖြစ်သူကလည်း ထူးဆန်းတာကို ဝါသနာပါလေတော့ ရုံထဲကို လက်မှတ်ဝယ်ပြီး ဝင်ကြည့်လိုက်တယ်။ သူလည်း အထဲကို ရောက်ပြီး အထဲမှာ ပြထားတဲ့ လူထူးဆန်းကို ကြည့်လိုက်တော့ သူ့အစ်ကို ဖြစ်နေတယ်။ ညီဖြစ်သူလည်း အရမ်းကို တုန်လှုပ်သွားပြီး သူ့အစ်ကိုကို မေးလိုက်တယ်။

“ အစ်ကို ဘယ်လိုဖြစ်ပြီး အခုလို လူထူးဆန်း ပြပွဲရုံထဲ ရောက်နေရတာလဲ။ ”

လို့ သူက မေးလိုက်တော့ သူ့အစ်ကိုက ပြန်ဖြေတယ်။


“ ဒီလို ညီလေးရေ ၊ အစ်ကိုက မျက်လုံးတစ်လုံးထဲ ရှိတဲ့ လူကို ဖမ်းပြီး အစ်ကိုတို့ မျက်လုံး နှစ်လုံး ရှိနေတဲ့ လူတွေဆီမှာ လူထူးဆန်း ဆိုပြီး ပြစားရင် ပိုက်ဆံတွေ ရမယ် ဆိုပြီးသာ စဉ်းစားခဲ့မိတယ်။ ဒါကြောင့် သူတို့ထဲက တစ်ယောက်ကိုပဲ ဖမ်းပြီး ခေါ်ဖို့ ကြိုးစားနေတာလေ။ တကယ်တော့ မျက်လုံးတစ်လုံးထဲ ရှိနေတဲ့ လူတွေဆီမှာတော့ မျက်လုံးတစ်လုံးက မထူးခြားဘူးပေါ့ကွာ။ သူတို့ဆီမှာက အစ်ကိုတို့လို မျက်လုံးနှစ်လုံး ရှိနေသူတွေကသာ ထူးခြားကြတာလေ။

ဒါကြောင့် သူတို့ အစ်ကိုလည်း မြင်ရော  ဝိုင်းဖမ်းပြီးတော့ လူထူးဆန်း ဆိုပြီး ရုံသွင်းပြလိုက်တာပါပဲကွာ။ တကယ်တော့ ကိုယ့်မှာ မထူးဆန်းပေမဲ့ သူများဆီမှာ ထူးဆန်းနေတတ်ပြီး သူများဆီက ထူးဆန်းနေတာက ကိုယ့်မှာ ဘာမှ မဟုတ်ဘဲ ဖြစ်ချင် ဖြစ်နေတတ်တယ် ညီလေး။ ”
သူငယ်ချင်းတို့ လည်း သူငယ်ချင်းတို့ ရဲ့  မထူးခြားတဲ့ ထူးခြားမှုလေးတွေကို အသုံးချနိုင်ပါစေ ...

လရေးနှစ်ချောင်းငင် လူ



တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးမှာ အမတ်ကြီးနှစ်ဦး ရှိပါသတဲ့။ တစ်ဦးက ဘုရင်ကြီးရဲ့ ဘုန်းတန်ခိုးတွေကို ဖွဲ့နွဲ့သီကျူးတဲ့နေရာမှာ အရမ်းတော်သတဲ့။ ဘုန်းတော်ဘွဲ့တွေပေါ့လေ။ ဒါကြောင့် ဘုရင်က ဆုလာဘ်တွေ ပေးသနားပြီး မြှောက်စားထားတဲ့အတွက် ဆီဦးထောပတ်တွေစားပြီး ကောင်းစားနေသတဲ့။

အခြားအမတ်တစ်ဦးကတော့ ပညာရှိပီပီ လိုအပ်မှပဲ ပြောသတဲ့။ အကြံဉာဏ်တွေကိုလည်း ဘုရင်ကြီးက တောင်းမှပဲ ပေးသတဲ့။ ဒါပေမယ့် သူပေးတဲ့ အကြံဉာဏ်တွေက ထိရောက်ကောင်းမွန်တဲ့အတွက် ဘုရင်ကြီးက သူ့ကို သိပ်သဘောမကျပေမယ့်လည်း မပစ်ပယ်ရဲဘူးတဲ့။ သူဟာ ဘုရင်ကြီးအတွက် ဘုန်းတော်ဘွဲ့မျိုး တစ်ခါမှ မစပ်ဆိုခဲ့ဘူးတဲ့အတွက် ဘုရင်ကြီးရဲ့ မြှောက်စားမှု မခံရဘဲ ဆင်းဆင်းရဲရဲနဲ့ နေရသတဲ့။


တစ်ရက်မှာတော့ ဘုန်းတော်ဘွဲ့ အရွတ်ကောင်းတဲ့ အမတ်ကြီးဟာ ပညာရှိအမတ်ရဲ့အိမ်ကို သွားရောက်လည်ပတ်ပါသတဲ့။ အဲဒီအခါ ပညာရှိအမတ်ကြီးခမြာ ငါးပိရည်၊ တို့စရာနဲ့ ထမင်းစားနေရတာကို မြင်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိသတဲ့။ အဲဒါကြောင့် တိုက်တွန်းလိုက်ပါသတဲ့။
"ဘုန်းတော်ဘွဲ့တွေ ရွတ်ဆိုပြလိုက်စမ်းပါ။ ငါးပိရည်၊ တို့စရာနဲ့ပဲ စားနေရတဲ့ဘ၀က လွတ်မြောက်ပါလိမ့်မယ်" ပေါ့။



အဲဒီအခါ ပညာရှိအမတ်ကြီးက ဘယ်လိုပြန်ပြောလိုက်သလဲဆိုတော့ -
"မိတ်ဆွေ…၊ ငါးပိရည်နဲ့ တို့စရာကို ကြိုက်နှစ်သက်ပါ။ အဲဒီအခါ ဘုရင်ကို မြှောက်ပင့်နေရတဲ့ ၀ဋ်က လွတ်ကင်းပါလိမ့်မယ်" တဲ့။

ကျွန်တော်တို့ ဆိုရင်ရော ငပိရည်တို့ စရာနဲ့ ပဲ ရောင့်ရဲမလား ...
ကျွန်တော်ထင်ပါတယ်  ... :)


လူနှင့် ခံယူချက်

တစ်ခါက ရွာလေးတစ်ခုတွင် တရုတ်အဘိုးကြီး သားအဖနှစ်ယောက် ရှိကြသည်။ သူတို့က မြင်းမွေးသည်။ တစ်နေ့တွင်တော့ မြင်းတစ်ကောင် ပျောက်သွားသည်။ အိမ်နီးချင်းတွေက တရုတ်ကြီးကို သနားကြသည်။

"စိတ်မကောင်းပါဘူးဗျာ။ ခင်ဗျား ကံဆိုးရှာတယ်"

"ဘာဖြစ်လို့ ကံဆိုးတယ် ပြောတာလဲ"

"ခင်ဗျားမှာ မြင်းတစ်ကောင် ပျောက်သွားတယ်မဟုတ်လား"

"မြင်းတစ်ကောင် ပျောက်သွားတာနဲ့ ကံဆိုးတယ်လို့ ခင်ဗျား ဘာကြောင့်ပြောနိုင်သလဲ"

ဤသို့လျှင် လုံးလည်ပတ်ချာ လိုက်နေလေတော့ အိမ်နီးချင်းတွေကလည်း ခွစာကြီးဆိုပြီးလျှင် ဆက်မပြောကြတော့။ သည်လိုနှင့် တစ်ပတ်ဆယ်ရက်လောက် ကြာလေတော့ မြင်းဆိုသည့်မှာ အဖော်ခင်တတ်သည့် သတ္တ၀ါများ ဖြစ်ကြသည့်အတိုင်း ပျောက်သွားသောမြင်း ပြန်ရောက်လာသည်။ ရောက်လာတော့ တစ်ကောင်တည်းမဟုတ်။ မြင်းရိုင်းတစ်ကောင်ပါ အပိုပါလာသေးသည်။ သည်တော့ အိမ်နီးချင်းများက -

"ခင်ဗျား ကံကောင်းတယ်ဗျာ"

"ဘာဖြစ်လို့လဲ"

"ခင်ဗျားမှာ မြင်းတစ်ကောင် တိုးလာတယ်လေ"

"မြင်းတစ်ကောင် တိုးတာနဲ့ ကံကောင်းတယ်လို့ ဘာကြောင့် ပြောတာလဲ"

ရှေးနည်းတိုင်းပင် ခွစာကြီးကို ဆက်မပြောကြတော့။ သည်လိုနှင့် နောက်ရောက်လာသော မြင်းရိုင်းကို သားဖြစ်သူက စီးကောင်းကျင့်ရာ မြင်းပေါ်က လိမ့်ကျပြီး ခြေကျိုးသွားသည်နှင့် ခြေထောက်ကလေး ထော့နင်းဖြစ်သွားရှာသည်။

အိမ်နီးချင်းတွေက စိတ်မကောင်းကြ။

"ခင်ဗျား ကံဆိုးတယ်ဗျာ"

"ဘာဖြစ်လို့လဲ"

"ခင်ဗျားမှာ ဒီသားလေး တစ်ယောက်ပဲရှိတာ။ ခြေကျိုးသွားတာကိုး"

"ကျုပ်သား ခြေကျိုးတာနဲ့ ကံဆိုးတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ"

ရှေးနည်းတိုင်း ခွစာကြီးကို ဆက်ပြီး ဘာမျှ မပြောကြတော့ချေ။  သည်လိုနှင့် တစ်နေ့တော့ ပြည်နယ်ချင်း စစ်ဖြစ်ကြရာ ပြည်နယ်ဧကရာဇ်က တစ်နယ်လုံးရှိ ရဲရင့်သန်မာသူ လူငယ်မှန်သမျှ စစ်ထဲလိုက်ရမည် အမိန့်ထုတ်ပြန် ခေါ်ငင်သွားရာ သူ့သားကလေးတစ်ယောက်သာ ခြေထောက်ထော့နင်း ဖြစ်နေသောကြောင့် ချမ်းသာရာရခဲ့သည်။

သည်တော့ အိမ်နီးချင်းတွေက - "တရုတ်ကြီး ကံကောင်းတယ်" တဲ့။

ဒီလိုပါပဲ ဘ၀ဆိုတာက ကျွန်တော်တို့ အတွက်ဘယ်ဟာက ကံကောင်းတာလည်း ဘယ်ဟာကကံဆိုးတာလည်း ...  ...  ... 
ကျွန်တော်တို့  ခံယူချက်ပေါ်မှာပဲ မူတည်ပါတယ် ...