Search This Blog

Thursday 22 December 2011

အမြင်ကို အကြည့်ကပဲ ဆုံးဖြတ်ပါတယ်

တစ်ခါက

စစ်သားလူထွက် တစ်ယောက်နဲ့ ဘုန်းကြီးလူထွက် တစ်ယောက် နဲ့ အိမ်နီးနားချင်း ဖြစ်ကြတယ်။

အပြင်လောကမှာ သေချာ ကျွမ်းကျင်စွာ ရှာဖွေ မစားသောက်တတ်တဲ့ သူတွေ ဆိုတော့ သူတို့

အလုပ်လုပ်ရတာ အရမ်းကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ကိုယ့်ဖာသာကိုယ် ကြိုးစားပြီး

ဝီရိယစိုက်ထုတ်လုပ်ကိုင်တော့ သူ့ဖာသာသူ အနည်းငယ်တော့ စုဆောင်းမိကြတယ်။

သူတို့က အိမ်နီးနားချင်းသာ ဖြစ်ကြတာ မေးထူးခေါ်ပြောပဲ အဖြစ်နဲ့ပဲ နေထိုင်ကြတယ်။ ဟက်ဟက်ပက်ပက်

မပေါင်းဖြစ်ကြ။ စစ်သားလူထွက်ကလည်း သူ့ဖာသာသူ လုပ်စရာ ရှိတာတွေကို လုပ်တယ်။ ပြန်လာရင်

ချက်ပြုတ်စားသောက်တယ်။ ဘုန်းကြီးလူထွက် ဘာလုပ်တယ် ဘာကိုင်တယ် ၊ ဘယ်လိုနေတယ် သူ မသိ ၊

စိတ်လည်း မဝင်စား။ ဘုန်းကြီး လူထွက်ကလည်း ဒီလိုပဲ စစ်သားလူထွက် ဘယ်လို နေတယ် ၊ ဘာတွေ

 လုပ်တယ် စိတ်မဝင်စား. ၊ ဒီလိုနဲ့ပဲ သူတို့ နေထိုင်လာကြတယ်။

တစ်နေ့တော့. . . ၊ စစ်သားလူထွက် သူစုဆောင်းထားတဲ့ ရွှေတိုရွှေစ အထုပ်လေး ပျောက်သွားခဲ့တယ်။

သူထားရာ နေရာဝန်းကျင်မှာ ဘယ်လိုမှ ပြန်ရှာလို့ မတွေ့တော့ဘူး။ ဒါနဲ့ သူလည်း စိတ်တွေ အလွန်ရှုပ်ပြီး

သူ့ပစ္စည်းလေးကို ရှာဖို့ အိမ်အပြင်ထွက်လိုက်တော့ သူ့အိမ်ဘေးက ဘုန်းကြီးလူထွက် က မသင်္ကာစရာ

ကုန်းကုန်းကွကွနဲ့ တစ်ခုခုကို ဖွက်နေသလို ၊ တစ်ခုခုကို သိမ်းနေသလို တွေ့လိုက်ရတယ်။

သူ့မှာ သက်သေ မရှိလေတော့ သူ့ပစ္စည်းလေးကို ဘုန်းကြီးလူထွက် ခိုးတာဆိုပြီးလည်း စွပ်စွဲလို့ မဖြစ်။

သက်သေရအောင် သူ ဂရုစိုက်ပြီး ဘုန်းကြီးလူထွက်ကို စောင့်ကြည့်တယ်။ ဘုန်းကြီးလူထွက်ကလည်း

မသင်္ကာစရာ ပုံစံနဲ့ ဟိုဟာလုပ် ဒီဟာလုပ် နဲ့ တစ်ခုခုကို ဖွက်နေသလိုပါပဲ။ ဒီတော့ သူလည်း

ဘုန်းကြီးလူထွက်ဆီက သက်သေတစ်ခုခု မရလေ ပိုပြီး ဒေါသတွေက ထွက်လေ သူက ဘုန်းကြီးလူထွက်ကို

ဘယ်လိုပဲ ကြည့်ကြည့် သူခိုးလို့ပဲ မြင်လေလေပါပဲ။ သူလုပ်သမျှတွေကလည်း သူခိုးတွေ လုပ်ပုံနဲ့

တူနေပြန်တယ်။

ဒါပေမဲ့ ဖြစ်ချင်တော့ မိုးရာသီရောက်တော့မယ် ဆိုတော့ သူတို့ အိမ်ကို ပြင်ဆင်ရင်း ရေတလျှောက်ကို

သန့်ရှင်းရေးလုပ်တော့ သူပျောက်နေတဲ့ ရွှေတိုရွှေစအထုပ်လေး ကိုပြန်တွေ့ရတယ်။ တကယ်တော့

သူရဲ့ ရွှေထုပ်လေးကို အစာမှတ်ပြီး ကြွက်က ချီသွားတာပါ။ နောက်မှ အစာမဟုတ်မှန်းသိတော့

သူရောက်ရာနေရာမှာ ထားခဲ့တော့ ရေတလျှောက်ထဲကို ရောက်နေတာ။ ဒါကို အခုမှ သူက ပြန်တွေ့တယ်။

ဒီအချိန်မှာပဲ သူ ရေတလျှောက်ရှင်းနေသလို ဘုန်းကြီးလူထွက်ကလည်း ဟိုတစ်ဖက်မှာ သူ့ဖာသာသူ

သူလည်း သူ့အိမ်အတွက် ရှင်းလင်းပြင်ဆင်နေတယ်။ ကိုယ့်ပစ္စည်းလေး ပြန်ရတဲ့ စစ်သားလူထွက် က

အခုတော့ သူမြင်နေရတာက ဟိုးအရင် သူပစ္စည်းလေး မပျောက်ခင်ကတည်းက ဘုန်းကြီးလူထွက်ကို

ဘုန်းကြီးလူထွက်လို ပုံစံနဲ့ပဲ ပြန်မြင်မိတယ်။ ဘယ်လိုကြည့်ကြည့် သူခိုးပုံမပေါက်တော့ဘူး။

အဖြစ်အပျက်လေးကတော့ ဒါပါပဲ။

ကျွန်တော်တို့ ကြားဖူးနေကြ စကားလေး အတိုင်းပေါ့..“ ဥစ္စာပျောက် ငရဲရောက်တာပါ။ ”

ကိုယ့်ပစ္စည်းပျောက်တာနဲ့ သူများကို ထင်မိတတ် ၊ မြင်မိတတ်ပါတယ်။ ကိုယ့်ပစ္စည်း

ဘယ်နေရာကို ရောက်နေတယ် ဆိုတာ မသိဘူး။ ဘယ်ဖြစ်နေတာ မသိဘူး။

ဟိုလူ့ကို ထင်မိ ၊ ဒီလူ့ကို စွပ်စွဲမိ ဖြစ်တတ်ပါတယ်။

တကယ်တော့ ကိုယ်ရဲ့ အမြင်အာရုံကို အရောင်ပါသော မှန်တစ်ချပ်နဲ့ ကာထားလိုက်သလိုပါပဲ။ လောကကြီး

ဘယ်လောက်လှပနေပါစေ ဘယ်လိုမှ မမြင်နိုင်တော့ပါဘူး။ အရောင်ပါတဲ့ မှန်ကို ဖယ်ပြီး လောကကြီးကို

လက်ရှိအတိုင်း ကြည့်တတ်မှသာ အရာရာကို အမှန်အတိုင်းမြင်ပါလိမ့်မယ်။

ဒါကြောင့် လူတစ်ယောက်အပေါ် မိမိ ဘယ်လို မြင်တယ် ဆိုတာ သူ့ကို သင် ဘယ်လို အကြည့်နဲ့ 

ကြည့်လိုက်တယ် ဆိုတဲ့ အပေါ်မှာ မူတည်ပါလိမ့်မယ်။ ”



0 comments:

Post a Comment

ဖြတ်သန်းမှုများထဲမှာ အတွေ့အကြုံသာမရရှိဘူးဆိုလျှင်
ကျွန်ုပ်တို့သည် ကလေးများသာဖြစ်မည်ထင်သည် ... :)