Search This Blog
Saturday, 8 September 2012
ကျွန်တော် ဖီလော်ဆော်ဖာ
တစ်ရက် . . . ဒီက ငါးတန်းကျောင်းသားနဲ့ ခဏတဖြုတ်စကားပြောဖြစ်တယ်။ ဒီနေ့ ကျောင်းမှာ ဘယ်လိုလဲ လို့မေးတော့ Great! We did Philosophy တဲ့။ ဖီလော်ဆော်ဖီ ဆိုတော့ ဘာတွေသင်လဲ မေးရင်း စိတ်ထဲပေါ်လာတာက ပလေတို တို့ ဘာတို့ အကြောင်းကြားရမယ်လို့ ထင်နေတာ။ ဘယ် ဟုတ်ပါ့မလဲ။ မေးခွန်းတွေ စဉ်းစားရတယ်တဲ့။ လူတွေ ငြင်းကြခုန်ကြတာ ကောင်းသလား။ ဘာလို့လဲ။ ဘယ်လို အကျိုးအပြစ်တွေ ရှိနိုင်သလဲ။ ပိုက်ဆံချမ်းသာရင် ပျော်မယ် ထင်သလား။ ပြည့်စုံမယ် ထင်သလား။ ဒါမျိုး မေးခွန်းလေးတွေ။ အဲ့ဒါနဲ့. . မင့်ဘယ်လိုထင်တုန်း မေးတော့. . . ဆရာသမားကလဲ အလာကြီးပဲ။ It depends တဲ့။ ပိုက်ဆံကို နင် ဘယ်လို သုံးချင်တာလဲ။ ဘယ်လောက် ရှိချင်တာလဲ တဲ့။ အမေးကို အမေးနဲ့ ပြန်လာတာ။ အင်းပေါ့လေ. . ဒီလို အခြေခံပညာရေးပေးတဲ့ ဒီလို တိုင်းပြည် လူမှုအဆင့်အတန်း ကောင်းတာ မထူးတော့ မထူးဆန်းပါဘူး။
Monkey Thinker
သူများ တိုင်းပြည်က ဦးနှောက်ကို သုံးပြီး ရေရေလည်လည် တွေးတတ်ဖို့ ပျိုးထောင်နေချိန်မှာ ကြီးတော်တို့များနိုင်ငံမှာတော့. .
' မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဧ။် ဆန်အိုးကြီးဖြစ်ပါသည်. . .'
' ၁၈၇- က တစ်ကြိမ်၊ ၁၈-- က တစ်ကြိမ်၊ ၁၈၈၅ တွင် တတိယအကြိမ်မြောက် ကျူးကျော်စစ်ကို ဆင်နွှဲကာ. . .   ဗြိတိသျှတို့သည် ... ... ..'
' My name is Kyaw Kyaw. My father name is U Mya. I live in North ----. I have two brothers and sisters.'
' တြိဂံတစ်ခုဧ။် အတွင်းထောင့်သုံးထောင့်ပေါင်းခြင်းသည် ၁၈ဝ ဒီဂရီဖြစ်ပါသည်။'
' ကျွန်မနာမည် မြမြ ဖြစ်ပါသည်။ ကျွန်မဧ။် အဖေနာမည်မှာ .. ... '
ကြီးတော်တို့ တိုင်းပြည်လို တိုင်းပြည်ကလာတဲ့. . ကြီးကောင်ကြီးမားမှ ဖီလော်ဆော်ဖီဆိုတာကို ကျွမ်းဝင်ဖူးတဲ့ ပလေတို၊ အရစ္စတိုတယ်လ်၊ ဒေးကာ့ လော့ခ် စသည်ဖြင့် လူကြားထဲ မျက်စိသူငယ် နားသူငယ်မဖြစ်ရအောင် ဖီလော်ဆော်ဖာနာမည်တွေကိုသာ ကျက်မှတ်ထားဖူးတဲ့ ကြီးတော်တို့ ပိန်းချက်၊ ပုဂ္ဂိုလ်စွဲကြီးချက်ကတော့. . . . နာမည်ကြီး ဖီလော်ဆော်ဖာတွေ တွေးတဲ့ အတွေးအခေါ်တွေမှသာ ဖီလော်ဆော်ဖီ လို့ ထင်နေတာကိုး။
                                                                                                                                                    ရေနံ့ သာ
Wednesday, 5 September 2012
ကြောက်စိတ်
  ပို့ မတင်ဖြစ်တာတောင်ကြာပြီ ရှိစုမဲ့စု သူငယ်ချင်းတို့ ရေ ဒီနေ့ တော့ စာလေးတစ်ပုဒ်ဖတ်လိုက်ရတယ်
ဆရာမောင်သစ်ဆင်းရဲ့ “ကြောက်စိတ်”ဆိုတဲ့ စာလေးတစ်ပုဒ်ပါ ကျွန်တော်ကြိုက်တာနဲ့  သူငယ်ချင်း
တို့ ကိုပါမျှဝေလိုက်ပါတယ်
   ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်းအထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေလက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်း ဆရာတော် ဆီမှာပညာသင်ကြားခဲ့ရတယ်။တစ်နေ့မှာ အင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း
ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာသေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေး တဲ့အခါ မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်း တော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။
     ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့.။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက် ဟဲ့...... ငလွင်မရသေးဘူးလား လို့မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက် ရတော့တယ်။ ငလွင်......လာခဲ့ လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော်အသံက ကျောင်းသား အားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။
     ဟဲ့...ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်း ညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ။ ဒီလိုလူက ငါးခြောက်ပြား တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင်
လုပ်နိုင်တော့မှာလဲ လို့မိန့်ပြီး အချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမပါသတဲ့။
     ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်း တစ်ခုက စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား လို့ အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ဝင်လာပါတယ်. အဖြေလွှာ တွေကို စားပွဲပေါ် ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။
     ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီးကြည့်တယ်။ တစ်တန်းလုံး ကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။ ဆရာက ကျောင်းသားတစ်ယောက်ရဲ့နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက်ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။ "ဒါ မင်းအဖြေလား"။ "ဟုတ်ပါတယ် ဆရာ"၊ "အေး တစ်တန်းလုံး ကြားအောင် ဖတ်စမ်း" နည်းနည်း အံ့သြနေပုံနှင့် ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း။ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊ ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျှက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့် ဟု သံသယဖြစ်စရာရှိကြောင်း။ ဘုရားသားတော် တို့မည်သည် ရသတဏှာဖြစ် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်း လက်ထက်မှာ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ် လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင် နိုင်ကြောင်း၊ အဲဒီလိုတွေ ဖြေထားတာဗျ။
     တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။ ကျောင်းသား ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။ "မင်း ငါ့ကို နောက်တာလား" "ဟာ.......မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ" ကဲအားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ....မင်းကစ၊ သူဖြေတာ မှန်သလား၊
မှားသလား။
     ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင်ကျောင်းသားကို ကြည့်လိုက် ၊ ဆရာ့ကို ကြည့်လိုက် ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံး လိုလိုလည်း ကျွန်တော့်လိုဘဲထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင်သိသာပါတယ်။
ဟေ့ကောင်.......ဖြေလေကွာ ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချ လိုက်တယ်။
     တကယ်တော့ ဆရာကမှန်သလား၊ မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ် ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက မှားတယ်လို့ ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာက ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန်တူပါရဲ့။ သူဖြေတာ မှားပါတယ် ဟုတ်ပြီ၊ နောက်တစ်ယောက် မှန်....အဲ...မှားပါတယ် နောက်တစ်ယောက် မှားပါတယ်
တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့်ရောက်လာပါတယ်။ ကျွန်တော်
ထရပ်လိုက်ပါတယ်။ အသက် တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။ မှားပါတယ်၊ အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့် နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။ 
     လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့် ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့လိုဘဲ ခံစားနေရမှာကပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။ ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကိုကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာမှာ ဒီလိုတပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။
ကျောင်းမှာ အဲဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။ အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက် ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ.........။ ခက်ထန်တဲ့ အမူအရာတွေ။ ။
     အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေေ၀နဲ့။ လုပ်ငန်းခွင်ထဲမှာ ပြုပြင် ပြောင်းလဲဘို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေ ရှိရင်လည်း ကျွန်တော်ဘာမှ မပြောရဲဘူး။ အပြုဘက်က မြင်ပြီးပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီး သိမြင်နေပါလျှက်ကနဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့ ကျွန်တော်ဘာမှ အကြံမပြုရဲဘူး။ ကျွန်တော့ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ မတောင်းကြဘူးလေ။
     သင်ခဲ့ရတဲ့ ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အဲဒါ ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။ ကျွန်တော့အထက် အဆင့်ဆင့်၊ အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒါကို မှန်တယ် ထင်လာကြရင်ဖြင့်......ဌာန မနာဘူးလား တိုင်းပြည်မနာဘူးလား၊ ပညာရပ်အမြင်နဲ့ ကြည့်ရင် တစ်ကမ္ဘလုံးနဲ့ လူသားအားလုံး နာပါတယ်။ ဒါပေမယ့်....... ကျွန်တော်
အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။
သူ့အမေ လက်ထဲမှာ တုတ်တစ်ချောင်းနဲ့.......
"ဘယ်လိုဖြစ်နေကြတာလဲကွာ" "ဘယ်လိုဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင် မလုပ်ဘဲ ကမြင်းတာလေ၊ ပန်းကန်တစ်လုံး ကွဲပြီ"  "ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ.................................."
"တော်...... စာအုပ်ထဲက ဟာတွေလာပြောမနေနဲ့၊ ပန်းကန်တစ်လုံး ဘယ်လောက် အောက်မေ့လို့လဲ၊ ရှင့် ၀င်ငွေက ဘယ်လောက်..............................." 
ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက် မျက်လုံးများနဲ့ ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။ ဒါပေမယ့် ဖေဖေ့မျက်လုံး တွေကလည်း သားရဲ့ မျက်လုံးတွေလိုဘဲ ဖြစ်နေတာ ကြာပါပြီကောလား သားရယ်.......။
                                                                                                                                           မောင်သစ်ဆင်း
Sunday, 17 June 2012
ဖြေကြည့်ရအောင် 2
ကျွန်တော်လည်း စာမေးပွဲတွေ ပြီးတော့မယ်ဆိုတော့ ပျင်းပျင်းရှိလာတယ်ဗျ
ဒီတော့ ကျွန်တော် ဥာဏ်စမ်းလေး တစ်ခုလောက် မေးကြည့်မယ် 
သိပြီးသားလူတွေကတော့ သည်းခံပေးကြပါ ... :)
ဒီဥာဏ်စမ်းက အမေရိကန် Harvard တက္ကသိုလ်ရဲ့ ၂၀၀၁ခုနှစ်မှာ Institute of
Science ဂုဏ်ထူးတန်းကိုမေးတဲ့ မေးခွန်းလိုဆိုထားပါတယ်။
မေးခွန်းက အကယ်၍
၁= ၅
၂= ၂၅
၃= ၁၂၅
၎= ၆၂၅
၅= ?
လူတော်တွေတက်တဲ့ ဟားဗတ်ရဲ့မေးခွန်းကို ဖြေကြည့်ကြရအောင်...သူငယ်ချင်းတို့အားလုံးမှာ ဟားဗတ် တက်နိုင်
တဲ့ အရည်အချင်းရှိကြပါတယ်။
Friday, 15 June 2012
“စစ်နှင့် စစ်သား”
စစ်ပွဲဟူသည် နိုင်ငံရဲ့ဝါဒကို တစ်နည်းတစ်ဘာသာအားဖြင် ဆက်လက်
အကောင်အထည်ဖော် ကျင့်သုံးခြင်းသာဖြစ်သည်။နိုင်ငံတစ်ခုသည်
မိမိရဲ့ ၀ါဒလမ်းစဥင်္အရ အခြားတိုင်းပြည် တစ်ပြည်ကို လွှမ်းမိုးရန် ကြိုးပမ်းရာတွင်
အခြားနည်းလမ်းဖြင့် မအောင်မြင်သောအခါ လက်နက်အင်အားဖြင့်ဖိ လာတက်သည်။
ထိုနည်းအတူ နိုင်ငံေ၇း အဖွဲ့ အစည်းတစ်ခုသည် မိမိရဲ့ ၀ါဒလမ်းစဥင်္အရ တိုင်းပြည်
အတွင်း လွှမ်းမိုးရန် ကြိုးပမ်းရာ အခြားနည်းလမ်းဖြင့် မအောင်မြင်သောအခါ ထိုတိုင်းပြည်
အစိုးရအား လက်နက်အားကိုးဖြင့် ဖြုတ်ချရန် ကြိုးစားလာတက်သည်။
ထိုအခါ စစ်ပွဲဟူသည် ပေါ်ပေါက်လာရသည်။
မည်သို့ ပင်ဖြစ်စေ စစ်ပွဲ စပြီဆိုသည်နှင့် ပထမဆုံးသော ကျည်ဆန်သည်
ထိုတိုင်းပြည်၏ စစ်သားအား ချိန်ရွယ်ပီး ပစ်လွှတ်လိုက်ခြင်းပင် ဖြစ်သည်။
ထို့ ကြောင့် အရေးအခင်းကို ဦးဆုံးပြေးပီး တွေ့ ရသူသည် စစ်သားပင် ဖြစ်ရသည်။
ထိုစစ်သားအဖို့ မှာတော့ မည်သူက မှားသည်၊ မည်သူက မှန်သည်ဟူသော အချက်သည်
ပြသနာမဟုတ်ပါ။မဟုတ်နိုင်တော့ပါ။
ထိုစစ်သားသိဖို့ ၊ နားလည်ဖို့ ၊ ယုံကြည်ဖို့  တစ်ခုသာရှိသည်။ အဲဒါက မှားသည်ဖြစ်စေ၊
မှန်သည်ဖြစ်စေ ငါ၏ တိုင်းပြည်နှင့် ငါ၏ တပ်မတော်အောင်နိုင်ရေးပဲဖြစ်သည်။
                                                                                                         (တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်)
Sunday, 20 May 2012
ဖြေကြည့်မလား ?
နေ ကျချိန်ညနေခင်း တစ်ခုမှာပေါ့ဗျာ ကျောင်းပရိဝုဏ်ထဲမှာတော့ စာအံသံလေးတွေညံညံစီစီနဲ့ ပေါ့ ။
ဒုတိယတန်း စာသင်ခန်းတစ်ခုထဲမှာ ဆရာက ကလေးတွေကို ကျောင်းဆင်းခါနီး အချိန် ဗဟုသုတအနေနဲ့   
ကမ္ဘာမြေကြီးအကြောင်းပြောပြနေတဲ့ အချိန်ပေါ့။  
“ဒီကမ္ဘာကြီးရဲ့ အလေးချိန်က ဘယ်လောက်လောက်ရှိလဲ ဆရာကြီး” 
မေးခွန်းတစ်ခု ဒုတိယတန်းကျောင်းသား ချာတိတ်က မေးတယ်။ ဆရာလုပ်သူခဗျာ နည်းနည်းတော့ နင်သွား
တာတယ် ရုတ်တရက်ဆိုတော့ ဘယ်ဖြေနိုင်မှာလည်း  ဒါပေမဲ့  ဆရာက  ဆရာပါပဲ ...  :)
 သူသင်ကြားလာခဲ့ရတဲ့ ပညာရေး နည်းစနစ်များထဲက အကောင်းဆုံး နည်းလမ်းကို ထုတ်သုံးလိုက်ပါတယ်။
“ဒီမေးခွန်းက အင်မတန် စိတ်ဝင်စား စရာကောင်းတဲ့  မေးခွန်းပဲ ၊ ကဲ..ဒီတော့ မနက်ဖြန်ကျရင် 
ဒီမေးခွန်းကို  ဘယ်သူ ဖြေနိုင်မလဲဆိုတာ ကြည့်ကြ ရအောင်”
ဆရာဖြစ်သူ ပုစ္ဆာကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းလေးကို လျှပ်တပြတ်လေး စဉ်စားလိုက်တာပါ ။ ဘာပဲဖြစ်ဖြစ်
သူ့ တပည့်တွေရှေ့ မှာတော့ သူ့ ရင်တွေ ကော့နေချင်သေးတာပေါ့ ။ ဒီလိုနဲ့  ညနေ ကျောင်းဆင်းချိန်
ကြိုးစားပန်းစား  ရှာဖွေ ဖတ်ရှုပြီးတော့  သူ အဖြေကို တွေ့သွားပါသည်။ လန်းဆန်းတဲ့ အပြုံးတွေနဲ့ အတူ ။
နောက်တစ်နေ့  ကျောင်းတက်ချိန်မှာတော့ ဆရာဖြစ်တဲ့သူ ကျောင်းသားတွေရှေ့  မတ်မတ်ကြီး ရပ်ပြီးတော့
“ကမ္ဘာကြီးရဲ့ အလေးချိန်ကို သိခဲ့ကြပြီလား တပည့်တို့ ”
ကလေးတွေဆိုတာက ကျောင်းကပြန်ရောက်တာနဲ့ လွယ်အိတ်ကို တိုင်မှာချိတ်ပြီး ကမျင်းကြတဲ့
အမျိုးဆိုတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ဆရာ့ကိုကြည့်လိုက်နဲ့   ဖြေနိုင်သူ နတ္တိ ။
အဲ့အချိန်ကြတော့မှ ဆရာဖြစ်သူဟာ မိန့် မိန့် ကြီးပြုံးလိုက်ပြီး သူ ကြိုးစားပမ်းစား ရှာဖွေတွက်ချက်လာတဲ့
အဖြေကို ဂုဏ်ယူဝံ့ကြွားစွာနဲ့  ပြောပြလိုက်တယ် ...
“  #$%@  #!% ”
သူရဲကောင်း တစ်ယောက်ကိုမြင်လိုက်ရသလို ကလေးတွေရဲ့ လေးစားတဲ့ အကြည့်တွေနဲ့ ၊ ဆရာ့ရဲ့ ပြုံးရွှင်နေ
တဲ့မျက်နှာနဲ့  ၊စာသင်ခန်းလေးဟာ တဒင်္ဂလေး ငြိမ်သက်သွားခဲ့တယ်။တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာက
ကမ္ဘာကြီး ဘယ်လောက်လေးလည်းဆိုတဲ့  မေးခွန်းထုတ်ခဲ့တဲ့ အမောင်ကျောင်းသားကြီးပဲပေါ့။
 သူရဲ့ လက်ညှိုးလေးထောင်ပြီးမေးလိုက်တဲ့ မေးခွန်းကြောင့် 
ဆရာဖြစ်သူခဗျာ ထိုင်ခုံပေါ် အရုပ်ကြိုးပြတ်။
 မေးလိုက်ပုံက ... .. .
 “အဲဒါ လူတွေ အပါအ၀င်လား၊ လူတွေ မပါဘဲနဲ့လား ဆရာကြီး”    
 “ တိန် ”
Sunday, 13 May 2012
ကလေးအတွေး :)
ယုန်ကလေးက နားရွက်ထောင် .. ပညာရှိယောင်ဆောင် ~~~
ကြောင်ကလေးက လက်သည်းဝှက် .. ချောင်းလိုက်ရတဲ့ကြွက် ~~~
ရွှေဇီးကွက်ရဲ့ အိနြေ္ဒ .. ဘုရင်ကြီးလိုနေ ~~~
မိုးလေ၀သဗေဒင်ဟော .. တောက်တဲ့ ကိုလူချော ~~~
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို .. ခေါင်းညိမ့်လှသကို ~~~
ရွှေကျီးညို သာပါစ .. ဧည့်သည်လာပါစ ~~~~~
မေမေဆိုပြဘူးတဲ့ ကဗျာတစ်ချို့ တစ်လေ၊ ပုံပြင် တစ်ပိုင်းတစ်စလေးတွေနဲ့   အပူအပင်မရှိတဲ့ 
ကလေးဘ၀လေးကို တစ်ခါတစ်လေ တမ်းတမိရုံလေးပါပဲ ဒီထက်ဘာမှမပိုခဲ့ပါဘူး ... ... ... ။
တစ်ကယ်လိုများ ဒီကဗျာလေးထဲကလို လူလောကကြီးမှာလည်း ဟန်ဆောင်မှုတွေ
လှည့်စားမှုတွေ အမှန်တကယ်ရှိမှန်း ငယ်ငယ်ကတည်းက သိခဲ့ရင် 
ကျွန်တော် ...   ...   ...
 လူကြီးဖြစ်ချင်ခဲ့မှာ မဟုတ်ဘူး ... ... ... ။                          ။
Friday, 11 May 2012
သ၀န်တိုစိတ် ...
ကိုယ်ချစ်တဲ့သူတယောက်က နောက်တယောက်နဲ့ပျော်နေတာမြင်ရင်
စိတ်ထဲမှာ သ၀န်တိုမိမှာပဲ ....
ကိုယ်မြတ်နိုးတဲ့သူတွေကို သူများတွေက အပြောင်အပျက် ပြောနေရင်
စိတ်ထဲမှာ သ၀န်တိုမိတာပါပဲ ....
ဒါပေမယ့် တွေးကြည့်ဖူးသလား ....
သ၀န်တိုခြင်းဆိုတာ သင်တို့ချစ်ခြင်းရဲ့ ခိုင်မြဲမှုကို ပါးပါးလေး ကပ်လှီးနေတဲ့
ဘလိတ်ဓားတချောင်းဆိုတာ ....
သ၀န်တိုခြင်းရဲ့ တခြားဘက်မှာ ဘာရှိမယ်လို့ သင်တွေးဖူးလဲ ...
အရာရာတိုင်းမှာ Limit ဆိုတာရှိတယ် ....
သိပ်ချစ်လို့ သိပ်သ၀န်တိုတယ် ...
ဖြစ်တတ်တဲ့သဘောတရားတခုပါ ...
မည်သူတဦးတယောက်ကိုမျှ သ၀န်မတိုပါနဲ့လို့ မတားပါဘူး ....
ဒါပေမယ့် တခြားတဖက်မှာ ကိုယ့်ချစ်သူရဲ့ ဂုဏ်သိက္ခာကို ထပ်တူထပ်မျှ
စော်ကားနေတယ်ဆိုတာ သိဖို့လိုအပ်မယ်ထင်ပါရဲ့ ....
ချစ်တဲ့သူတိုင်းကိုပျော်ရွှင်စေချင်ပါတယ် ....
ဘာလို့များ တကွက်ကျော် ... ဒါမှမဟုတ် တကွက်နောက်ကျပီး
မတွေးတတ်ရတာလဲ ..
သိပ်ချစ်လို့လို့တော့ ခေါင်းစဉ်မတပ်ပါနဲ့လား ...
ထိုအရာက သိပ်ချစ်လို့မဟုတ်ပါဘူး ...
သင့်အချစ်အပေါ် သင်သံသယ၀င်နေတာပါ ....
မိမိကိုယ်ကို မလုံခြုံခြင်းက သင့်ချစ်သူကို သင့်အနားကနေ
အဝေးကိုခေါ်သွားစေတယ်ဆိုတာ လူတိုင်းသိသင့်တယ်ထင်ပါတယ် ...
                                                                                                                               By:  Matsuri Pan